မျှော်လင့်ချက်တွေ လျော့ချပါ

စိတ်ညစ်ရတဲ့ အကြောင်းရင်းတွေကို ပြန်စစ်ဆေးကြည့်ရင် တော်တော်များများက “သူ ဒီလိုလုပ်လိမ့်မယ်လို့ ငါ မထင်ထားဘူး” ဆိုတဲ့ အတွေးကနေ စတာများတယ်။
“ငါသာဆိုရင် သူ့ကို ဒီလိုလုပ်ပေးမှာ၊ သူကျတော့ ငါ့ကို ပြန်မလုပ်ပေးဘူး”
“ငါ့မွေးနေ့တုန်းက လက်ဆောင်ပေးခဲ့တယ်၊ ငါ့မွေးနေ့ကျတော့ သူ ဖုန်းတောင်မဆက်ဘူး”
ကိုယ်ပေးဆပ်လိုက်တဲ့ အတိုင်းအတာတစ်ခုကို တစ်ဖက်လူဆီကနေ ပြန်ရမယ်လို့ လူတော်တော်များများက မျှော်လင့်ထားတတ်ကြတယ်။ အဲဒီမျှော်လင့်ချက် (Expectation) နဲ့ လက်တွေ့ (Reality) မကိုက်ညီတဲ့အခါ ဒေါသထွက်ကြတယ်၊ ဝမ်းနည်းကြတယ်။
တကယ်တော့ စိတ်ဆင်းရဲရတာဟာ သူတို့ရဲ့ လုပ်ရပ်ကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မျှော်လင့်ချက်ကြောင့်သာ ဖြစ်ပါတယ်။
ဉာဏတို့က လူတွေကို ကိုယ့်စိတ်တိုင်းကျ ဇာတ်ညွှန်းရေးပေးထားပြီး၊ အဲဒီဇာတ်ညွှန်းအတိုင်း သူတို့ ကမပြတဲ့အခါ စိတ်ဆိုးနေကြတာနဲ့ တူတယ်။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်ညွှန်း၊ ကိုယ်ပိုင် ဦးစားပေးမှု၊ ကိုယ်ပိုင် စရိုက်လက္ခဏာတွေ ရှိတယ်ဆိုတာကို မေ့နေတတ်ကြတယ်။
ရှိတ်စပီးယား (Shakespeare) ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ “Expectation is the root of all heartache”။ မျှော်လင့်ချက်ဆိုတာ နှလုံးသား နာကျင်မှုအားလုံးရဲ့ အမြစ်တွယ်ရာပဲ တဲ့။
ကိုယ်တိုင်လည်း အရင်က သူငယ်ချင်းတွေကို ကူညီရင် “ငါ ဒုက္ခရောက်ရင် သူတို့ ပြန်ကူညီမှာပဲ” ဆိုပြီး မျှော်လင့်ချက်နဲ့ ကူညီခဲ့ဖူးတယ်။ တကယ်တမ်း ကိုယ်ဒုက္ခရောက်တော့ ကိုယ်ထင်သလောက် ဖြစ်မလာတဲ့အခါ “ကျေးဇူးကန်းလိုက်တာ” ဆိုပြီး နာကြည်းမိတယ်။
နောက်ပိုင်းတော့ သဘောပေါက်လာတယ်။ ကူညီတယ်ဆိုတာ ကိုယ်က စေတနာပါလို့ လုပ်ပေးလိုက်တာ။ ပြီးရင် ပြီးသွားပြီ။ ပြန်ရဖို့ မျှော်လင့်နေရင် အဲဒါ စေတနာ မဟုတ်တော့ဘူး။ ရင်းနှီးမြှုပ်နှံမှု (Investment) ဖြစ်သွားပြီ။
ကြောင်တစ်ကောင်ကို ခွေးလိုမျိုး အိမ်စောင့်ပေးဖို့၊ သခင်ကို ကာကွယ်ပေးဖို့ သွားမျှော်လင့်လို့ မရပါဘူး။ ကြောင်ဟာ ကြောင်ပါပဲ။ သူ့သဘာဝက နေချင်သလို နေမယ်၊ အိပ်ချင်သလို အိပ်မယ်။
လူတွေလည်း ဒီလိုပါပဲ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူဆီကနေ စာနာမှုကို သွားမျှော်လင့်လို့ မရသလို၊ အနေအေးတဲ့သူဆီကနေ အရေးတယူ ဂရုစိုက်မှုကို သွားမျှော်လင့်လို့ မရပါဘူး။ သူတို့ရဲ့ သဘာဝကိုက အဲဒီလို ဖြစ်နေတာကိုး။
သူတို့ရဲ့ ဖြစ်တည်မှုကို လက်မခံဘဲ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဖြစ်လာစေချင်တာက ကိုယ့်ရဲ့ အမှားသာ ဖြစ်ပါတယ်။
မျှော်လင့်ချက် မထားတော့ဘူး ဆိုတာ လူတွေကို မုန်းလိုက်တာ၊ အဆက်ဖြတ်လိုက်တာမျိုး မဟုတ်ပါဘူး။ “သူတို့ဆီက ဘာမှ ပြန်မရလည်း ကိစ္စမရှိဘူး၊ ငါလုပ်ပေးချင်လို့ လုပ်ပေးလိုက်တာ၊ ငါ့တာဝန်ကျေပြီ” ဆိုတဲ့ ပေါ့ပါးတဲ့ စိတ်ထားမျိုး မွေးလိုက်တာပါ။
အဲဒီလို တွေးလိုက်တာနဲ့ တပြိုင်နက် ကိုယ့်စိတ်က လွတ်လပ်သွားရော။ သူတို့ ကျေးဇူးတင်ရင် ဝမ်းသာမယ်။ ကျေးဇူးမတင်လည်း ဘာမှမဖြစ်ဘူး။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို သူတို့ရဲ့ တုံ့ပြန်မှု (Reaction) ပေါ်မှာ မမူတည်တော့ဘူး။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။
“ငါ ဒီအလုပ်ကို လုပ်ပေးနေတာ စစ်မှန်တဲ့ မေတ္တာကြောင့်လား၊ ဒါမှမဟုတ် တုံ့ပြန်မှုကို မျှော်ကိုးနေလို့လား”
တုံ့ပြန်မှုကို မျှော်ကိုးနေတယ် ဆိုရင်တော့ အဲဒီအလုပ်ကို မလုပ်တာက ပိုကောင်းပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရလဒ်ထွက်မလာတဲ့အခါ ခံစားရမှာက ကိုယ်တိုင်ပဲမို့လို့ပါ။
လောကကြီးမှာ စိတ်ချမ်းသာဆုံး လူတွေဟာ သူတစ်ပါးဆီက ဘာမှ မမျှော်လင့်ဘဲ၊ ကိုယ့်ဘက်က ပေးဆပ်နိုင်တာကိုပဲ ပျော်ရွှင်စွာ ပေးဆပ်နေကြသူတွေ ဖြစ်ပါတယ်။
အပေးအယူ သဘောမပါတဲ့ ဆက်ဆံရေးတွေကသာ အရှည်ခံသလို၊ မျှော်လင့်ချက် ကင်းမဲ့တဲ့ ပေးကမ်းမှုတွေကသာ စစ်မှန်တဲ့ ပီတိကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *