လူသားများကို ဆွဲဆောင်နေသည်မှာ အသင်းတော်မဟုတ် ခရစ်တော်သာလျှင် ဖြစ်သည် ဟု ကာဒီနယ် များ အစည်းအဝေး၌ ပုပ်ရဟန်းမင်းကြီး မိန့်ကြား။

“ကျွန်ုပ် နားထောင်ပေးရန် ဒီနေရာမှာ ရှိနေပါသည်” ဟု ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ကာဒီနယ်များ အစည်းအဝေး ဖွင့်ပွဲမိန့်ခွန်းတွင် ပြောကြား

“ကျွန်ုပ် နားထောင်ပေးရန် ဒီနေရာမှာ ရှိနေပါသည်” ဟု ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ ဗာတီကန်တွင် ကျင်းပနေသည့် အထူး ကာဒီနယ်များ အစည်းအဝေး (Extraordinary Consistory of Cardinals) ဖွင့်ပွဲမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် မင်းသုံးပါးပွဲနေ့ (Epiphany) ပြီးနောက်ရက်တွင် ကာဒီနယ်များကို ရောမမြို့၌ ကြိုဆိုခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားရင်း မိန့်ခွန်းကို စတင်ခဲ့ပါသည်။ ထို့ပြင် ဤ အရေးကြီးသော ဆင်ခြင်ခြင်းနှင့် ဆွေးနွေးခြင်းရက်များအတွင်း သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြ ပေးရန် ဆုတောင်းပေးခဲ့သည်။

အတူတကွရှိနေသည့် ဤတစ်ရက်ခွဲတာကာလသည် “ကျွန်ုပ်တို့ ရှေ့ဆက်လျှောက်ရမည့် လမ်းကြောင်း ကို ညွှန်ပြပါလိမ့်မည်”။ “ကျွန်ုပ်တို့သည် စာရွက်စာတမ်းတစ်ခု ရရှိရန် ရည်ရွယ်သည်မဟုတ်ဘဲ၊ အသင်း တော်တစ်ခုလုံး၏ သာသနာပြုလုပ်ငန်းများကို အလုပ်အကျွေးပြုရာတွင် ကျွန်ုပ်အတွက် အထောက် အကူဖြစ်စေမည့် စကားဝိုင်းတစ်ခုကို ဆက်လက်လုပ်ဆောင်ရန်ဖြစ်သည်”။

ကာဒီနယ်အဖွဲ့ကြီး (College of Cardinals) သည် “နောက်ခံများ၊ ယဉ်ကျေးမှုများ၊ အသင်းတော်နှင့် လူမှု ရေးထုံးတမ်းစဉ်လာများ၊ ပညာရေးလမ်းကြောင်းများ၊ သာသနာပြု အတွေ့အကြုံများနှင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ စရိုက်လက္ခဏာများစွာဖြင့် ပြည့်စုံကြွယ်ဝသော” အလွန်ကွဲပြားစုံလင်သည့် အုပ်စုတစ် ခုဖြစ် ကြောင်း။

“အသင်းတော်ကို အလုပ်အကျွေးပြုရာတွင် အတူတကွ လက်တွဲလုပ်ဆောင်နိုင်ရန်အတွက် ကျွန်ုပ်တို့ သည် တစ်ဦးနှင့်တစ်ဦး သိကျွမ်းနားလည်ပြီး ဆွေးနွေးတိုင်ပင်ကြရန် ဖိတ်ခေါ်ခံထားရပါသည်”။ “ကျွန်ုပ်တို့သည် မိတ်သဟာယဖွဲ့ခြင်း၌ တိုးတက်ကြီးထွားနိုင်ပြီး စုပေါင်းလုပ်ဆောင်ခြင်း (collegiality) ၏ စံနမူနာကောင်းတစ်ခုကို ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ပါသည်။”

မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီးသည် ပါဝင်တက်ရောက်သူများအား ဒုတိယမြောက် ဗာတီကန် ကောင် စီ၏ အရေးပါပုံကို သတိရစေခဲ့ပြီး သူ၏ ရှေ့က ပုပ်ရဟန်းမင်းကြီးများအကြောင်းကိုလည်း ပြန်လည် ဆင်ခြင်သုံးသပ်ခဲ့သည်။

“ဆွဲဆောင်မှုလှုပ်ရှားမှုကို တွန်းအားပေးသည့် ‘စွမ်းအား’ ဟု ပုပ်ရဟန်းမင်းကြီး ဘေနဒစ်က ညွှန်ပြခဲ့ သည့်အရာကို အထူးဂရုပြုကြရန် ကျွန်ုပ်ဖိတ်ခေါ်ပါသည်” ဟု သူက ပြောသည်။ “အမှန်စင်စစ် ဤစွမ်း အားသည် ကျေးဇူးတော် (Charis) ဖြစ်သည်၊ မေတ္တာ (Agape) ဖြစ်သည်၊ ယေရှုခရစ်တော်၌ လူ့အဖြစ်ကို ခံယူခဲ့သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသင်းတော်ကို ပေးသနားကာ အသင်းတော်၏ လုပ်ဆောင်မှုမှန်သမျှကို သန့်ရှင်းစင်ကြယ်စေပါသည်။”

“ထို့အပြင် လူတို့အား ဆွဲဆောင်နေသည်မှာ အသင်းတော်မဟုတ်ဘဲ ခရစ်တော်သာလျှင် ဖြစ်သည်။ အကယ်၍ ခရစ်ယာန်တစ်ဦး သို့မဟုတ် အသင်းတော်အသိုင်းအဝိုင်းတစ်ခုက ဆွဲဆောင်မှု ရှိနေသည် ဆိုလျှင်၊ ထို ‘လမ်းကြောင်း’ မှတစ်ဆင့် ကယ်တင်ရှင်၏ နှလုံးသားတော်မှ စီးဆင်းလာသော မေတ္တာ တရား အသက်သွေးကြော စီးဆင်းနေသောကြောင့်ဖြစ်သည်”။ “စည်းလုံးညီညွတ်မှုက ဆွဲဆောင်နေ ချိန်တွင်၊ စိတ်ဝမ်းကွဲပြားမှုက ကွဲပြားပြန့်ကြဲစေသည်” ကိုလဲ သတိပေးခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ကာဒီနယ်များသည် ယနေ့ကမ္ဘာကြီးအတွင်း အသင်းတော်၏ သာသနာပြုလုပ် ငန်း ဖြစ်သော Evangelii Gaudium၊ ဒေသန္တရအသင်းတော်များကို အထူးအလေးထားသည့် ရဟန်းမင်း ကြီးရုံးတော် (Holy See) ၏ ဝန်ဆောင်မှုဖြစ်သော Praedicate Evangelium၊ ပူးပေါင်းဆောင်ရွက်မှု၏ ကိရိယာနှင့် ပုံစံဖြစ်သော ဆီးနော့ဒ် (Synod) နှင့် ဆီးနော့ဒ်နည်းလမ်း (Synodality)၊ ခရစ်ယာန် အသက် တာ၏ ရင်းမြစ်နှင့် ထိပ်ဖျားဖြစ်သော ဝတ်ပြုကိုးကွယ်ခြင်း (Liturgy) စသည့် အကြောင်းအရာများထဲမှ ရွေးချယ်ကာ ဆင်ခြင်သုံးသပ်ကြမည်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။

သို့သော် “အချိန်အကန့်အသတ်ရှိမှုနှင့် လေးနက်စွာ ခွဲခြမ်းစိတ်ဖြာနိုင်မှုကို အားပေးရန်အတွက်” ၎င်းတို့ အနက်မှ နှစ်ခုကိုသာ အထူးပြုဆွေးနွေးသွားမည်ဖြစ်ကြောင်း သူက ပြောသည်။ ထိုသို့ဆွေးနွေးရာတွင် အောက်ပါမေးခွန်းဖြင့် လမ်းကြောင်းသတ်မှတ်မည်ဖြစ်သည်။ “လာမည့် တစ်နှစ် သို့မဟုတ် နှစ်နှစ်တာ ခရီးလမ်းကို မျှော်ကြည့်ရာတွင်၊ အကြောင်းအရာတစ်ခုစီနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးနှင့် ကူရီယာ (Curia) တို့၏ လုပ်ဆောင်ချက်များကို ထည့်သွင်းစဉ်းစားချက်များနှင့် ဦးစားပေးအချက်များက လမ်းညွှန် ပေးနိုင်မည်နည်း။”

ဤသည်မှာ ကာဒီနယ်များ ရှေ့ဆက်သွားမည့် နည်းလမ်းဖြစ်သည်။ သူတို့သည် “တစ်ဦးစီ၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ကို အာရုံစိုက်လျက်၊ တစ်ဦးနှင့်တစ်ဦး နားထောင်ပေးကာ၊ အားလုံး ပြောဆိုနိုင် ခွင့်ရှိစေရန် အဓိကအချက်ကိုသာ တိုတိုတုတ်တုတ် ပြောကြားကြရန်” ကြိုးပမ်းရမည်ဖြစ်သည်။

“နောင်အနာဂတ်တွင် တစ်ဦးနှင့်တစ်ဦး နားထောင်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို ရှာဖွေခြင်းနှင့် အတူတကွ လျှောက်လှမ်းခြင်းဟူသော ဤနည်းလမ်းသည် ကျွန်ုပ်ထံ အပ်နှင်းထားသော ပေတရု၏ ရာထူးတာဝန် (Petrine ministry) အတွက် များစွာ အထောက်အကူ ဖြစ်စေပါလိမ့်မည်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

“ညီအစ်ကိုစိတ်ဓာတ်၊ စစ်မှန်သော ခင်မင်ရင်းနှီးမှုတို့ဖြင့် အတူတကွ လုပ်ဆောင်ရန် သင်ယူခြင်းသည် ပစ္စုပ္ပန်နှင့် အနာဂတ် နှစ်ခုစလုံးကို ဗဟိုပြုစေမည့် အသစ်အဆန်းတစ်ခုကို ပေါ်ထွန်းစေနိုင်ပါသည်”။

အသင်းတော်၏ မိခင်ဖြစ်သော ကောင်းကင်ဘုံရှိမယ်တော်မာရီယာ၏ စောင့်ရှောက်မှုအောက်တွင် ကာ ဒီနယ်များ၏ ဆင်ခြင်သုံးသပ်ခြင်းများကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြပေးရန် ဆုတောင်းပေး ရင်း ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်- Fr.Peter Kyi maung

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *