
စပိန်ရထားမတော်တဆမှုတွင် ထိခိုက်သေဆုံးခဲ့ရသူများအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်း မေတ္တာနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့။

စပိန်နိုင်ငံတောင်ပိုင်းတွင် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အနည်းဆုံး ၃၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် ရထားမတော်တဆမှုတွင် ထိခိုက်ခံစားရသူများနှင့်အတူ ထပ်တူထပ်မျှ ရှိနေကြောင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မိန့်ကြားလိုက်သည်။
ဗာတီကန်သတင်း (Vatican News)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် (တနင်္ဂနွေနေ့) က စပိန်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရထားချင်း တိုက်မိ မှုကြောင့် အနည်းဆုံး ၃၉ ဦး သေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်အတွက် ပုပ်ရဟန်း မင်းကြီး လီယို (၁၄) က သေဆုံးသူများအတွက် ဆုတောင်းပေးခဲ့ပြီး ထိခိုက်ခံစားရသည့် မိသားစုများ ထံသို့လည်း ၎င်း၏ “လှိုက်လှဲစွာ ဝမ်းနည်းကြောင်းသဝဏ်လွှာ” ကို ပေးပို့ခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် စပိန်ဘာသာဖြင့် ရေးသားကာ ဗာတီကန်နိုင်ငံအတွင်းရေးမှူး ကာဒီနယ် ပီထရို ပါရိုလင် လက်မှတ်ရေးထိုးထားသော ကြေးနန်းစာတွင် ပုပ်ရဟန်းမင်းကြီးက အဆိုပါ မတော်တဆမှုကို သိရှိရသဖြင့် “အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း” နှင့် “နှစ်သိမ့်အားပေးမှု၊ အထူးစိုးရိမ်ပူပန်မှုတို့နှင့်အတူ ဒဏ်ရာရရှိသူများ အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေကြောင်း” ဆုမွန် ကောင်း တောင်းပေးထားသည်။
၎င်းအပြင် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် “ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဆက်လက် ကြိုး ပမ်းဆောင်ရွက်ကြရန်” အားပေးတိုက်တွန်းထားပြီး၊ “Our Lady of the Pillar ၏ ကြားဝင်ဆုတောင်း ပေးမှုဖြင့် နှစ်သိမ့်မှုဖြစ်စေမည့် ကောင်းချီးမင်္ဂလာကို ပေးသနားခဲ့သည်။
တနင်္ဂနွေနေ့ ညနေပိုင်းက စပိန်တောင်ပိုင်း အာဒါမုဇ် (Adamuz) မြို့တွင် မြို့တော်မက်ဒရစ်သို့ ဦးတည် မောင်းနှင်နေသော ရထားတစ်စီးမှာ လမ်းချော်ကာ တစ်ဖက်မှလာနေသော အခြားရထားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ BBC သတင်းဌာန၏ အဆိုအရ ရထားနှစ်စီးလုံးပေါ်တွင် ခရီးသည်နှင့် ဝန်ထမ်း စုစုပေါင်း ၄၀၀ ခန့် လိုက်ပါလာခဲ့ကြောင်း သိရသည်။
စပိန်အာဏာပိုင်များက အနည်းဆုံး ၃၉ ဦး သေဆုံးကြောင်း အတည်ပြုထားသော်လည်း သေဆုံးသူ အရေအတွက်မှာ ယခုထက် ပိုမိုများပြားလာနိုင်ပါသည်။ အရေးပေါ်ကယ်ဆယ်ရေးဌာနများက လူပေါင်း ၁၂၂ ဦးကို ဆေးကုသမှုပေးခဲ့ပြီး ၄၈ ဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်သည်။ မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
ဘာသာပြန်-Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

