ကိုယ့်ကိုယ့်ကို လေးစားပါ သူတစ်ပါးကိုလဲ လေးစားပါ

တရားတယ်၊မတရားဘူးဆိုတာကိုသိတဲ့ဉာဏ် မင်းမှာရှိပါတယ်၊၊ အဲဒီအသိဉာဏ်ကိုမလေးစားရင် မင်းကိုယ်မင်းမလေးစားဘူးလို့ ဆိုရမယ်၊၊ မင်းကိုယ်မင်းမလေးစားရင် မင်းဘဝဟာ ဘာအဓိပ္ပါယ်ရှိသေးသလဲ၊၊ ဘဝမှာအောင်မြင်တဲ့လူတယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုလေးစားနိုင်တဲ့လူတယောက် ဖြစ်အောင်နေဖို့လိုတယ်၊၊

ပစ္စည်းဥစ္စာချမ်းသာဖို့ ကျော်ကြားဖို့ထက် ကိုယ့်ကိုယ်ကိုလေးစားနိုင်တဲ့သူ၊ သူတပါးရဲ့ထိုက်ထိုက်တန်တန်လေးစားတာကိုခံရတဲ့သူဖြစ်အောင်ကြိုးစားတာက အားလုံးအတွက်ပိုအကျိုးများတယ်၊၊

လူတယောက်ဟာ သူ့ကိုယ်သူမှလေးစားမှုမရှိတော့ဘူးဆိုရင် သူ့မှာဘာမှမရှိတော့ဘူး၊၊

တကယ်လေးနက်တဲ့စိတ်ချမ်းသာမှုကိုလိုချင်ရင် ကိုယ့်ကိုယ်ကိုလေးစားတဲ့သူဖြစ်အောင် နေဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုလေးစားတဲ့စိတ်ဟာ ချမ်းသာတဲ့စိတ်ဖြစ်တယ်၊၊ ကိုယ့်ကိုယ်ကိုမလေးစားနိုင်တဲ့သူဟာ စိတ်ချမ်းသာနိုင်မလား၊၊ စစ်မှန်တဲ့စိတ်ချမ်းသာမှုမျိုးကို ဘယ်လိုမှမရနိုင်ဘူးနော်၊၊

ကိုယ့်ကိုသူများမလေးစားတာက ဒါလောက်မဆိုးသေးဘူး၊၊ ကိုယ့်ကိုယ်ကို ကိုယ်အထင်သေးသွားတာ၊ ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှုမရှိတော့တာ အကြီးမားဆုံးဆုံးရှုံးမှုပဲ၊၊ ကိုယ့်ကိုယ်ကိုကိုယ်လေးစားမှုမရှိတဲ့သူဟာ တကယ်စိတ်ချမ်းသာတဲ့သူမဖြစ်နိုင်ဘူး၊၊ တနေ့တခြား ကိုယ့်ကိုယ်ကိုယ်လေးစားမှုတိုးနေအောင် နေသွားနိုင်မှသာ ကိုယ့်ဘဝကိုကိုယ်အားရကျေနပ်မယ်၊၊ သူများအထင်ကြီးတာ၊အထင်သေးတာ သိပ်အရေးမကြီးလှဘူး၊၊ သူတို့စိတ်ထဲမှာခဏပေါ်လာတဲ့ အတွေးတခုပါပဲ၊၊

ငါ့ကိုယ်ငါလေးစားမှုရှိနေသေးသမျှ သူများဘယ်လိုထင်တယ်ဆိုတာ ကြောင့်ကျစိုက်နေဖို့မလိုဘူး၊၊

ကိုယ့်ရဲ့ဉာဏ်ပညာ၊ ကိုယ့်ရဲ့လုံ့လဝရိယ၊ ကိုယ့်ရဲ့တာဝန်ယူမှုမပါပဲနဲ့ တနည်းနည်းနဲ့ လွယ်လွယ်ကူကူသက်သက်သာသာနဲ့…. တခုခုရခဲ့ရင် အဲဒီဟာကိုရလိုက်တာနဲ့တပြိုင်နက် နောက်တခုကတော့ဆုံးရှုံးသွားတာသေချာတယ်၊၊ အဲဒီဆုံးရှုံးသွားတဲ့နောက်တခုဆိုတာက ပိုပြီးတော့တန်ဖိုးရှိတယ်၊၊

မကောင်းတာဟာအောက်တန်းကျတယ်၊၊ အဆင့်အတန်းနိမ့်တယ်၊၊ မကောင်းတာကိုလုပ်တာဟာ ကိုယ့်ကိုယ်ကိုကိုယ် အောက်တန်းကျအောင်လုပ်လိုက်တာပဲ၊၊ အဲဒါဟာ ကိုယ့်ကိုယ်ကိုကိုယ် ရက်စက်တာပဲ၊၊ မကောင်းတာကိုလုပ်မိလို့ရှိရင် ကိုယ့်ကိုယ်ကိုကိုယ် မလေးစားနိုင်တော့ဘူး၊၊
လုပ်သင့်တာကိုမလုပ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုလေးစားမှု နည်းသွားတယ်၊၊ အဲဒါ သူများတော့မသိဘူး၊၊ ကိုယ်ပဲသိတယ်၊၊ လုပ်သင့်တာကိုလုပ်နိုင်ပါရက်နဲ့ မလုပ်ပဲနေရင်လည်း ကိုယ့်ကိုယ်ကိုလေးစားမှု နည်းသွားတယ်၊၊ ဒါကြောင့် လုပ်သင့်တာကိုလည်းလုပ်ရမယ်၊၊ မလုပ်သင့်တာကိုလည်းမလုပ်မိအောင် ထိန်းသိမ်းစောင့်စည်းရမယ်၊၊ ဒါမှသာ မိမိကိုယ်ကိုလေးစားနိုင်မယ်၊၊

မလုပ်သင့်တာကိုမလုပ်မိအောင် ထိန်းသိမ်းစောင့်စည်းရမယ်၊၊ မလုပ်သင့်တာကိုလုပ်မိလို့ ရှက်နေတယ်၊ နောင်တဖြစ်နေတယ်ဆိုရင် စိတ်မှာ ကြည်လင်အေးချမ်းမှုမရှိဘူး၊၊ စိတ်မချမ်းသာဘူး၊၊ ကိုယ့်အမှားကိုကိုယ် ထပ်ခါထပ်ခါတွေးနေမယ်၊၊ သို့မဟုတ်ရင် မေ့ဖို့ကြိုးစားတဲ့အနေနဲ့ တခြားကိုစိတ်လမ်းလွှဲနေရင် စိတ်ဟာ လွတ်လပ်မှုမရှိဘူး၊၊ စိတ်ကမလွတ်လပ်တော့လို့ တခြားတန်ဖိုးရှိတဲ့ကိစ္စတွေလုပ်ဖို့ စိတ်မအားတော့ဘူး၊၊ တန်ဖိုးရှိတဲ့၊လေးနက်တဲ့၊သိမ််မွေ့တဲ့ကိစ္စတွေလုပ်ဖို့ စိတ်မှာအင်အားမရှိတော့ဘူး၊၊ ပညာရေးနဲ့ပတ်သက်တာတွေ၊ လူမှုရေးနဲ့ပတ်သက်တာတွေ၊ ကုသိုလ်ရေးနဲ့ပတ်သက်တာတွေကိုလုပ်ဖို့ စိတ်မှာအင်အားမရှိဘူး၊၊ နောင်တနဲ့ရှက်ရတဲ့အထဲမှာပဲ စိတ်ကချောင်ပိတ်မိနေပြီ၊၊

ကိုယ့်ကို နှိမ်နိုင်တဲ့အစွမ်းရှိတဲ့သူ၊ ရှုံ့ချနိုင်တဲ့သူဟာ ဒီလောကမှာတစ်ယောက်ပဲရှိတယ်၊၊ အဲဒီသူဟာ ကိုယ်ပဲ၊၊ တခြားသူမဟုတ်ဘူး၊၊

ကိုယ်ကသာ တကယ်စည်းကမ်းနဲ့ကိုယ့်ဘဝကိုနေမယ်၊ လုပ်သင့်တာကိုလုပ်မယ်၊ မလုပ်သင့်တာကိုမလုပ်ဘူး၊ ပြောသင့်တာကိုပြောမယ်။ မပြောသင့်တာကိုမပြောဘူး၊ တရားနဲ့အညီနေမယ်၊ စိတ်ချမ်းချမ်းသာသာနေမယ်၊ စိတ်တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေမယ်ဆိုရင် ပတ်ဝန်းကျင်ကကိုယ့်ကိုလေးစားမှာပါ။ အဲဒါ သေချာပါတယ်နော်။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်နဲ့တန်ရင် ကိုယ့်ကိုနေရာပေးပါတယ်။ မတန်ရင်တော့ မပေးဘူးနော်။ တကယ်တန်ရင် မလိုချင်ဘူးဆိုလို့တောင်မရဘူး။ တောင်းတောင်းပန်ပန်တောင် ကိုယ့်ကိုနေရာပေးမှာပါ။

သူများကိုလွှမ်းမိုးချင်စိတ်၊ ချယ်လှယ်ချင်စိတ်မရှိတဲ့သူကို လူတွေက ပိုပြီးယုံယုံကြည်ကြည်ချဉ်းကပ်တယ်။ အဲဒီလိုလူရဲ့အကြံဉာဏ်နဲ့စိတ်ကူးတွေကိုလည်း ပိုပြီးတော့လေးလေးစားစားနားထောင်တယ်။ ကိုယ်ကမလွှမ်းမိုးချင်မှ ကိုယ့်စကားကို ပိုပြီးလေးစားတယ်၊ ကိုယ့်ကိုပိုချစ်တယ်၊ ပိုတန်ဖိုးထားတယ်၊ ပိုယုံကြည်တယ်။

အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်ချမ်းသာမှုမရှိနိုင်ဘူး။ နိုင်တဲ့သူလည်း စိတ်မအေးချမ်းဘူး။ ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်မရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားပြောရတာ၊ဆက်ဆံရတာ ပိုပြီးစိတ်ချမ်းသာတယ်။
ကိုယ့်မိဘ မိရိုးဖလာအတွေးအခေါ်အယူအဆထဲက ယူသင့်တာကိုယူရမယ်။ ရာခိုင်နှုန်းပြည့် အမွေခံလို့ မရဘူး။ ဒါပေမယ့် ဘယ်ဟာကိုယူသင့်သလဲဆိုတာ ဘယ်လိုလုပ်ဆုံးဖြတ်မလဲ။ ယူသင့်တာကိုယူတဲ့အခါမှာတောင်မှ ဒါဟာ ကောင်းတယ်မှန်တယ်အကျိုးများတယ်လို့ ကိုယ်တိုင်သိလို့ယူလိုက်တာပဲဖြစ်ရမယ်။ သူတို့နဲ့လည်းပဋိပက္ခမဖြစ်ဘဲနဲ့ ကိုယ့်ဟာကိုယ်လည်းပဲကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်ဘဝကိုကိုယ့်ဟာကိုယ်တည်ဆောက်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ တော်တော်ကိုစဉ်းစားရမယ်။ ဒါဟာ အင်မတန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်။ သို့သော် အဲဒီခက်ခဲတာကိုမှ စိတ်အေးအေး၊ သဘောထားကြီးကြီး၊ ဉာဏ်ကြီးကြီးနဲ့လုပ်သွားမှသာ ကိုယ်ပိုင်အတွေးအခေါ်အယူအဆ၊ ကိုယ်ပိုင်ခံယူချက်ဆိုတာရှိလာပြီးတော့ ကိုယ့်ဘဝကိုလည်းကိုယ်ကျေနပ်မှုရမယ်၊ ကိုယ့်ကိုယ်ကိုလည်းကျေနပ်မှုရမယ်။ ကိုယ်လုပ်တဲ့ကိစ္စဟာ တကယ်ကိုယ့်ရင်ထဲနှလုံးသားထဲက ဖြစ်ပေါ်လာတဲ့စေတနာနဲ့လုပ်တာဆိုပြီး ကိုယ်ကိုယ်တိုင်ခံစားရပြီးတော့ ကိုယ့်ကိုယ်ကိုကျေနပ်မှုရမယ်။ ကိုယ့်ကိုယ်ကိုလေးစားမှုလည်းရမယ်။ အဲဒီတော့ ရေလိုက် ငါးလိုက်၊ wishy-wishy ဖြစ်နေတဲ့လူကတော့ ကိုယ့်ကိုယ်ကိုလေးစားမှုဆိုတဲ့ self-respect ရဖို့ မလွယ်ဘူး၊၊

လူဟာ တော်တော်ကောင်းချင်တဲ့သတ္တဝါပါ။ ကောင်းချင်တဲ့စိတ် ရှိတယ်။ ကိုယ့်အမှားလေးတွေကိုရှာပြီး ပြင်လိုက်တဲ့အခါမှာ ကိုယ့်စိတ်ထားပိုကောင်းလာတဲ့အခါ သိပ်ကျေနပ်ပါတယ်။ ကိုယ့်စိတ်ထားအဆင့်အတန်းမြင့်သွားတဲ့အခါ၊ ကိုယ့်အသိဉာဏ်အဆင့်အတန်းမြင့်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုလေးစားမှု(self-respect) ပိုပြီးတက်လာတယ်။

လူတိုင်းမှာ ကိုယ့်ဉာဏ်ကိုကိုယ်သုံးရမယ့် တာဝန်ရှိတယ်၊ ကိုယ့်ဉာဏ်ကိုကိုယ်သုံးရမယ့် အခွင့်အရေးရှိတယ်။ ကိုယ့်ဉာဏ်ကိုကိုယ်သုံးနိုင်မှ ကိုယ့်ကိုယ်ကိုကိုယ်လေးစားနိုင်မယ်။

ကိုယ့်ကိုယ်ကိုလေးစားမှုမရှိတဲ့သူ၊ သူများကလည်းကိုယ့်ကိုမလေးစားဘူးလို့ခံစားရတဲ့သူဟာ အဲဒါကိုခံရခက်လို့ ကိုယ့်ကိုသူများကြောက်အောင် ဒေါသကြီးကြီးနဲ့ ပြောဆိုဆက်ဆံတတ်တယ်။ ကြောက်တာကိုရတာဟာ လေးစားမှုအတုကိုရတာဖြစ်တယ်။ လေးစားမှုအစစ်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုလေးစားတဲ့သူ၊ သူတစ်ပါးရဲ့လေးစားမှုကိုလည်း ထိုက်ထိုက်တန်တန်ရတဲ့သူဟာ စိတ်ချမ်းသာတယ်။ စိတ်အေးချမ်းတယ်။

ကိုယ့်ကိုယ်ကိုလေးစားနိုင်တဲ့သူ၊ သူတစ်ပါးကိုလည်းလေးစားတဲ့သူ၊ သူတစ်ပါးရဲ့လေးစားမှုကိုလည်း ထိုက်ထိုက်တန်တန်ခံရတဲ့သူဟာ လောကကိုအကျိုးပြုတဲ့သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်းလေးစားမှုရှိအောင်၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ကိုယ့်ကိုလေးစားလာအောင် လူတိုင်းကြိုးစားပြီးနေရင် ဒီလောကကြီးဟာ ပျော်စရာကောင်းတဲ့လောကကြီးဖြစ်မယ်။

ကိုယ့်ကိုယ်ကိုလေးစားမှုရှိတဲ့သူဟာ ရေရှည်မှာအကျိုးများမယ့်ကိစ္စတွေကို ဦးစားပေးပြီးလုပ်ရမယ်။ အမြှော်အမြင်ရှိတဲ့သူဟာ သူများရဲ့လေးစားမှုကိုလည်းခံရတယ်။ ဒါကြောင့် ခဏလောက်ပျော်ရမည့်ကိစ္စ၊ အပျင်းပြေမည့်ကိစ္စမျိုးကို ဦးစားမပေးဘဲအောင့်နိုင်ရမယ်။
လူ့အသိုင်းအဝိုင်းကြီးကိုကောင်းအောင်လုပ်ချင်ရင် ကိုယ့်ကိုယ့်ကိုလည်းလေးစားဖို့လိုတယ်။ သူတစ်ပါးကိုလည်းလေးစားဖို့လိုတယ်။ ဂုဏ်သိက္ခာရှိတဲ့ဆက်ဆံရေးမျိုးဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့လိုတယ်။ ဒီလို ဂုဏ်သိက္ခာရှိရှိ၊ dignity ရှိရှိ ဆက်ဆံတတ်သွားရင် ဆက်ဆံရေးတွေဟာ ပိုပြီးကျေနပ်စရာကောင်းမယ်။ ဘဝဟာလည်း ပိုပြီးကျေနပ်စရာကောင်းမယ်။ ဒီလိုလူတွေများတဲ့လူ့အသိုင်းအဝိုင်းဟာ အဆင့်မြင့်တဲ့လူ့အသိုင်းအဝိုင်းဖြစ်မယ်။

ကိုယ့်ကိုယ်ကိုလေးစားတဲ့သူ၊ လူအများကိုလည်းလေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန်ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်းပိုအေးချမ်းတယ်၊ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအဝိုင်းရဲ့ကျက်သရေဆောင်ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလို့ သူတစ်ပါးကိုအသိအမှတ်ပြုနိုင်တာ၊ လေးစားနိုင်တာ၊ ယုံကြည်နိုင်တာ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *