တစ်ရက်ကို ငါးမိနစ်လောက် မိမိလက်တွဲဖော်နှင့် အချိန်ပေးပြီးစကားပြောပါ။

ဒီနေ့မှာ ငါးမိနစ် အလေ့အထတစ်ခုကို အိမ်ထောင်ရှင်တို့ နေ့စဉ်ပြုလုပ်ကြရင် မိမိ အိမ်ထောင်ကို ရည်ရှည် တည်တံ့အောင် လုပ်သွားနိုင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

            ငါးမိနစ်အလေ့အထဆိုတာ ဘာလဲ?

            ဇနီးမောင်နှံနှစ်ဦးက တစ်နေ့ကို ငါးမိနစ်လောက် နှစ်ယောက်တည်း အေးအေးဆေးဆေး အချိန်ပေး စကားပြောဆိုတာကို ဆိုလိုတာပါ။

            တစ်နေ့ကို အဲဒီလို ငါးမိနစ်လောက် အချိန်ပေးတဲ့အတွက် လက်တွဲဖော်တွေကို အရာရာ ပြောင်းလဲသွားနိုင်ပါတယ်။

            အိမ်ထောင်ရှင်တွေက မိမိရဲ့ အိမ်ထောင်အကြောင်း ကျွန်မ အခုပြောတာထက်ပိုပြီး လက် တွေ့ သိမှာပါ။

            ဒီငါးမိနစ်လောက်အချိန်အတွင်းမှာ လက်တွဲဖော်အချင်းချင်း အတူထိုင်မယ် (ဝါ) မျက်နှာချင်း ဆိုင် ထိုင်မယ်။ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး စကားပြောကြမယ်။ ဖုန်းခေါ်ဆိုမှု တွေကို မကိုင်ဘဲ ဘေးချထားလိုက်မယ်။ တီဗီကြည့်နေမယ်။ ရုပ်ရှင်ကြည့်နေမယ်ဆိုရင်လည်း မကြည့်ဘဲ နေလိုက်မယ်။ နှစ်ယောက်အတွက် စိတ်ရှုပ်ထွေးစရာ စိတ်အနှောင့်အယှက်ဖြစ်တာတွေ ကို ဘေးမှာ ခဏ ထားလိုက်မယ်။ လက်တွဲဖော်နှစ်ယောက်ထဲ စကားတွေပြောကြမယ် အဲဒီလို ပြော ကြတဲ့အခါမှာ

            ဒီနေ့ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေ သားရေး သမီးရေးကိစ္စတွေ ပြောမယ်။ တိုင်ပင် စရာရှိတာတွေ တိုင်ပင်ကြမယ်။ လက်တွဲဖော်အချင်းချင်း အဲဒီလို အာရုံစိုက် သတိမူမယ်ဆိုရင် အချစ် တွေက အမြဲ (ဝါ) နေ့စဉ် ရှင်သန်နေမှာ အမှန်ပါပဲ။ love grows where attention flows. တစ်ဦး ပေါ်တစ်ဦး အထူးအာရုံစိုက် သတိမူမယ်ဆိုရင် ချစ်ခြင်းမေတ္တာတွေကလည်း မြစ်ရေလို တသွင်သွင် စီးဆင်းမှာ အမှန်ပါပဲ။

            ဒီငါးမိနစ် အလေ့ထက နှလုံးသားနှစ်ခုကို ထပ်မံပြန်လည် ဆက်သွယ်သွားစေပါတယ်။ ဒီအလေ့အထက နေ့စဉ်ကျင့်သုံးပေးမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးဖြစ်လာမှာပါ။

            တစ်ယောက်ကို တစ်ယောက် အသေးအဖွဲ့ကိစ္စလေးတွေကို ဂရုတစိုက်ရှိမှုက ကြီးမားတဲ့ စိတ်ခံစားချက် ကွာဟမှုကို ကာကွယ်ပေးပါတယ်။

            တစ်ဦးပေါ်တစ်ဦး ငါးမိနစ်လောက် အာရုံစိုက်ပေးတာက တစ်ဦးရဲ့ စိတ်ခံစားချက်မှာ ‘‘သူက ငါ့အတွက် အရေးတယူ ဂရုစိုက်ပါလား’’ဆိုတဲ့ ခံစားချက်မျိုး ဖြစ်သွားစေပါတယ်။

            ဒါဆိုရင် ဒီငါးမိနစ်လောက် အတူရှိချိန်မှာ သာမန်မေးခွန်းလေးတွေကို မေးတာ ကောင်းပါ တယ်။ ဒီနေ့ ဘယ်လိုအခြေအနေရှိလဲ။ နေလို့ကော ကောင်းရဲ့လား။ အတွေးထဲမှာ ဘာတွေရှိနေလဲ မေးတဲ့အခါ ပြန်ပြီးဖြေတဲ့ လက်တွဲဖော်ကို စောတက မတက်ဘဲ စိတ်ရှည်ရှည် နားထောင်ပေးပါ။ ပြန်ဖြေနေတုန်း မိမိက ဆုံးဖြတ်ချက်ချတာကို မလုပ်ဖို့ အရေးကြီးပါတယ်။ နားထောင်ပေးပါတယ် ဆိုတာ လူမမာတစ်ယောက် ရောဂါဖြစ်လို့ ဆေးကုသပေးလိုက်တဲ့အခါ ရောဂါပျောက်ကင်းသွား သလို နားထောင်ပေးတဲ့အတွက် တစ်ဖက် ရင်တွင်းခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့် လိုက် ရတဲ့အတွက် စိတ်သက်သာရာ ရသွားစေပါတယ်။

            အဲဒီလို စကားပြောတဲ့အခါ ဟာသတွေ ရယ်စရာစကားတွေ အဓိကထားပြီး ပြောတာ အကောင်းဆုံးပါ။ စိတ်ဖိစီးမှုတွေ များလှတဲ့ ဒီနေ့ချိန်ခါမှာ ရယ်မောစရာ ဟာသစကားတွေက စိတ် လက်ပေါ့ပါးသွားစေပါတယ်။

            ဥပမာ – ဒီနေ့ဖြစ်ခဲ့တဲ့အကြောင်းအရာမှာ ဘယ်ကဲ့သို့ လုပ်လိုက်လို့ အဆင်ပြေသွားတယ်။ နောက်တခါ ဒီလို အကြောင်းအရာမျိုးဆိုရင် ဘယ်လိုလုပ်မှာ စသဖြင့် ခန့်မှန်းချက်တွေ အိပ်မက် တွေကို ပြောပြပါ။ တခါတလေ တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြဖို့ ခက်ခဲတဲ့အချိန်တွေ ရှိပေမယ့် ပြုံးပြီး ပြောကြတာ အကောင်းဆုံးပါပဲ။

            မအားလပ်တဲ့ကြားက ဒီငါးမိနစ်မှာ ကြိုးစားပြီး နှစ်ယောက်အတူ ရှိနေပေးပါ။ အခုလို အတူ ရှိနေပေးတာက တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ခံစားချက် ထိတွေ့မှုတစ်ခုကို အာမခံထားသလို ဖြစ်သွား စေလို့ပါပဲ။

            ဒါကြောင့် အခုပဲ စတင်လိုက်ပါ။ တကူးတက အချိန်ယူပြီး နှစ်ယောက်စကားအတူပြောပါ။ တစ်ဦးနဲ့တစ်ဦး ညင်ညင်သာသာလေး ထိတွေ့မှုရှိပေးပါ။ အစစအရာရာကို ကျေးဇူးတင်တဲ့ အကြောင်းပြောပါ။ အလှမ်းကွာနေမယ်။ အဝေးမှာ ရှိနေမယ်ဆိုရင်လည်း စာတိုလေး message ပို့ပြီး (ဝါ) ဒီနေ့ခေတ် VC ဗီဒီယို call နဲ့ ၅ မိနစ်လောက် တွေ့ဆုံပြောပါ။

            ဒါမှမဟုတ်ရင် ညနေခင်းမှာ စိတ်လက်ကြည်သာစွာနဲ့ လေညှင်းခံထွက်ပြီး စကားပြောတာ ကလည်း တန်ဖိုးကြီးတဲ့ လက်ဆောင်ပေးတာထက် ပိုထိရောက်မှုရှိပါတယ်။

            နှစ်ဦးစကားတွေပြောရင်း ရင်းနှီးမှုကို တည်ဆောက်လို့ ရနိုင်ပါတယ်။

            အခုလို တစ်ယောက်နဲ့ တစ်ယောက် ကြင်နာစွာနဲ့ ပြောဆိုကြတဲ့အခါမှာ အချင်းချင်း တခါတလေ နီးရက်နဲ့ ဝေးနေတတ်တဲ့အတွက် အလှမ်းကွာမှုက တဖြည်းဖြည်းနဲ့ တိတ်တဆိတ် ထားသွားပါလိမ့်မယ်။

            ဒီလို ၅ မိနစ်လောက် နေ့စဉ် အတူရှိနေပေးရင် အလေ့အကျင့်တစ်ခုလို ဖြစ်လာပြီး မိမိတို့ ဘဝတလျှောက်လုံးအတွက် အကျိုးရှိတဲ့ တွေ့ဆုံမှုမျိုးဖြစ်ပြီး အသက်ရှင်သန်တဲ့ဘဝမှာ ထမြောက် အောင်မြင်တဲ့ ချစ်ခြင်းမေတ္တာတွေ ပိုင်ဆိုင်မှာပါ ဆိုတာ တင်ပြရင်း ဒီနေ့အတွက် နိဂုံးချုပ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *