
(၃၄) ကြိမ်မြောက် ကမ္ဘာ့ဖျားနာသူများနေ့အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ သဝဏ်လွှာ။

” ကောင်းသော ဆာမာရီတန် ၏ သနားကြင်နာမှု” “သူတစ်ပါး၏ နာကျင်မှုကို ဝေမျှခံစားပေးခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသကြပါစို့”
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဖျားနာသူများနေ့အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် “ကောင်းသော ဆာမာရီတန် ” ပုံပြင်ကို အခြေခံ၍ လျစ်လျူရှုတတ်သော ယနေ့ခေတ် လောကကြီးတွင် ” ကောင်းသော ဆာမာရီတန် စိတ်ဓာတ်” မွေးမြူကြရန် တိုက်တွန်းနှိုးဆော် ထားပါ သည်။
၁။ လက်တွေ့ကျသော သနားကြင်နာမှုသို့ ဖိတ်ခေါ်ခြင်း။
ချစ်ခြင်းမေတ္တာဆိုသည်မှာ စိတ်ကူးယဉ်ရုံသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှု ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက အလေးပေးဖော်ပြကာ –
• အကြည့်၏စွမ်းအား – ကောင်းသော ဆာမာရီတန် သည် အခြားသူများကဲ့သို့ “ကျော်ဖြတ် မသွား ဘဲ” ဂရုတစိုက် ကြည့်ရှုခဲ့သည်။ ထိုသို့ကြည့်ရှုခြင်းကပင် သူ့ကို လက်တွေ့ကူညီရန် တွန်း အား ပေးခဲ့သည်။
• ရည်ရွယ်ချက်ရှိရှိ နီးကပ်စွာနေခြင်း – “အိမ်နီးချင်း” ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အနီးအနား တွင်ရှိ နေသူကိုသာ မဆိုလိုဘဲ၊ ဆင်းရဲဒုက္ခရောက်နေသူထံသို့ ချဉ်းကပ်ရန် ဆုံးဖြတ်ချက်ချသူကို ဆိုလို သည်။
• လောကရေစီးကြောင်းကို ဆန့်ကျင်ခြင်း – လျင်မြန်မှုနှင့် လျစ်လျူရှုမှုများ လွှမ်းမိုးနေသော ယနေ့ခေတ်တွင် အခြားသူများကို ကူညီရန် ခဏတာရပ်တန့်ခြင်းသည် စစ်မှန်သော ပျော်ရွှင်မှုကို ရရှိစေသည်။
၂။ စုပေါင်းပြုစုစောင့်ရှောက်ခြင်း၏ အရေးပါမှု။
သနားကြင်နာခြင်းကို တစ်ဦးတစ်ယောက်ချင်းစီ၏ ကြိုးပမ်းမှုထက် သာလွန်သော အသင်းတော်၏ စုပေါင်းတာဝန် အဖြစ် ပုပ်ရဟန်းမင်းကြီးက ရှုမြင်သည် –
• “တည်းခိုခန်းပိုင်ရှင်” ကျန်းမာရေးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဘာသာရေးလုပ် သားများ သည် ကောင်းသော ဆာမာရီတန် ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပေးနေသော “ဆေးကု သပေးသော တည်းခိုခန်းပိုင်ရှင်” များကဲ့သို့ပင် ဖြစ်သည်။
• အသင်းတော်၏ လုပ်ဆောင်ချက် – ဖျားနာသူများကို ပြုစုစောင့်ရှောက်ခြင်းသည် လူမှုအဖွဲ့ အစည်းတစ်ခု၏ ကျန်းမာကြံ့ခိုင်မှုကို တိုင်းတာသော စံနှုန်းတစ်ခုဖြစ်သည်။
• လူသားချင်း ညီအစ်ကိုအရင်းအမြစ်စိတ်ဓာတ် – ကျွန်ုပ်တို့အားလုံးသည် ခန္ဓာကိုယ်တစ်ခု တည်း ၏ အစိတ်အပိုင်းများဖြစ်ကြပြီး ဆင်းရဲဒုက္ခရောက်နေသူများကို အချင်းချင်း ကူညီကြရန် ဖန် တီးထားခြင်းဖြစ်သည်။
၃။ ဝိညာဉ်ရေးရာ အခြေခံအုတ်မြစ် – ဘုရားသခင်ကို ချစ်ခြင်း။
လူသားချင်းစာနာ ကူညီမှုပေးခြင်းသည် ဘုရားသခင်ကို ချစ်ခြင်းမှ မြစ်ဖျားခံကြောင်း ဖော်ပြထားသည် –
• မိမိအိမ်နီးချင်းကို လက်တွေ့ကျကျ ချစ်ခြင်းသည် ဘုရားသခင်ကို ချစ်ကြောင်း ပြသသည့် “စစ် မှန်သော သက်သေ” ဖြစ်သည်။
• လူသားတို့သည် တစ်ကိုယ်တည်းအထီးကျန်နေထိုင်ရန်မဟုတ်ဘဲ အခြားသူများ၊ ဘုရားသခင် တို့နှင့် ဆက်နွှယ်နေထိုင်ခြင်းဖြင့်သာ မိမိတို့၏တန်ဖိုးကို ရှာဖွေတွေ့ရှိနိုင်သည်။
• လူသားတို့၏ ဒဏ်ရာများအတွက် အကောင်းဆုံးကုထုံးမှာ ဘုရားသခင်ကို ချစ်ခြင်းမှအခြေ ခံသော ညီအစ်ကိုရင်း ချစ်ခြင်းမေတ္တာဖြင့် နေထိုင်ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည် ဘာသာသူများအား ” ကောင်းသော ဆာမာရီတန် စိတ်ဓာတ်” နှင့်အညီ နေထိုင် ကြရန် တိုက်တွန်းလျက်၊ နာကျင်ခံစားနေရသူများအတွက် အမိမယ် တော်မာရီယား ထံ အပ်နှံ မေတ္တာပို့ သပေးကာ သဝဏ်လွှာကို နိဂုံးချုပ်ထားပါသည်။ ဖျားနာသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ကျန်းမာ ရေးဝန်ထမ်းများအားလုံးအပေါ် ပုပ်ရဟန်းမင်းကြီး၏ ကောင်းချီးမင်္ဂလာကိုလည်း ပေးသနားခဲ့ပါသည်။
“အကူအညီ လိုအပ်နေသော အိမ်နီးချင်းကို အလုပ်အကျွေးပြုခြင်းသည် ဘုရားသခင်ကို လက်တွေ့ ချစ်ခြင်းပင်ဖြစ်သည်။” — ပုပ်ရဟန်းမင်းကြီး လီယို (၁၄)
ဘာသာပြန်-Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

