“မြင်နေရတာချင်းတူတောင် မြင်ပုံချင်းမတူနိုင်ဘူး”
လူမှုကွန်ရက်ပေါ်မှာ သတင်းတစ်ခု၊ အကြောင်းအရာတစ်ခု Hot ဖြစ်လာတိုင်း အငြင်းအခုံတွေ ဖြစ်ကြတာကို မကြာမကြာ တွေ့ရတတ်ပါတယ်။ လူပြောများတဲ့ ပို့စ်တွေအောက်က Comment တွေကိုလည်း စိတ်ဝင်တစား လိုက်ဖတ်ကြည့်ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို မတူညီတဲ့ လူတွေဟာ ပုံစံမျိုးစုံနဲ့ ဘယ်လိုများ တွေးကြလဲ၊ မြင်ကြမလဲဆိုပြီးတော့ပေါ့..။
ဖော်ပြထားတဲ့ သတင်း၊ အကြောင်းအရာက အတူတူပဲ။ ဒါပေမဲ့ တစ်ယောက်က ဒါကို “မှန်တယ်” လို့ မြင်တဲ့အချိန်မှာ နောက်တစ်ယောက်က “မှားတယ်” လို့ မြင်တယ်။ တစ်ယောက်က “ဖြစ်သင့်တယ်” လို့ ယူဆချိန်မှာ နောက်တစ်ယောက်က “လုံးဝမဖြစ်သင့်ဘူး” လို့ သတ်မှတ်တယ်။
ဘာကြောင့် ဒီလောက်အမြင်တွေ ကွဲလွဲနေကြရတာလဲ..။ လူတွေက တမင်သက်သက်ကို ခေါင်းမာပြီး ငြင်းခုံနေကြတာလား..။
တကယ်တော့ အများစုက အဲဒီလို မဟုတ်ပါဘူး။ သူတို့အားလုံးဟာ သူတို့မြင်ရတဲ့ အမှန်တရားကို ပြောနေကြခြင်းသာ ဖြစ်ပါတယ်။
လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် “မျက်မှန်” တစ်လက်စီ တပ်ထားကြတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ အဲဒီမျက်မှန်ကို ကိုယ့်ရဲ့ မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ မိဘရဲ့သွန်သင်ဆုံးမမှု၊ ငယ်ဘဝအတွေ့အကြုံ၊ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာတွေ၊ အောင်မြင်မှုတွေ၊ ဖတ်ခဲ့တဲ့စာအုပ်တွေ၊ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ပြုလုပ်ထားတာပါ။
ဒီတော့ လောကကြီးကို ကြည့်တဲ့အခါမှာ ဉာဏတို့ဟာ ရှိရင်းစွဲအတိုင်း ပကတိမြင်ရတာမဟုတ်ဘဲ၊ ကိုယ့်မျက်မှန်ရဲ့ မှန်ဘီလူးအရောင်ခံပြီးမှ မြင်ကြရတာပါ။ ကိုယ့်မျက်မှန်က အဝါရောင်ဆို လောကကြီးကို အဝါရောင်ဘက်သမ်းပြီးမြင်မယ်။ ကိုယ့်မျက်မှန်က အပြာရောင်ဆို အရာရာကို အပြာရောင်ဘက်ကနေပဲ မြင်မိမှာပေါ့။
တစ်စုံတစ်ယောက်က ငွေရေးကြေးရေးကို သိပ်တန်ဖိုးထားတယ်၊ ပိုက်ဆံမသုံးရက်ဘူး၊ ချွေတာလွန်းတယ်ဆိုရင် ဉာဏတို့က သူ့ကို “ကပ်စေးနှဲလိုက်တာ” လို့ အလွယ်တကူ ကောက်ချက်ချလိုက်တတ်တယ်။ ဒါက ကိုယ့်မျက်မှန်က မြင်ပုံပဲ။
သူ့မျက်မှန်ဘက်က ကြည့်ရင်တော့ သူဟာ ငယ်စဉ်ဘဝမှာ အလွန်အမင်း ဆင်းရဲဒုက္ခရောက်ခဲ့လို့ ငွေကြေးရဲ့တန်ဖိုးကို သူများထက်ပိုနားလည်နေတာ ဖြစ်နိုင်တယ်။ ငွေမရှိလို့ ဆေးကုခွင့်မရခဲ့တာမျိုး၊ အနိုင်ကျင့်ခံခဲ့ရတာမျိုး ကြုံဖူးကောင်းကြုံဖူးလိမ့်မယ်။ သူ့အတွက်တော့ ပိုက်ဆံဆိုတာ “လုံခြုံမှု” ပဲ။ ဒီတော့ သူ ချွေတာနေတာဟာ ကပ်စေးနှဲတာမဟုတ်ဘဲ သူ့ကိုယ်သူ နာကျင်မှုတွေကနေ ကာကွယ်နေခြင်း ဖြစ်ပါတယ်။
ဆက်ဆံရေးတွေမှာလည်း ဒီလိုပါပဲ။ ချစ်သူနှစ်ဦးကြားမှာ တစ်ယောက်က “ငါ့ကို ဂရုမစိုက်ဘူး” လို့ ခံစားနေရတယ်။ နောက်တစ်ယောက်ကတော့ “ငါအလုပ်တွေရှုပ်နေတာကို နားမလည်ပေးဘူး” လို့ မြင်တယ်။
တကယ်တော့ အလုပ်ရှုပ်နေသူက သူ့ရဲ့ “တာဝန်ကျေပွန်ခြင်း” ဆိုတဲ့ မျက်မှန်နဲ့ လောကကိုကြည့်ပြီး အလုပ်ကို အာရုံစိုက်နေတာ။ ဂရုစိုက်ခံချင်သူကတော့ သူ့ရဲ့ “အသိအမှတ်ပြုခံချင်စိတ်” ဆိုတဲ့ မျက်မှန်နဲ့ ကြည့်ပြီး သူ့အတွက် အချိန်မပေးတာကို အချစ်လျော့သွားပြီလို့ ဘာသာပြန်နေတာပါ။ နှစ်ယောက်လုံး မမှားပါဘူး။ သူတို့တပ်ထားတဲ့ မျက်မှန်တွေပဲ ကွာနေတာပါ…။
ဒီအမြင်ဟာ သူများကို ပိုပြီးနားလည်တတ်လာစေတယ်။ ငါမြင်နေရတာဟာ အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ ငါ့မျက်မှန်ကတစ်ဆင့်မြင်နေရတဲ့ မြင်ကွင်းတစ်ခုပဲ ဆိုတာကို နားလည်စေတယ်။ တစ်ဖက်လူက ဘာကြောင့် ဒီလိုတွေးရသလဲ၊ ဒီလိုပြောရသလဲဆိုတာကို သူ့နေရာကနေ ဝင်ကြည့်ပေးချင်စိတ်၊ သူ့မျက်မှန်ကို ခဏငှားတပ်ကြည့်ချင်စိတ် ဖြစ်လာစေတယ်။
ငါမှန်တယ်၊ သူမှားတယ်ဆိုတဲ့ အဖြူအမည်းတွေးခေါ်ပုံကနေ သူ့မှာလည်း သူ့အမှန်တရားနဲ့သူ ရှိနိုင်တယ်ဆိုတဲ့ ရှုထောင့်ပေါင်းစုံကို မြင်တတ်လာစေပါတယ်။
လူတစ်ယောက်ကို ပြောင်းလဲဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ သူ့မျက်မှန်ကို ဆွဲချွတ်ပြီး ကိုယ့်မျက်မှန်ကို အတင်းတပ်ပေးလို့ မရနိုင်ပါဘူး။ သူမြင်နေရတဲ့အရာတွေ မှားယွင်းနေကြောင်း သက်သေတွေ ဘယ်လောက်ပြပြ သူလက်ခံချင်မှ လက်ခံပါလိမ့်မယ်။
ကိုယ်လုပ်နိုင်တာက ကိုယ့်မျက်မှန်မှာလည်း အရောင်တွေ၊ အစင်းရာတွေ ရှိနေနိုင်တယ်ဆိုတာကို အမြဲသတိရဖို့ပါပဲ။ ပြီးတော့ တစ်ဖက်လူရဲ့မျက်မှန်နောက်ကွယ်က သူ့ဘဝအကြောင်းကို စာနာစိတ်နဲ့ နားထောင်ပေးဖို့ပါပဲ။
ကိုယ်ဟာ ကိုယ်တိုင်မသိဘဲ ကိုယ့်အမြင်၊ ကိုယ့်ယုံကြည်ချက်ဆိုတဲ့ မှန်ဘီလူးတွေနောက်ကနေ လောကကြီးကို အကဲဖြတ်နေကြတာပါ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါ “ဘာလို့ ငါ့လိုမမြင်ရတာလဲ” လို့ ဒေါသထွက်မယ့်အစား “သူ့ဘဝအတွေ့အကြုံက သူ့ကို ဘယ်လိုမြင်စေခဲ့လို့ပါလိမ့်” လို့ မေတ္တာရှေ့ထားပြီး တွေးပေးလိုက်ပါ။ အဲဒီအခါမှာ အငြင်းအခုံတွေအစား နားလည်မှုတွေ ပိုပြီး ဖြစ်ထွန်းလာပါလိမ့်မယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *