၁၄ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး လီယိုက သန့်ရှင်းသောတံခါးကို ပိတ်သိမ်း၍ “မျှော်လင့်ခြင်း” ဂျူ ဘီလီနှစ်ကို အဆုံးသတ်။

သခင်ဘုရား၏ ပေါ်ထွန်းခြင်း၊ ဖေါ်ပြခြင်းပွဲနေ့ (Epiphany) တွင် ၁၄ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး လီယိုသည် စိန့်ပီတာ ဗာဆီလီကာ (St. Peter’s Basilica) ကျောင်းတော်ကြီး၌ ဘာသာတူ ၅,၈၀၀ ခန့်နှင့်အတူ မစ္ဆားတရားတော်ကို ဦးဆောင်ပူဇော်ခဲ့ပြီး၊ နောက်ဆုံးကျန်ရှိသည့် “သန့်ရှင်းသောတံခါး” (Holy Door) ကို ပိတ်သိမ်းကာ “မျှော်လင့်ခြင်း ဂျူဘလီနှစ်” (Jubilee Year of Hope) ကို တရားဝင် အဆုံးသတ်လိုက်သည်။

 အင်္ဂါနေ့တွင် ကျရောက်သော သခင်ဘုရား၏ ပေါ်ထွန်းခြင်း၊  ဖေါ်ပြခြင်းပွဲနေ့၌ ပုပ်ရဟန်းမင်းကြီး လီ ယိုသည် စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်ကြီးတွင် ဘာသာတူပေါင်း ၅,၈၀၀ ခန့်နှင့်အတူ မစ္ဆား တရားတော်ကို ဦးဆောင်ပူဇော်ခဲ့သည်။

မစ္ဆားတရားတော် အစတွင် ပုပ်ရဟန်းမင်းကြီးသည် ဂျူဘီလီနှစ်အတွက် ဖွင့်လှစ်ထားသော သန့်ရှင်း သောတံခါးများအနက် နောက်ဆုံးဖြစ်သည့် စိန့်ပီတာကျောင်းတော်ကြီး၏ တံခါးကို ပိတ်သိမ်းခဲ့သည်။ ဤလုပ်ဆောင်ချက်သည် “မျှော်လင့်ခြင်း၏ ဘုရားဖူးများ” ဟု ပုပ်ရဟန်းမင်းကြီး တင်စားခေါ်ဝေါ်သည့် မရေမတွက်နိုင်သော အမျိုးသား၊ အမျိုးသမီးအပေါင်းတို့က “တံခါးများ အမြဲပွင့်နေသော မြို့တော်၊ ဂျေရုဆလင်မြို့သစ်” ဆီသို့ ဦးတည်ကာ ကျောင်းတော်၏ အဝင်ဝကို ဖြတ်သန်းခဲ့ကြသည့် လပေါင်း များ စွာသော ကာလကို နိဂုံးချုပ်လိုက်ခြင်း ဖြစ်သည်။

မင်းပညာရှိများနှင့် ဟေရုဒ်မင်း

ရှင်မဿဲခရစ်ဝင်ကျမ်းမှ ထုတ်နုတ်ထားသော ထိုနေ့၏ ဧဝံဂေလိတရားတော်ကို ဆင်ခြင်ထောက် ရှုရာ တွင် ပုပ်ရဟန်းမင်းကြီးသည် မင်းပညာရှိတို့၏ ဝမ်းမြောက်ခြင်းနှင့် ဟေရုဒ်မင်း၏ ကြောက်ရွံ့ခြင်းတို့ကို နှိုင်းယှဉ်၍ အဓိကထား ဟောကြားခဲ့သည်။ ဘုရားသခင် ပေါ်ထွန်းလာမှုနှင့်အတူ ပါရှိလာတတ်သော တင်းမာမှုများကို သမ္မာကျမ်းစာက မည်သည့်အခါမျှ ဖုံးကွယ်ထားခြင်း မရှိကြောင်း ၎င်းက မှတ်ချက် ပြုခဲ့သည်။ “သမ္မာကျမ်းစာက ဘုရားသခင် ကိုယ်တော်တိုင် ပေါ်ထွန်းပြသခြင်းအကြောင်း ပြောတိုင်း ဝမ်းမြောက်ခြင်းနှင့် စိုးရိမ်တုန်လှုပ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် နာခံခြင်း၊ ကြောက်ရွံ့ခြင်းနှင့် တောင့်တခြင်း စသည့် ဆန့်ကျင်ဘက် တုံ့ပြန်မှုများကို ဖုံးကွယ်မထားပါ” ဟု မိန့်ကြားခဲ့သည်။ ထို့ပြင် ပေါ်ထွန်း ခြင်းပွဲ နေ့သည် ဘုရားသခင်၏ ရှိနေခြင်းက အရာရာကို မူလအတိုင်း မထားခဲ့ကြောင်း ဖော်ပြနေသည်ဟု ဖြည့် စွက်ပြောကြားခဲ့သည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် မျှော်လင့်ခြင်း၏ အစဖြစ်ကြောင်း၊ ကိုယ်တော်၏ တည်ရှိမှုသည် “နေအောက်၌ အသစ်သောအရာ မရှိ” ဟု လူတို့အား ညည်းတွားစေသည့် စိတ်ပျက်အားလျော့မှုများကို အဆုံးသတ်စေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆက်လက်မိန့်ကြားသည်။ “ထလော့၊ လင်းလျက် နေ လော့။ အကြောင်းမူကား သင်၏အလင်းသည် ရောက်လာပြီ။ ထာဝရဘုရား၏ ဘုန်းတော်သည် သင့် အပေါ်၌ ထွန်းလင်းပြီ” ဟူသော ပရောဖက်ပြုချက်နှင့်အညီ လက်ရှိနှင့် အနာဂတ်ကို ဆုံးဖြတ်ပေးမည့် အသစ်သောအရာတစ်ခု စတင်ခဲ့ပြီဖြစ်သည်။

သို့သော်လည်း ဗျာဒိတ်တော်များနှင့် ရင်းနှီးကျွမ်းဝင်ပြီး “အဖြေအားလုံးကို သိသည်” ဟု ထင်နေကြ သော ဂျေရုဆလင်မြို့သားတို့သည် မင်းပညာရှိတို့၏ ရှာဖွေမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြ ရသည်။ ၎င်းတို့သည် “မေးခွန်းများ မေးနိုင်စွမ်းနှင့် တောင့်တမှုကို မွေးမြူနိုင်စွမ်း ပျောက်ဆုံးနေပုံ ရသည်” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။ “မျှော်လင့်ချက်ကြောင့် ရောက်လာသူများ” အပေါ် ထိုမြို့က တုန်လှုပ်နေခြင်းသည် ဝမ်းမြောက်စရာ အရင်းအမြစ် ဖြစ်ရမည့်အစား ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ခံစား နေရခြင်း ဖြစ်သည်။ “ဤတုံ့ပြန်မှုသည် အသင်းတော်ဖြစ်သော ကျွန်ုပ်တို့ကိုလည်း စိန်ခေါ်နေပါသည်” ဟု ၎င်းက ဆိုသည်။

ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီးတို့၏ ရှာဖွေမှု

ထို့နောက် ဂျူဘီလီနှစ်ကို ပြန်လည်သုံးသပ်ရင်း ပုပ်ရဟန်းမင်းကြီး လီယိုသည် ယနေ့ခေတ်လူသားတို့၏ ဝိညာဉ်ရေးရာ ရှာဖွေမှုများကို စဉ်းစားရန် တိုက်တွန်းခဲ့သည်။ “ဤသူများသည် မည်သူတွေနည်း၊ အဘယ်အရာက သူတို့ကို လှုံ့ဆော်ခဲ့သနည်း။ သူတို့ ဘာကို တွေ့ရှိခဲ့သနည်း။ သူတို့၏ နှလုံးသား၊ သူတို့ ၏ မေးခွန်းများနှင့် ခံစားချက်များသည် အဘယ်နည်း” ဟု မေးခွန်းထုတ်ခဲ့သည်။ မင်းပညာရှိများ ကဲ့သို့ပင် ယနေ့ခေတ်တွင်လည်း ခက်ခဲပြီး အန္တရာယ်များသော ကမ္ဘာကြီးထဲ၌ စွန့်စားထွက်ခွာ ရှာဖွေရန် လိုအပ်သည်ဟု ခံစားနေရသူ “ယနေ့ခေတ် မင်းပညာရှိများ” ရှိနေဆဲဖြစ်ကြောင်း အလေးပေး ပြောကြား ခဲ့သည်။

အသင်းတော်အနေဖြင့် ဤကဲ့သို့ လူသားတို့၏ ရှာဖွေမှုကို မကြောက်ရွံ့ဘဲ “တန်ဖိုးထားရန်နှင့် ကျွန်ုပ်တို့ ကို အံ့အားသင့်စေသော ဘုရားသခင်ထံသို့ လမ်းညွှန်ပေးရန်” ဧဝံဂေလိတရားက တောင်းဆိုထားသည်။ “ဘုရားသခင်သည် ကျွန်ုပ်တို့ ထိန်းချုပ်၍ရသော အရာမဟုတ်ပါ။ ကိုယ်တော်သည် ငွေဆင်းတု၊ ရွှေဆင်း တုများကဲ့သို့ လက်ထဲ၌ မြဲမြဲမြံမြံ ရှိနေသူ မဟုတ်ဘဲ၊ မယ်တော်မာရီယား၏ ရင်ခွင်ထဲမှ သူငယ်တော် ကဲ့သို့၊ မင်းပညာရှိများ ကိုးကွယ်ခဲ့ကြသကဲ့သို့ အသက်ရှင်နေပြီး အသက်ကို ပေးသနားသော အရှင် ဖြစ်၍ ကျွန်ုပ်တို့ကို တုန်လှုပ်စေနိုင်ပါသည်” ဟု ဆိုသည်။

ထို့ကြောင့် သန့်ရှင်းသော နေရာများသည် အသက်ဇီဝကို ဆက်သွယ်ပေးရမည်ဖြစ်ပြီး၊ ဂျူဘလီ ဘုရား ဖူးနေရာများသည် “နောက်ထပ် ကမ္ဘာသစ်တစ်ခု စတင်နေပြီဆိုသည့် မမေ့နိုင်စရာ အသိတရားနှင့် အသက်ရှူသံများကို ပျံ့နှံ့စေရပါမည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ဟေရုဒ်မင်းသည် အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းကြောင့် ဘုရား သခင်၏ လုပ်ဆောင်ချက်အပေါ် တုံ့ပြန်မှု လွဲမှားခဲ့သည်။ “ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့၏ မျက်စိကို ကွယ်စေပါသည်” ဟု သတိပေးရင်း ဧဝံဂေလိတရား၏ ဝမ်းမြောက်ခြင်းကမူ ယုံကြည်သူများကို “သတိ ကြီးစွာ ရှိစေသော်လည်း ရဲရင့်စေခြင်း၊ ဂရုပြုတတ်ခြင်းနှင့် တီထွင်ကြံဆနိုင်ခြင်း” တို့ဖြင့် လွတ်မြောက်စေကာ လမ်းဟောင်းများမှ ခွဲထွက်၍ လမ်းသစ်များကို ပွင့်စေကြောင်း ဆိုသည်။

ပေါ်ထွန်းခြင်း၊ ဖေါ်ပြခြင်းပွဲ၏ အနှစ်သာရ

ဟောကြားချက်၏ နိဂုံးပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုက ပေါ်ထွန်းခြင်းပွဲ၏ အဓိကအချက်မှာ ဝယ် ယူ၍မရ၊ ထိန်းချုပ်၍မရသော လက်ဆောင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “မင်းပညာရှိများ ကိုးကွယ် ခဲ့သော သူငယ်တော်သည် တန်ဖိုးဖြတ်၍မရသော ကောင်းမြတ်ခြင်း အရှင်ဖြစ်ပါသည်။” ကိုယ်တော်၏ ပေါ်ထွန်းခြင်းသည် ခမ်းနားထည်ဝါသော နေရာတွင် မဟုတ်ဘဲ နှိမ့်ချသော နေရာတွင် ဖြစ်သော်လည်း ဗက်လင်မြို့ကို “သင်သည် အနည်းငယ်မျှ ငယ်သည်မဟုတ်” ဟု ဆိုခဲ့သည်။

“မျှော်လင့်ခြင်း၏ ဘုရားဖူးများ ဖြစ်လာရခြင်းမှာ တကယ်ကို အံ့သြစရာကောင်းလှသည်။ ကျွန်ုပ်တို့ အတူတကွ ဘုရားဖူးခရီး ဆက်နေကြခြင်းသည်လည်း အံ့သြစရာပင်ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီး က ဆိုသည်။ အကယ်၍ အသင်းတော်သည် အထိမ်းအမှတ် အဆောက်အအုံတစ်ခုအဖြစ်သာ မရပ်တည် ဘဲ လူသားတို့ နားခိုရာ “အိမ်” တစ်ခုအဖြစ် ဆက်လက်ရှိနေမည်ဆိုလျှင်၊ မယ်တော်မာရီယား၏ လမ်း ညွှန်မှုဖြင့် “၊ မေတ္တာတော်ကြောင့် လူ့ဇာတိခံယူခဲ့သော ဘုရားသခင်အားဖြင့် အသွင်ပြောင်းလဲထားသော ထူးကဲသည့် လူသားမျိုးနွယ်၊ အရုဏ်ဦးသစ်၏ မျိုးဆက်” ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း နိဂုံးချုပ် မြွက်ကြားခဲ့သည်။

ဘာသာပြန်- Fr.Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *