ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အီတလီသတင်းစာ La Repubblica ၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အတွက် ဆုမွန်ကောင်းများ ပေးပို့။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အီတလီသတင်းစာ La Repubblica ၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အတွက် ဆုမွန်ကောင်းများ ပေးပို့ခဲ့ပြီး၊ သတင်းမီဒီယာများအနေဖြင့် “အဂတိတရားကင်းစင်ကာ အမှန် တရားကို ရှာဖွေခြင်းဖြင့် လွတ်လပ်ပြီး အပြန်အလှန် ဆွေးနွေးတိုင်ပင်မှုရှိသော ဆက်သွယ်ပြောဆိုရေး ကို အမြဲမြှင့်တင်ရန်” မျှော်လင့်ကြောင်း မိန့်ကြားခဲ့သည်။

အီတလီ၊ ကမ္ဘာကြီးနှင့် သာသနာ့အဖွဲ့အစည်းတို့၏ သမိုင်းကြောင်းကို နှစ်ပေါင်း ၅၀ ကြာ ပြန်လည် ပြော ပြခဲ့ခြင်း၊ စာဖတ်ပရိသတ်နှင့် အစဉ်တစိုက် ထိတွေ့ဆက်ဆံခြင်း၊ လွတ်လပ်စွာ စူးစမ်းလေ့လာခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အလေးထားရမည့် လမ်းစဉ်အဖြစ် အပြန်အလှန် ဆွေးနွေး မှုပြုခြင်းတို့သည် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က La Repubblica သတင်းစာ အယ်ဒီတာ Mario Orfeo ထံ ပေးပို့သော နှစ် ၅၀ ပြည့် သဝဏ်လွှာတွင် ထည့်သွင်းဆွေးနွေးထားသည့် အကြောင်းအရာများ ဖြစ်ကြ သည်။

အထူးအခွင့်အရေးရသော ရှုထောင့်

ပုပ်ရဟန်းမင်းကြီးသည် သူ၏ပေးစာတွင် နှစ်ပေါင်း ရာစုနှစ်ဝက်တိုင် သမိုင်းကြောင်းကို ရေးသားတင် ပြခဲ့ကြပြီး “ယခုအချိန်အထိ ရောက်ရှိလာအောင် ပံ့ပိုးပေးခဲ့သော စာဖတ်ပရိသတ်များနှင့် ဆက်ဆံရေး ကို ပျိုးထောင်ပေးခဲ့ကြသည့်” သတင်းထောက်များအား ကောင်းမွန်သော ဆုမွန်ကောင်းများ တောင်း ဆုပြုခဲ့သည်။

“သင်တို့၏ သတင်းစာသည် မြို့များစွာတွင် အခြေစိုက်သော်လည်း၊ ပုပ်ရဟန်းမင်းကြီး၏ သာသနာ နယ်မြေဖြစ်သော ရောမမြို့တွင် အဓိကရုံးချုပ်ရှိပြီး အီတလီနှင့် ကမ္ဘာတဝှမ်းရှိ ဖြစ်ရပ်များကို လေ့လာ စောင့်ကြည့်ရန် အထူးအခွင့်အရေးရသော ရှုထောင့်တစ်ခု ဖြစ်သည်။ သင်တို့သည် ဤနှစ်ပေါင်း ၅၀ အတွင်းရှိ စာမျက်နှာများကို ဖတ်ရှုခဲ့ကြပြီး သာသနာ့အဖွဲ့အစည်း၏ သမိုင်းကြောင်းကို လွတ်လပ်စွာ ပြန်လည်တင်ပြခဲ့ကြသည်” ဟု ပုပ်ရဟန်းမင်းကြီးက ရေးသားခဲ့သည်။

သတင်းစာလွတ်လပ်ခွင့်။

လွတ်လပ်ခွင့်၊ ဇာတ်လမ်းတင်ပြမှုနှင့် ကမ္ဘာကြီးအပေါ် ထူးခြားသော ရှုမြင်ပုံတို့သည် သတင်းစာ လွတ် လပ်ခွင့်၏ နှလုံးသားပင်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

“သဘောထားအမြင်များ၊ ရှုထောင့်များနှင့် ယဉ်ကျေးမှုများ ကွဲပြားနေလင့်ကစား သတင်းမီဒီယာ များ သည် အမြဲတမ်း ပွင့်လင်းမြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှုတို့ဖြင့် ဆောင်ရွက်ရမည်” ဟု ၎င်းက ရေးသားခဲ့သည်။

ထို့အပြင် ပုပ်ရဟန်းမင်းကြီး လီယိုက “ရန်လိုမှုမရှိသော အပြန်အလှန်ဆွေးနွေးမှုသည် ဘုံအကျိုးစီးပွား နှင့် လူသားမျိုးနွယ်စု၏ စည်းလုံးညီညွတ်မှုကို အထောက်အကူပြုသည်။ ဤနည်းဖြင့် ဆွေးနွေးညှိနှိုင်း မှုသည် ပဋိပက္ခများကို ကျော်လွှားစေပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးသည်” ဟု ထပ်လောင်းမိန့် ကြားခဲ့သည်။

သတင်းစကား၏ အဆုံးသတ်တွင် ပုပ်ရဟန်းမင်းကြီးက “အဂတိတရားကင်းစင်ပြီး အမှန်တရားကို ရှာဖွေလိုစိတ်ဖြင့် လွတ်လပ်ပြီး အပြန်အလှန် ဆွေးနွေးတိုင်ပင်မှုရှိသော ဆက်သွယ်ပြောဆိုရေးကို အမြဲတစေ တည်ဆောက်သွားရန်” မျှော်လင့်ကြောင်း ပြောကြားရင်း “နှစ် ၅၀ ပြည့် အထိမ်းအမှတ် မှသည် ပျော်ရွှင်ပါစေ” ဟု ဆုတောင်းပေးခဲ့သည်။

ရောမမြို့ရှိ ပြပွဲ

၎င်း၏ နှစ် ၅၀ ပြည့် နှစ်ပတ်လည်ကို ဆင်နွှဲရန်အတွက် အဆိုပါသတင်းစာသည် ရောမမြို့ရှိ Mattatoio တွင် “La Repubblica: A History of the Future” (အနာဂတ်၏ သမိုင်းကြောင်း) အမည်ဖြင့် ပြပွဲတစ်ခုကို စီစဉ်ကျင်းပခဲ့သည်။

မတ်လ ၁၅ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ မာလ်တီမီဒီယာပြပွဲတွင် သတင်းစာသမိုင်းတစ်လျှောက် အရေးကြီးသော အခိုက်အတန့်များမှ ဓာတ်ပုံများနှင့် သတင်းစာစာမျက်နှာများကို ခင်းကျင်းပြ သထားသည်။

ဘာသာပြန်-Fr.Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *