ကိုယ့်ကိုယ်ကို ယုံကြည်မှု

တစ်ဖက်သားက ငါ့ကိုလေးစားရဲ့လား၊ တန်ဖိုးထားရဲ့လား၊ ကိုယ်ချင်းစာရဲ့လားဆိုတာ လူတိုင်းပဲတွေးနေတတ်တယ်။ ကလေးဘဝထဲက ပတ်ဝန်းကျင်ကလူတွေလေးစားတာ၊ တန်ဖိုးထားတာ၊ အသိအမှတ်ပြုတာ၊ ကိုယ်ပြောချင်တာကို အချိန်ပေးပြီးတော့နားထောင်တာကို သိပ်လိုချင်တယ်။ ဒါဟာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးတဲ့လိုအပ်ချက်ပဲ။ အကယ်၍အဲဒါကိုမရခဲ့ရင် အဲဒီလူဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု နည်းမယ်၊ အားငယ်မယ်၊ မပြောရဲမဆိုရဲဖြစ်မယ်။ သို့မဟုတ်ရင်ဒေါသကြီးမယ်။ သူပြောချင်တာကိုလူတွေဂရုစိုက်အောင် အကြမ်းနည်းနဲ့လုပ်မယ်။ ပြေလည်တဲ့ဆက်ဆံရေးပုံစံကို မလုပ်တတ်ဘူး။ အနိုင်ရမှကျေနပ်မယ်။ ဒါကြောင့် လူတွေတစ်ယောက်ကိုတစ်ယောက် အလေးဂရုပြုတဲ့အလေ့အကျင့်ကို ငယ်ငယ်ကတည်းကလုပ်သင့်တယ်။ သင်ပေးသင့်တယ်။

အားလုံးပဲ(လူဖြစ်ဖြစ်၊တိရစ္ဆာန်ဖြစ်ဖြစ်) သူ့တည်ကြည်ခန့်ညားမှုနဲ့သူ ရှိစေချင်တယ်။ ကလေးလေးကအစ၊ ဘယ်လောက်ငယ်တဲ့ကလေးလေးပဲဖြစ်ဖြစ် သူ့မှာ သူ့တည်ကြည်မှုနဲ့သူရှိပါတယ်။ သူတစ်ပါးကို မလေးမစားအနိုင်ယူတဲ့သဘောမျိုး၊ အနိုင်ကျင့်တဲ့သဘောထားအပြောအဆို၊အမူအယာမျိုး မလုပ်သင့်ဘူး။ သတိ၊သမာဓိနဲ့နေသွားတဲ့သူဟာ စိတ်ထဲမှာဖြစ်နေတာကို အမြဲတမ်းသိနေတဲ့အတွက်ကြောင့် ကိုယ်ကိုယ်တိုင်တည်ကြည်မှုအပြည့်နဲ့ သိက္ခာရှိရှိနေချင်သလို သူတစ်ပါးကိုလည်း လေးလေးစားစားဆက်ဆံချင်တယ်။ နောက်တစ်ချက်.. အင်မတန်နက်နဲသိမ်မွေ့တဲ့အချက်က သူတစ်ပါးကို မလေးမစားဆက်ဆံလိုက်ရပြီဆိုရင် အဲဒီလိုဆက်ဆံတုန်းမှာ ကိုယ့်စိတ်ကိုပြန်ကြည့်လိုက်စမ်းပါ။ အင်မတန်ခံရခက်တယ်။ ကိုယ့်ကိုယ်ကိုအထင်သေးသွားတယ်၊ ကိုယ့်ကိုယ်ကိုလေးစားမှုလည်း လျော့သွားတယ်ဆိုတာတွေ့ရလိမ့်မယ်။ ဒါကြောင့် If I devalue you, I devalue myself. သူတစ်ပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုယ်ကိုပါတန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကိုမလေးမစားဆက်ဆံပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်လေးစားလို့ မရတော့ဘူး။

ဘဝသံသရာကြီးရှည်လွန်းလို့ မတော်စပ်ခဲ့ဖူးတဲ့သူရယ်လို့မရှိဘူးလို့ ဘုရားဟောထားတယ်။ ဘဝသံသရာအမြင်ကိုသိထားလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့နေရာမှာ ပိုပြီးတော့လေးစားမှုရှိတယ်။ ပိုပြီးတော့နူးညံ့မှုရှိတယ်။ ပိုပြီးတော့နားလည်နိုင်၊ခွင့်လွှတ်နိုင်တယ်။ သည်းခံနိုင်တယ်။ တစ်ယောက်အကျိုးကိုတစ်ယောက် ပိုပြီးဆောင်ရွက်နိုင်တယ်။ ဒီလိုသဘောထားမျိုးမရှိရင် အတ္တစွဲကြီးတယ်။ သူ၊ငါ, အထက်၊အောက် ခွဲခြားမှုတွေအများကြီးရှိတယ်။ အထင်လည်းမကြီး၊အထင်လည်းမသေးဘဲနဲ့ လေးစားမှုအပြည့်ရှိတဲ့သဘောထားတွေဖြစ်လာအောင် ဘဝသံသရာဆိုတာကို ခံစားနိုင်အောင်လုပ်ပါ။
သန့်ရှင်းဖို့၊သပ်ရပ်ဖို့ဆိုတာ ငွေကုန်ကြေးကျအများကြီးခံမှ လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဆန္ဒရှိရင်၊ဝီရိယရှိရင် ကိုယ့်ကိုယ်ကိုလည်း သန့်ရှင်းအောင်၊သပ်ရပ်အောင်နေလို့ရတယ်။ ကိုယ်နေတဲ့နေရာ၊ကိုယ်နေတဲ့အိမ်ဝိုင်း၊ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင်၊သပ်ရပ်အောင်လုပ်လို့ရတယ်။ ဒါမှ ကိုယ့်ကိုယ်ကိုလေးစားမှုရှိမယ်။

ဘယ်လောက်ပဲပညာတတ်နေတတ်နေ၊ စိတ်ထားမကောင်းဘူး၊ အကျင့်စာရိတ္တမကောင်းဘူး၊ ခန္ဓာကိုယ်မသန့်ရှင်းဘူး၊ နေထိုင်တဲ့ပတ်ဝန်းကျင်လည်းမသန့်ဘူးဆိုရင် လူ့အဖိုးတန်လို့ပြောလို့မရဘူး။

သူများအကူအညီကိုများများယူတဲ့သူဟာ အရည်အချင်းမထွက်တော့ဘူး။ လူငယ်တွေကို အထူးသဖြင့်ပြောချင်ပါတယ်။ ဖြတ်လမ်းကို ဘယ်တော့မှမလိုက်ပါနဲ့။ သူများဆီကအကူအညီကို တကယ်ယူသင့်တဲ့အခါမှာ အနည်းဆုံးယူပါ။ မယူမဖြစ်တဲ့အကူအညီလောက်ကိုပဲယူပါ။ ကိုယ့်ကိုယ်ကို အများဆုံးအားကိုးပါ။ အဲဒါမှသာ ရေရှည်မှာ အဲဒီစိတ်ဓာတ်နဲ့လုပ်သွားလို့ရှိရင် အသက်ကြီးလေ ပိုပြီးတော့အရည်အချင်းတွေ၊အသိဉာဏ်တွေ၊စိတ်ထားတွေ မြင့်လေဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုကိုယ်ယုံကြည်တဲ့သူ အားကိုးတဲ့သူ လေးစားတဲ့သူ တန်ဖိုးထားတဲ့သူ ချစ်တဲ့သူ စိတ်ထားမြင့်တဲ့သူ အသိဉာဏ်မြင့်တဲ့သူ ဖြစ်မှာ။
ငါ အားငယ်တတ်တယ်၊ကြောက်တတ်တယ်ဆိုပြီး ကိုယ့်ကိစ္စတွေကိုသူများလုပ်ပေးအောင် ပြောတတ်တဲ့သူဟာ အားငယ်ရတဲ့ဘဝ၊ကြောက်ရတဲ့ဘဝကနေ တက်မလာနိုင်တော့ဘူး။

လွယ်တာကိုမှလုပ်ချင်တဲ့သူဟာ ရေရှည်မှာခက်တာတွေဟာ ကြာလေများလေဖြစ်လာတယ်။ ခက်တာကိုမှလုပ်ချင်တဲ့သူအတွက် ခက်တာတွေက ကြာလေနည်းလေဖြစ်သွားမှာပါ။ ကိုယ့်တာဝန်ကိုကိုယ်ယူရတာ ခက်ပါတယ်နော်။ ဒါပေမယ့် ကိုယ့်တာဝန်ကိုကိုယ်တကယ်ယူတဲ့သူဟာ ကြာလေလေ သူ့ဘဝဟာအဆင်ပြေလေလေပဲ။ တာဝန်ကိုပိုပြီးတော့ယူနိုင်လေလေ ဖြစ်သွားတယ်။ ကိုယ့်တာဝန်ကိုကိုယ်မယူဘဲနဲ့ ကိုယ့်တာဝန်ကို သူများလက်ထဲထည့်လို့ရှိရင် ကိုယ့်ဘဝပါ သူများလက်ထဲရောက်သွားမယ်။ ဘဝပျောက်သွားမယ်။ ကိုယ့်လွတ်လပ်မှု ပျောက်သွားမယ်။ ကိုယ့်ဘဝဟာလည်း ကြာလေခက်လေဖြစ်လာမယ်။ ဘယ်ကိစ္စမှာဖြစ်ဖြစ် ကိုယ်ယူရမယ့်တာဝန်ကို ကိုယ်ယူပါ။ သူတစ်ပါးလက်ထဲကို ဘယ်တော့မှမထည့်ပါနဲ့။ ပင်ပန်းမှာကိုမကြောက်ပါနဲ့။ ပင်ပန်းမှာကြောက်နေတာကိုက ပင်ပန်းနေတာပါ။ ကိုယ့်ကိုယ်ကိုကိုယ် တကယ်ယုံကြည်နိုင်တဲ့သူ၊ လေးစားနိုင်တဲ့သူ၊ အားကိုးနိုင်တဲ့သူ၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတဲ့သူဖြစ်ဖို့.. ကောင်းတာတွေကိုကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ်ရွေးချယ်ပြီးတော့ ကိုယ့်ရဲ့ဇွဲ၊လုံ့လ၊ဝီရိယနဲ့ ကိုယ့်ဟာကိုယ်ကြိုးစားပြီးတော့ အားထုတ်ပြီးတော့ ကိုယ့်ဘဝမှာကောင်းတာတွေများများဖြစ်လာအောင်လုပ်နိုင်တဲ့သူ ဖြစ်နိုင်ရမယ်။

ကိုယ့်အတွက်အားကိုးစရာအကောင်းဆုံးဟာ ကိုယ့်ရင်ထဲမှာရှိမှဖြစ်မယ်။ အပြင်မှာရှိနေလို့မဖြစ်ဘူး။ အပြင်မှာရှိနေတာဘယ်အရာမှ အားကိုးစရာအစစ်မဖြစ်ဘူး။
လူတွေကိုကူညီချင်ရင် ကိုယ့်အားကိုယ်ကိုးတဲ့သူဖြစ်အောင် အကူအညီပေးပါ။ သူတို့ကိုယ်သူတို့ကူညီနိုင်အောင် အကူအညီပေးပါ။ ကိုယ့်အကူအညီကိုယူရတဲ့သူဟာ ကိုယ့်အကူအညီကိုမယူရတော့တဲ့သူဖြစ်သွားအောင် ကူညီပါ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *