
ပုပ်ရဟန်းမင်းကြီး လီယိုက လူကုန်ကူးမှုကို ‘လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု’ အဖြစ် ရှုတ်ချ။

၁၂ ကြိမ်မြောက် ကမ္ဘာ့လူကုန်ကူးမှုဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ဤ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ကြီးလေး သော ရာဇဝတ်မှု” ကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အဆုံးသတ်ရန် ကက်သလစ်အသင်းတော်၏ ကတိကဝတ် ကို ထပ်လောင်းအတည်ပြုခဲ့သည်။
Devin Watkins ရေးသားသည်။
၁၂ ကြိမ်မြောက် ကမ္ဘာ့လူကုန်ကူးမှုဆန့်ကျင်ရေး ဆုတောင်းပတ္ထနာနှင့် အသိပညာပေးနေ့ မတိုင်မီတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကျွန်ုပ်တို့၏ အွန်လိုင်းလူမှုအဖွဲ့အစည်းများကြား ပိုမိုဆိုးရွားသော ပုံစံများဖြင့် ဖြစ်ပေါ်နေသည့် ခေတ်သစ်ကျွန်ပြုမှု ဘေးဆိုးကို ရှုတ်ချလိုက်သည်။
ဖေဖော်ဝါရီလ ၈ ရက်၊ တနင်္ဂနွေနေ့တွင် ကျရောက်မည့် ကမ္ဘာ့နေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီးက “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ဤကြီးလေးသော ရာဇဝတ်မှုကို ရင်ဆိုင် ဖြေရှင်းရန်နှင့် အဆုံးသတ်ရန်” အသင်းတော်၏ အရေးကြီးသော တိုက်တွန်းချက်ကို အသစ်တဖန် ထုတ် ပြန်ခဲ့သည်။
ကိုယ်တော်က ရှင်ပြန်ထမြောက်သော ခရစ်တော်၏ “သင်တို့၌ ငြိမ်သက်ခြင်း ရှိပါစေသတည်း” ဟူသော နှုတ်ခွန်းဆက်စကားကို အလေးပေးဖော်ပြခဲ့ပြီး၊ ဤစကားလုံးများသည် “လူသားမျိုးနွယ်သစ်ဆီသို့ လျှောက်လှမ်းရာ လမ်းစဉ်” ကို ပေးဆောင်နေကြောင်း မိန့်ကြားခဲ့သည်။
“စစ်မှန်သော ငြိမ်သက်ခြင်းသည် လူသားတိုင်း၏ ဘုရားသခင်ပေးသနားထားသော ဂုဏ်သိက္ခာကို အသိအမှတ်ပြုခြင်းနှင့် ကာကွယ်ခြင်းမှ စတင်ပါသည်” ဟု ကိုယ်တော်က ဆိုသည်။ “သို့သော် အကြမ်း ဖက်မှုများ မြင့်တက်နေသည့် ယနေ့ခေတ်ကာလတွင် လူအများစုသည် မိမိတို့၏ အုပ်စိုးမှုကို အတည် ပြုရန်အတွက် လက်နက်များမှတစ်ဆင့် ငြိမ်သက်ခြင်းကို ရှာဖွေရန် သွေးဆောင်ခြင်း ခံနေကြရသည်။”
လူသားတို့သည် နိုင်ငံရေး သို့မဟုတ် စီးပွားရေး အကျိုးအမြတ်များအတွက် စတေးခံနေရပြီး၊ စစ်ပွဲ များတွင် ဘေးထွက်ဆိုးကျိုးများအဖြစ်သာ သတ်မှတ်ခံနေရသည်ကို စိတ်မကောင်းစွာ မြွက်ကြား ခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများနှင့် ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများသည် လူကုန်ကူးသူများအတွက် ရွှေ့ပြောင်းသွားလာနေသူများကို ခေါင်းပုံဖြတ်ရန် အခွင့်အရေးများ ဖန်တီးပေးနေသောကြောင့်၊ လူ့အသက်ကို အလေးမထားသည့် ဤလုပ်ရပ်များကပင် လူကုန်ကူးမှုကို အားပေးအားမြှောက် ပြုနေခြင်းဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက ဆိုသည်။
“ဤပျက်စီးနေသော စံနှုန်းများအတွင်း အမျိုးသမီးများနှင့် ကလေးငယ်များသည် ဤရက်စက် ကြမ်း ကြုတ်သော ကုန်သွယ်မှု၏ ဒဏ်ကို အများဆုံး ခံစားနေရသည်” ဟု ကိုယ်တော်က မိန့်ကြားသည်။
ဆက်လက်၍ ပုပ်ရဟန်းမင်းကြီးက လူသားများအား အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားကာ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းနှင့် ငွေကြေးလိမ်လည်မှုကဲ့သို့သော ရာဇဝတ်မှုများတွင် ခိုင်းစေသည့် “ဆိုက်ဘာကျွန်ပြုမှု” (Cyber Slavery) မြင့်တက်လာမှုကို မှတ်ချက်ပြုခဲ့သည်။
“သားကောင်ဖြစ်ရသူသည် ရာဇဝတ်မှုကျူးလွန်သူအဖြစ် သရုပ်ဆောင်ရန် အတင်းအဓမ္မ ခိုင်းစေ ခြင်းခံရပြီး ၎င်းတို့၏ စိတ်ဝိညာဉ်ဒဏ်ရာများကို ပိုမိုနက်ရှိုင်းစေသည်” ဟု ကိုယ်တော်က ဆိုသည်။ “ဤအကြမ်းဖက်မှု ပုံစံများသည် သီးခြားဖြစ်ရပ်များမဟုတ်ဘဲ ခရစ်တော်ကဲ့သို့ မည်သို့ချစ်ရမည်ကို မေ့လျော့နေသော ယဉ်ကျေးမှုတစ်ခု၏ လက္ခဏာရပ်များသာ ဖြစ်သည်။”
ထိုကဲ့သို့သော နာကျင်မှုများနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ခရစ်ယာန်များသည် ဆုတောင်းခြင်းနှင့် အသိပညာပေးခြင်းတို့ကို အားကိုးရမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။
ဆုတောင်းခြင်းသည် မတရားမှုနှင့် လျစ်လျူရှုမှုများကို တွန်းလှန်ရန် ခွန်အားပေးသည့် “မီးတောက် ငယ်လေး” ဖြစ်ပြီး၊ အသိပညာရှိခြင်းက လူမှုအသိုင်းအဝိုင်းနှင့် ဒစ်ဂျစ်တယ်နယ်ပယ်များရှိ ခေါင်းပုံ ဖြတ်စနစ်များကို ခွဲခြားသိမြင်ကာ ကျော်လွှားနိုင်ရန် ကူညီပေးကြောင်း ကိုယ်တော်က မှတ်ချက် ပြုခဲ့ သည်။
“အဆုံးစွန်အားဖြင့်၊ လူကုန်ကူးမှု၏ အကြမ်းဖက်မှုကို လူသားတိုင်းအား ဘုရားသခင်၏ ချစ်မြတ် နိုးအပ် သော သားသမီးများအဖြစ် ရှုမြင်သည့် အမြင်သစ်တစ်ခုဖြင့်သာ ကျော်လွှားနိုင်ပါလိမ့်မည်” ဟု ကိုယ်တော်က ဆိုသည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က လူကုန်ကူးမှု ခံရသူများကို ကူညီပေးနေကြသော လူပုဂ္ဂိုလ်များနှင့် ကွန်ရက်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ထိုသူများထဲတွင် လူကုန်ကူးမှုမှ လွတ်မြောက် လာသူများ ကိုယ်တိုင်လည်း ပါဝင်နေကြသည်။
နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးက ကမ္ဘာ့လူကုန်ကူးမှုဆန့်ကျင်ရေး ဆုတောင်းပတ္ထနာနှင့် အသိ ပညာပေးနေ့ကို စိန့်ဂျိုးဇဖင်း ဘာခီတာ (St. Josephine Bakhita) ၏ ကြားဝင်ဆုတောင်းပေးမှုတွင် အပ်နှံခဲ့သည်။ သူမ၏ ဘဝသည် “သူမကို အဆုံးတိုင်အောင် ချစ်တော်မူသော ထာဝရဘုရား၌ ခိုင်မာသော မျှော်လင့်ချက်၏ သက်သေ” ဖြစ်ကြောင်း ကိုယ်တော်က မိန့်ကြားခဲ့သည်။
“ငြိမ်သက်ခြင်းဆိုသည်မှာ စစ်ပွဲများမရှိရုံသာမက၊ လူသားအားလုံး၏ ဂုဏ်သိက္ခာကို အပြည့်အဝ လေးစားမှုအပေါ် အခြေခံသည့် ‘လက်နက်မဲ့၍ အကြမ်းမဖက်သော’ ငြိမ်သက်ခြင်းရှိရာ ကမ္ဘာဆီသို့ ကျွန်ုပ်တို့အားလုံး အတူတကွ လျှောက်လှမ်းကြပါစို့။”
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

