
“ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံအတွက် အရေးပေါ် တိုက်တွန်းချက် ထုတ်ပြန်၊ ကမ္ဘာလုံးဆိုင်ရာ လက် နက်ပြိုင်ဆိုင်မှု အန္တရာယ်ကို သတိပေး”။

နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းသို့ တိုက်ရိုက်ပြောကြားသည့် မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) က မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အထူးတလည် အလေးထားဖော်ပြခဲ့ပြီး၊ ပဋိပက္ခဒဏ်သင့်နေသော ထိုနိုင်ငံတွင် “ငြိမ်းချမ်းရေး လမ်းကြောင်းများနှင့် အားလုံးပါဝင်နိုင်သော ဆွေး နွေးမှုများ” ဖော်ဆောင်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အတားအဆီးမရှိ ရရှိနိုင် စေ ရန် တောင်းဆိုလိုက်သည်။
ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် သောကြာနေ့တွင် ဗာတီကန် (Holy See) ဆိုင်ရာ သံအမတ်ကြီးများအား ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်ဖြစ်သူ မွန်ဆီညော် အန်ဒရီယာ ဖာရန်တေး (Msgr. Andrea Ferrante) က မြန်မာနိုင်ငံ၏ ဆင့်ကဲခံစားနေရသော ဆင်းရဲဒုက္ခများကို မီးမောင်းထိုးပြထားသည့် အဆိုပါမိန့်ခွန်းကို မျှဝေခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက “ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ပိုမိုဆိုးရွား သွား ရတဲ့ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ လူသားချင်းစာနာမှုနဲ့ လုံခြုံရေး အကျပ်အတည်းကို ကျွန်ုပ် အထူးပဲ စိုးရိမ် ပူပန်မိပါတယ်” ဟု မိန့်ကြားခဲ့သည်။ ၎င်းက ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ရွေးချယ်မှုများပြုလုပ်ရန် နှင့် “လူသားချင်းစာနာမှု အကူအညီတွေကို လူတိုင်းဆီ မျှတပြီး အချိန်နဲ့တစ်ပြေးညီ ရောက်ရှိနိုင်ဖို့” အတွက်လည်း အလေးအနက် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံ၏ အခြေအနေကို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးတည်ဆောက်မှု ကျရှုံးခြင်းနှင့် ဆက်စပ် လျက်၊ ငြိမ်းချမ်းရေးကို အင်အားသုံး၍သော်လည်းကောင်း၊ ခြိမ်းခြောက်တားဆီးခြင်း ဖြင့်သော်လည်း ကောင်း ရရှိနိုင်သည်ဟူသော စွဲမြဲနေသည့် အယူအဆကို ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့သည်။ “စစ်ပွဲက ဖျက်ဆီးခြင်းနဲ့တင် ကျေနပ်တတ်ပေမဲ့၊ ငြိမ်းချမ်းရေးကတော့ စဉ်ဆက်မပြတ် စိတ်ရှည်လက်ရှည် တည် ဆောက်မှုတွေနဲ့အတူ အမြဲမပြတ် နိုးနိုးကြားကြားရှိဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့နောက် ၎င်း၏ မိန့်ခွန်းတွင် ဖြစ်လာနိုင်ခြေရှိသော လက်နက်ပြိုင်ဆိုင်မှုအသစ်နှင့် ပတ်သက်၍လည်း ပြင်းထန်သော သတိပေးချက်ကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းပြောကြားခဲ့သည်။ အထူးသဖြင့် လာ မည့် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးတော့မည့် ‘New START’ နျူကလီးယားစာချုပ်နှင့် “ဉာဏ် ရည်တု (AI) နည်းပညာကို အသုံးပြုပြီး ပိုမိုခေတ်မီဆန်းသစ်တဲ့ လက်နက်သစ်တွေ” ထုတ်လုပ်လာမည့် အန္တရာယ်အပေါ် အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက AI နည်းပညာကို “သင့်လျော်ပြီး ကျင့်ဝတ်နဲ့ညီညွတ်တဲ့ စီမံခန့်ခွဲမှု” ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး၊ ၎င်းနှင့်အတူ “လွတ်လပ်ခွင့်နှင့် လူသားတို့၏ တာဝန်ယူမှုကို အကာအကွယ်ပေးခြင်း” ကို အဓိကထားသည့် စည်းမျဉ်းဘောင်များ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာပြည်သူများ အတွက်မူ ပုပ်ရဟန်းမင်းကြီး၏ စကားများသည် ၎င်းတို့၏ ရုန်းကန်လှုပ်ရှားမှုကို ကမ္ဘာ့စင်မြင့်ထက်တွင် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိစေခဲ့ပြီး၊ အကူအညီနှင့် ဆွေးနွေးပွဲများ လိုအပ်မှုကို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လုပ်ဆောင်ချက်အဖြစ်သာမက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကိုယ်ကျင့်တရားပိုင်း တိုက်တွန်းချက်အဖြစ်ပါ ပုံဖော်ပေးခဲ့သည်။
” ငြိမ်းချမ်းခြင်းနှင့် ညီအစ်ကိုရင်းပမာ စိတ်ဓာတ်များ ထွန်းကားသော နှစ်သစ်ဖြစ်ပါစေကြောင်း ထပ်မံဆုတောင်းလျက် -ခရစ်တော်၌ သင်၏ မိတ်ဆွေ မွန်ဆီညော် အန်ဒရီယာ ဖာရန်တေး
ဘာသာပြန်-Fr.Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

