မင်းသုံးပါးပွဲ အန်ဂျေလူး မေတ္တာ ရွတ်ချိန် ပုပ်ရဟန်းမင်းကြီးဝေမျှသောတရား။

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ မင်္ဂလာနေ့လယ်ခင်းပါ။

ဤသန့်ရှင်းသော ကာလအတွင်း ကျွန်ုပ်တို့သည် ပွဲတော်နေ့ရက်များကို ကျင်းပခဲ့ကြပါသည်။ ယနေ့ ကျ ရောက်သော “သခင်ဘုရား၏ ပေါ်ထွန်းခြင်း၊ ဖေါ်ပြခြင်း မဟာပွဲတော်” (Solemnity of the Epiphany) သည် ၎င်း၏ အမည်နာမက ညွှန်းဆိုသည့်အတိုင်း ခက်ခဲသော အချိန်ကာလများ၌ပင် ဝမ်းမြောက်ခြင်းကို အဘယ်အရာက ဖြစ်ပေါ်စေနိုင်ကြောင်း ကျွန်ုပ်တို့အား ပြသနေပါသည်။ သင်တို့သိကြသည့်အတိုင်း “Epiphany” (ပေါ်ထွန်းခြင်း) ဆိုသည်မှာ “ထင်ရှားပြသခြင်း” ဟု အဓိပ္ပာယ်ရပြီး၊ ကျွန်ုပ်တို့၏ ဝမ်းမြောက် ခြင်းသည် အမှန်တကယ်ပင် ဖုံးကွယ်မထားတော့သော နက်နဲရာ အမှန်တရားမှ လာခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ အသက်တာသည် အချိန်ကာလများစွာနှင့် နည်းလမ်းအမျိုးမျိုးဖြင့် ထင်ရှားပြသခဲ့ပြီး ဖြစ်သော်လည်း၊ ယေဇူးရှင်၌ အထင်ရှားဆုံးနှင့် အတိကျဆုံး ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် များစွာသော ဒုက္ခဆင်းရဲခြင်းများကြား၌ပင် မည်သို့ မျှော်လင့်ရမည်ကို သိရှိနိုင်ကြမည် ဖြစ်သည်။ “ဘုရားသခင် ကယ်တင်သည်” ဟူသော စကား၌ [ယေဇူးဟူသော အမည်နာမမှလွဲ၍] အခြား အဓိပ္ပာယ်၊ အခြားအမည်နာမ မရှိပါ။ ကျွန်ုပ်တို့ကို လွတ်မြောက်စေပြီး ကယ်တင်သောအရာ သည်သာ လျှင် ဘုရားသခင်ထံမှ လာနိုင်ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းလည်း ဖြစ်ပါသည်။

မင်းပညာရှိများကဲ့သို့ ဗက်လင်မြို့မှ သူငယ်တော်၏ ရှေ့မှောက်တွင် ဒူးထောက်ခြင်းသည် ဘုရားသခင် ၏ ဘုန်းတော် ထွန်းလင်းတောက်ပနေသည့် စစ်မှန်သော လူ့သဘာဝကို တွေ့ရှိပြီဖြစ်ကြောင်း ဝန်ခံခြင်း လည်း ဖြစ်ပါသည်။ ယေဇူးရှင်၌ စစ်မှန်သော အသက်တာ ပေါ်ထွန်းလာပါသည်။ ထိုအသက်တာသည် မိမိကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများနှင့် မိတ်သဟာယဖွဲ့ကာ ဖွင့်ဟထားပြီး၊ “ကောင်းကင်ဘုံ၌ ပြည့်စုံ သကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” (ရှင်မဿဲ ၆:၁၀) ဟု ဆိုတတ်ရန် ကျွန်ုပ်တို့ကို သင်ကြားပေး တော်မူ၏။ ဧကန်စင်စစ် ဘုရားသခင်၏ အသက်တာသည် ကျွန်ုပ်တို့ လက်လှမ်းမှီရာတွင် ရှိနေပါသည်။ ထိုအသက်တာသည် ကြောက်ရွံ့ခြင်း အနှောင်အဖွဲ့များကို ဖြေလျော့ပေးပြီး ငြိမ်းချမ်းရေးနှင့် ထိတွေ့စေ နိုင်သည့် တက်ကြွသော လွတ်လပ်မှုထဲတွင် ကျွန်ုပ်တို့ ပါဝင်နိုင်စေရန် ထင်ရှားပြသခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်ခြေတစ်ခုနှင့် ဖိတ်ခေါ်ချက်တစ်ခု ဖြစ်သည်၊ အကြောင်းမူကား မိတ်သဟာယဖွဲ့ခြင်း (Communion) ကို တားဆီးချုပ်ချယ်၍ မရနိုင်သောကြောင့် ဖြစ်သည်။ ဤအရာထက် မည်သည့်အရာကို ကျွန်ုပ်တို့ ပို၍ တောင့်တနိုင်မည်နည်း။

ဧဝံဂေလိကျမ်းစာနှင့် ကျွန်ုပ်တို့၏ ခရစ္စမတ်သူငယ်တော် အိမ်များတွင် မင်းပညာရှိတို့သည် ရွှေ၊ လော ဗန်၊ မီရာ ဟူသော အဖိုးတန်လက်ဆောင်များကို သူငယ်တော်ယေဇူးအား ဆက်သကြသည် (ရှင်မဿဲ ၂:၁၁)။ ထိုအရာများသည် ကလေးငယ်တစ်ဦးအတွက် အသုံးမဝင်ဟု ထင်ရသော်လည်း ဂျူဘလီနှစ်၏ အဆုံးသို့ ရောက်ရှိလာချိန်တွင် ကျွန်ုပ်တို့ ဆင်ခြင်တွေးတောစရာများစွာ ပေးသည့် ဆန္ဒတစ်ခုကို ထိုလက် ဆောင်များက ဖော်ပြနေပါသည်။ အကြီးမြတ်ဆုံးသော လက်ဆောင်မှာ “အရာအားလုံးကို ပေးလှူခြင်း” ဖြစ်သည်။ သူမ ပိုင်ဆိုင်သမျှဖြစ်သော နောက်ဆုံးကျန် ကြေးဒင်္ဂါးနှစ်ပြားကို ဗိမာန်တော် ဘဏ္ဍာတိုက် ထဲသို့ ထည့်သွင်းခဲ့သည့် ယေဇူးသတိပြုမိသော ဆင်းရဲသားမုဆိုးမအကြောင်းကို ပြန်လည်အောက် မေ့ကြပါစို့ (ရှင်လုကာ ၂၁:၁-၄)။ အရှေ့အရပ်မှလာသော မင်းပညာရှိတို့၏ ပိုင်ဆိုင်မှုများအကြောင်း ကျွန်ုပ်တို့ ဘာမျှမသိရသော်လည်း ၎င်းတို့၏ ထွက်ခွာလာမှု၊ စွန့်စားမှုနှင့် လက်ဆောင်ပဏ္ဍာများသည် ကျွန်ုပ်တို့၏ ဖြစ်တည်မှုနှင့် ပိုင်ဆိုင်မှု အရာခပ်သိမ်းကို တန်ဖိုးဖြတ်၍မရသော ရတနာဖြစ်သည့် ယေဇူး ရှင်ထံ ဆက်သရန် လိုအပ်ကြောင်း အကြံပြုနေပါသည်။ ဂျူဘလီနှစ်သည် ၎င်း၏ အစိတ်အပိုင်းအားဖြင့် အပြန်အလှန် မျှော်ကိုးခြင်းမရှိသော ပေးကမ်းခြင်းအပေါ် အခြေခံသည့် တရားမျှတမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ မြေယာနှင့် သယံဇာတများကို ပြန်လည်ခွဲဝေသုံးစွဲမှု၊ “ပိုင်ဆိုင်သောအရာ” နှင့် “ဖြစ်တည်မှု” ကို ကျွန်ုပ်တို့၏ အကြံအစည်ထက် ကြီးမြတ်သော ဘုရားသခင်၏ စီမံကိန်းများထံ ပြန်လည်အပ်နှံခြင်း စသည့် မူလဂျူဘလီ ပြဋ္ဌာန်းချက်များကို သတိရစေခဲ့သည်။

ချစ်မိတ်ဆွေတို့၊ ကျွန်ုပ်တို့ ကြွေးကြော်သော မျှော်လင့်ခြင်းသည် လက်တွေ့ဘဝတွင် အခြေခံရပါမည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးဘုရားရှင်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာပြီး ဤမြေကြီးပေါ်တွင် သမိုင်းသစ်တစ်ခုကို ဖန်တီးခဲ့သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ မင်းပညာရှိတို့၏ လက်ဆောင်များတွင် ကျွန်ုပ်တို့ တစ်ဦးစီ မျှဝေပေးကမ်းနိုင်သည့်အရာ၊ မိမိတို့အတွက်သာ သိမ်းဆည်းမထားတော့ဘဲ ယေရှု ရှင်၏ တည်ရှိခြင်းသည် ကျွန်ုပ်တို့အလယ်တွင် ကြီးထွားလာစေရန် အခြားသူများကို ပေးကမ်းရမည့် အရာတို့ကို တွေ့မြင်ရပါသည်။ ကိုယ်တော်၏ နိုင်ငံတော် တိုးပွားပါစေ၊ ကိုယ်တော်၏ နှုတ် ကပတ်တော် သည် ကျွန်ုပ်တို့၌ ပြည့်စုံခြင်းသို့ ရောက်ပါစေ၊ သူစိမ်းများနှင့် ရန်သူများသည် ညီအစ်ကိုမောင်နှမများ ဖြစ်လာကြပါစေ။ မညီမျှမှုများ၏ နေရာတွင် တရားမျှတခြင်း ရှိပါစေ၊ စစ်မက်ရေးရာ စက်မှုလုပ်ငန်း များ၏ နေရာတွင် ငြိမ်းချမ်းရေး တည်ဆောက်မှု လက်မှုပညာဖြင့် အစားထိုးနိုင်ပါစေ။ မျှော်လင့်ခြင်းကို ရက်လုပ်သူများအနေဖြင့် အခြားသောလမ်းမှတဆင့် အနာဂတ်ဆီသို့ အတူတကွ ခရီးဆက်ကြပါစို့ (ရှင်မဿဲ ၂:၁၂)။

အိန်ဂျဲလူးမေတ္တာ (Angelus) ဆိုပြီးနောက်

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

ယနေ့ကျရောက်သော “ကလေးသူငယ် သာသနာပြုနေ့” (Missionary Childhood Day) လည်းဖြစ်သည့် Epiphany ပွဲနေ့၌ ကမ္ဘာ့နေရာအနှံ့အပြားတွင် သာသနာပြုများအတွက် ဆုတောင်းပေးနေကြသော၊ မိမိတို့ထက် ဆင်းရဲနွမ်းပါးသည့် ရွယ်တူချင်းများကို ကူညီရန် တစိုက်မတ်မတ် လုပ်ဆောင်နေကြသော ကလေးများနှင့် လူငယ်မောင်မယ်များ အားလုံးကို နှုတ်ခွန်းဆက်သပြီး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ ကျေးဇူးတင်ပါတယ် ချစ်မိတ်ဆွေတို့။

ဂျူလီယန်ပြက္ခဒိန် (Julian calendar) အရ မနက်ဖြန်တွင် ခရစ္စမတ်ပွဲတော် ကျင်းပကြမည့် အရှေ့တိုင်း အသင်းတော်အသိုင်းအဝိုင်းများ (Ecclesial communities of the East) သို့လည်း ကျွန်ုပ်၏ စိတ်အာရုံက ဦးတည်နေပါသည်။ ချစ်လှစွာသော ညီအစ်ကိုမောင်နှမတို့၊ သခင်ယေဇူးသည် သင်တို့နှင့် သင်တို့၏ မိသားစုများကို တည်ငြိမ်အေးချမ်းခြင်းနှင့် ငြိမ်းချမ်းခြင်း ပေးသနားတော်မူပါစေ။

သင်တို့အားလုံး၊ ရောမမြို့သူမြို့သား ဘာသာတူများနှင့် နိုင်ငံအသီးသီးမှ ဘုရားဖူးများ၊ အထူးသဖြင့် “အပြည်ပြည်ဆိုင်ရာ ကျေးလက်ဒေသ ကက်သလစ်အသင်း” (International Rural Catholic Association) ၏ ဦးဆောင်ကောင်စီ အဖွဲ့ဝင်များကို ချစ်ခင်စွာ နှုတ်ခွန်းဆက်သလိုက်ပြီး သင်တို့၏ လုပ်ငန်းဆောင်တာများအတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

လမ်ပယ်ဒူဆာ (Lampedusa) မှ ဘာသာတူများနှင့် ၎င်းတို့၏ ကျောင်းထိုင်ဘုန်းတော်ကြီး၊ “Tra Noi” လှုပ်ရှားမှုအဖွဲ့မှ လူငယ်များနှင့် ယခုနှစ်တွင် စစ္စလီကျွန်း (Sicily) ၏ ရိုးရာဓလေ့ကို ဖော်ကျူးထားသည့် Epiphany ပွဲတော် တန်ဖိုးများဆိုင်ရာ သမိုင်းဝင် ရိုးရာစီတန်းလှည့်လည်ပွဲ၌ ပါဝင်သူများကိုလည်း နှုတ်ခွန်းဆက်သလိုက်ပါသည်။

ပိုလန်နိုင်ငံမှ ဘုရားဖူးများနှင့် ယနေ့ ဝါဆောမြို့ (Warsaw)၊ ပိုလန်နိုင်ငံရှိ မြို့ကြီးများ၊ နှင့် ရောမမြို့တို့တွင် ပြုလုပ်လျက်ရှိသော “မင်းပညာရှိများ စီတန်းလှည့်လည်ခြင်း” (Procession of the Magi) ၌ ပါဝင်ဆင်နွှဲနေကြသူ အများအပြားကိုလည်း နှုတ်ခွန်းဆက်သပါသည်။

သင်တို့အားလုံးအတွက် ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်ဘုရား၏ အလင်းရောင်အောက်တွင် နှစ်သစ်ဆုမွန်ကောင်းများကို တောင်းခံပေးလိုက်ပါသည်။

အားလုံးအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ပျော်ရွှင်ဖွယ်ရာ ပွဲတော်နေ့ ဖြစ်ပါစေ။

ဘာသာပြန်- Fr.Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *