ချစ်ခင်လေးစားအပ်ပါသော ညီအစ်ကို မောင်နှမအပေါင်းတို့၊ မင်္ဂလာရှိသော တနင်္ဂနွေနေ့ဖြစ်ပါစေ။

သခင်ဘုရား ဖွားမြင်တော်မူခြင်းပွဲတော်အပြီး ဒုတိယမြောက် တနင်္ဂနွေနေ့မှာ သင်တို့အားလုံးကို ကျွန်ုပ် ၏ ကောင်းမွန်သော ဆုတောင်းမေတ္တာများကို ဦးစွာ အသစ်တဖန် ပေးပို့လိုပါတယ်။ သန်ဘက်ခါမှာ စိန့်ပီတာ ဘာဆီလီကာ ဘုရားကျောင်းတော်ကြီးရဲ့ သန့်ရှင်းသော တံခါးပေါက် (Holy Door) ကို ပိတ် သိမ်းခြင်းနဲ့အတူ ကျွန်ုပ်တို့ဟာ “မျှော်လင့်ခြင်း ဂျူဘီလီ” (Jubilee of Hope) ကို ရုပ်သိမ်းတော့မှာ ဖြစ်ပါ တယ်။

ကျွန်ုပ်တို့ ဆက်လက် နစ်ဝင်ခံစားနေဆဲဖြစ်တဲ့ ခရစ္စမတ်ပွဲတော်ရဲ့ နက်နဲရာ အချက်ကတော့ ကျွန်ုပ်တို့ မျှော်လင့်ခြင်းရဲ့ အခြေခံအုတ်မြစ်ဟာ “ဘုရားသခင် လူ့ဇာတိကို ခံယူတော်မူခြင်း” ဖြစ်တယ်ဆိုတာကို သတိပေးနေပါတယ်။ ဒီကနေ့ ဝတ်ပြုခြင်း အစီအစဉ်မှာ ဖတ်ရှုရတဲ့ ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်းမှာ— “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ငါတို့တွင် ကိန်းဝပ်တော်မူ၏” (ယော ၁:၁၄) လို့ ရှင်းလင်းစွာ ဖော်ပြထားပါတယ်။

 အမှန်စင်စစ်၊ ခရစ်ယာန်တို့ရဲ့ မျှော်လင့်ခြင်းဆိုတာ အကောင်းမြင် ဟောကိန်းထုတ်မှုတွေ ဒါမှမဟုတ် လူသားတွေရဲ့ တွက်ချက်မှုတွေအပေါ်မှာ အခြေမခံဘဲ၊ ကျွန်ုပ်တို့ရဲ့ ဘဝခရီးလမ်းမှာ တစ်ယောက်တည်း မဖြစ်စေဖို့ ကျွန်ုပ်တို့နဲ့အတူ ခရီးနှင်ဖို့ ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်ပါပဲ။ ယေဇူးခရစ်တော်အားဖြင့် ကိုယ်တော်ဟာ ကျွန်ုပ်တို့ထဲက တစ်ဦး ဖြစ်လာခဲ့တယ်၊ ကျွန်ုပ်တို့နဲ့အတူ နေထိုင်ဖို့ ရွေးချယ်ခဲ့တယ်၊ ပြီးတော့ ထာဝရ “ငါတို့နှင့်အတူရှိတော်မူသော ဘုရားသခင်” (Emmanuel) ဖြစ်ဖို့ အလိုရှိခဲ့ပါတယ်။

လူသားရဲ့ နုနယ်လှတဲ့ အသားနု၊ အသွေးနုနဲ့ ယေဇူးခရစ်တော် ကြွလာခြင်းဟာ ကျွန်ုပ်တို့ရဲ့ မျှော်လင့် ခြင်းကို ပြန်လည် တောက်လောင်စေပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ဒါဟာ ကျွန်ုပ်တို့ကို တာဝန်နှစ်ရပ် ပေးအပ်လိုက်ပါတယ်။ တစ်ခုက ဘုရားသခင်အပေါ်မှာထားတဲ့ ကတိကဝတ်ဖြစ်ပြီး၊ နောက်တစ်ခုက တော့ လူသားအချင်းချင်းအပေါ်မှာ ထားရှိရမယ့် ကတိကဝတ် ဖြစ်ပါတယ်။

ကိုယ်တော်သည် လူ့ဇာတိကို ခံယူပြီး ကျွန်ုပ်တို့ရဲ့ နုနယ်အားနည်းတဲ့ လူ့သဘာဝကို ကိုယ်တော် ကိန်းဝပ် ရာအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ကျွန်ုပ်တို့ဟာ ဘုရားသခင်အပေါ် ထားရှိတဲ့ အတွေးအမြင်တွေကို စိတ် ကူးယဉ် အယူဝါဒတွေကနေ မစဘဲ ယေဇူးခရစ်တော်ရဲ့ လူ့ဇာတိခံယူမှုကနေ စတင်ပြီး ပြန်လည် သုံး သပ်ကြဖို့ ခေါ်ယူခြင်း ခံရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာနဲ့ ယုံကြည်ခြင်း ဖော်ပြချက် တွေဟာ အနှစ်သာရရှိပြီး လက်တွေ့ကျဖို့အတွက် အစဉ်အမြဲ ဆန်းစစ်နေရပါမယ်။

 တစ်နည်းအားဖြင့် ပြောရရင်၊ ယေဇူးခရစ်တော်အားဖြင့် ကျွန်ုပ်တို့နဲ့ လာရောက်တွေ့ဆုံတဲ့ ဘုရား သခင် ကို ကြည့်ရှု ဆင်ခြင်ခြင်း၊ ကြွေးကြော်ခြင်းနဲ့ ဆုတောင်းခြင်းတွေကို ပြုလုပ်နိုင်ရပါမယ်။ ကိုယ်တော် သည် ကျွန်ုပ်တို့ရဲ့ အထက်က ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံမှာ ဝေးကွာစွာ နေထိုင်တဲ့ ဘုရားမဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ နုနယ်လှတဲ့ ကမ္ဘာမြေပေါ်မှာ နီးကပ်စွာ နေထိုင်တဲ့ဘုရား၊ ကျွန်ုပ်တို့ရဲ့ ညီအစ်ကို မောင်နှမ တွေရဲ့ မျက်နှာစာတွေမှာ ရှိနေတဲ့ဘုရား၊ ပြီးတော့ နေ့စဉ်ဘဝ အခြေအနေတွေထဲမှာ ကိုယ်တော့်ကိုယ်ကို ထင်ရှားစေတဲ့ ဘုရား ဖြစ်ပါတယ်။

လူသားအားလုံးအပေါ် ကျွန်ုပ်တို့ ထားရှိတဲ့ ကတိကဝတ်ဟာလည်း တသမတ်တည်း ရှိနေရပါမယ်။ ဘုရားသခင်သည် ကျွန်ုပ်တို့ထဲက တစ်ဦး ဖြစ်လာခဲ့တဲ့အတွက် လူသားတိုင်းဟာ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန် တော်ကို ဆောင်ထားတဲ့၊ ကိုယ်တော်ရဲ့ အလင်းစက်တွေ ကိန်းဝပ်နေတဲ့ ကိုယ်တော့်ရဲ့ ရောင်ပြန်ဟပ်မှု တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် လူတိုင်းရဲ့ ချိုးဖောက်လို့မရတဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြုဖို့နဲ့ တစ်ဦး နဲ့တစ်ဦး အပြန်အလှန် ချစ်ခြင်းမေတ္တာတွေ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင်၊ လူ့ဇာတိခံယူခြင်း နက်နဲရာအချက်က ညီအစ်ကိုရင်းချာ စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို တောင်းဆိုနေပါတယ်။ ဒီကတိကဝတ်အားဖြင့် လူသားချင်း စာနာထောက် ထားမှုဟာ လူမှုဆက်ဆံရေး အားလုံးရဲ့ စံနှုန်းတစ်ခု ဖြစ်လာပြီး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းဖို့၊ အားနည်းသူတွေကို စောင့်ရှောက်ဖို့နဲ့ ကာကွယ်ပေးဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းနေပါတယ်။ ဘုရားသခင်ဟာ လူ့ဇာတိကို ခံယူခဲ့ပါတယ်။ ဒါကြောင့် လူသားမျိုးနွယ်ကို ဂရုမစိုက်ဘဲနဲ့ ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်း မည်သည့်အခါမျှ မရှိနိုင်ပါဘူး။

ညီအစ်ကို မောင်နှမတို့၊ ခရစ္စမတ်ရဲ့ ဝမ်းမြောက်ခြင်းက ကျွန်ုပ်တို့ရဲ့ ခရီးလမ်းကို ဆက်လျှောက်ဖို့ ခွန်အားပေးပါစေ။ ကျွန်ုပ်တို့ကို ဘုရားသခင်နဲ့ လူသားချင်းအပေါ် အစေခံဖို့ အမြဲ အသင့်ရှိနေသူများ ဖြစ်စေရန် မယ်တော်မာရိထံတွင် ဆုတောင်းပန်ကြားကြပါစို့။

Fr. Peter Kyi Maung

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *