
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ “Urbi et Orbi” သဝဏ်လွှာ။

၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲတော် စိန့်ပီတာ ဘာသာရေးဝတ်ပြုကျောင်းတော်ကြီး၏ ဗဟိုလေသာဆောင်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ ကြာသပတေးနေ့
“ဘုရားသခင်၏သားတော်၊ ယေဇူးခရစ်တော်၏ဖွားမြင်ခြင်းမှသည် လက်ဝါးကားတိုင်ထက်တွင် အသေ ခံတော်မူသည်အထိ လမ်းညွှန်ပေးမည့် အခြေခံကျသော ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ မြင်တွေ့ရပါသည်။ ထိုဆုံးဖြတ်ချက်မှာ ကျွန်ုပ်တို့အား အပြစ်ဝန်ထုပ်ဝန်ပိုးအောက်၌ ပစ်မထားဘဲ ထိုအပြစ်များကို ကျွန်ုပ် တို့အတွက် ကိုယ်တော်တိုင် ခံယူထမ်းရွက်ပေးရန် ဖြစ်ပါသည်။
ဤအမှုကို ကိုယ်တော်တစ်ပါးတည်းသာလျှင် ပြုနိုင်စွမ်းရှိပါသည်။ သို့သော် တစ်ချိန်တည်းမှာပင်၊ ကျွန်ုပ် တို့ကိုယ်တိုင်သာလျှင် ပြုလုပ်နိုင်သည့်အရာဖြစ်သော ‘မိမိတို့၏ တာဝန်ဝတ္တရားများကို ကိုယ်တိုင် ယူကြ ရန်’ ကိုလည်း ကိုယ်တော်က ပြသခဲ့ပါသည်။ စင်စစ်အားဖြင့်၊ ကျွန်ုပ်တို့မပါဘဲ ကျွန်ုပ်တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင်သည်၊ ကျွန်ုပ်တို့မပါဘဲ (ဆိုလိုသည်မှာ ချစ်ခြင်းမေတ္တာထားရှိရန် ကျွန်ုပ်တို့၏ လွတ်လပ်သောဆန္ဒမပါဘဲ) ကျွန်ုပ်တို့ကို ကယ်တင်မည်မဟုတ်ပါ။ (စိန့်သြဂတ်စတင်း၏ ဒေသနာတော် ၁၆၉၊ ၁၁၊ ၁၃ ကို ကိုးကားသည်)။
အကြင်သူသည် မချစ်တတ်လျှင် ထိုသူသည် ကယ်တင်ခြင်းမခံရဘဲ ဆုံးရှုံးရ၏။ မိမိမြင်ရသော ညီအစ် ကိုမောင်နှမကို မချစ်သောသူသည် မိမိမမြင်ရသော ဘုရားသခင်ကို မချစ်နိုင်ပါ။ (၁ ယော ၄:၂၀ ကို ကိုးကားသည်)။
ညီအစ်ကို မောင်နှမအပေါင်းတို့၊ တာဝန်သိစိတ်ရှိခြင်းသည် ငြိမ်းချမ်းရေးဆီသို့ သွားရာ စိတ်ချရသော လမ်းကြောင်းပင် ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့အားလုံးသည် အဆင့်တိုင်း၌ အခြားသူများကို အပြစ်တင်နေခြင်းကို ရပ်တန့်ပြီး၊ မိမိတို့၏ အမှားများကို ဝန်ခံကာ ဘုရားသခင်ထံ ခွင့်လွှတ် မှုတောင်းခံကြမည်ဆိုလျှင်၊ ထို့အပြင် အခြားသူများ၏ ဆင်းရဲဒုက္ခများထဲသို့ အမှန်တကယ် ဝင်ရောက် ခံစားပေးပြီး အားနည်းသူများနှင့် ဖိနှိပ်ခံရသူများဘက်မှ ရပ်တည်ပေးကြမည်ဆိုလျှင် ဤကမ္ဘာကြီးသည် ပြောင်းလဲသွားပါလိမ့်မည်။ …
ငြိမ်းချမ်းရေး၏မင်းသား (ခရစ်တော်) အနေဖြင့် မြန်မာနိုင်ငံ ကို ပြန်လည်သင့်မြတ်ခြင်း၏ အနာဂတ် အလင်းရောင်ဖြင့် လင်းလက်စေရန်၊ မျိုးဆက်သစ်လူငယ်များထံ မျှော်လင့်ချက်များ ပြန်လည် ပေးသနားရန်၊ လူမျိုးအပေါင်းကို ငြိမ်းချမ်းရေးလမ်းစဉ်များအတိုင်း လမ်းညွှန်ပေးရန်နှင့် အမိုးအကာမဲ့၊ လုံခြုံမှုမဲ့ကာ မရေရာသော အနာဂတ်ဖြင့် နေထိုင်နေရသူများကို စောင့်ရှောက်ပေးပါရန် ကျွန်ုပ်တို့ ဆုတောင်းကြပါစို့။ …
နောက်ထပ် ရက်အနည်းငယ်အတွင်း ‘ဂျူဘီလီနှစ်’ (Jubilee Year) သည် ပြီးဆုံးတော့မည် ဖြစ်ပါသည်။ သန့်ရှင်းသော တံခါးတော်များ (Holy Doors) ပိတ်သွားမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ မျှော်လင့် ချက်ဖြစ်သော ခရစ်တော်သည် ကျွန်ုပ်တို့နှင့်အတူ အမြဲရှိနေပါသည်။
ကိုယ်တော်သည် ဘုရားသခင်၏ အသက်တာအတွင်းသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားမည့် အမြဲဖွင့် လှစ် ထားသော တံခါးတော်ဖြစ်ပါသည်။ ဤအချက်သည် ယနေ့၏ ဝမ်းမြောက်ဖွယ်ရာ ကြေညာချက်ပင် ဖြစ် သည်- ဖွားမြင်တော်မူသော ထိုသူငယ်သည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ဖြစ်သည်၊ ကိုယ်တော် သည် စီရင်ချက်ချရန်မဟုတ်ဘဲ ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်၊ ခဏတာ ပေါ်ထွန်းလာ ခြင်းမျိုး မဟုတ်ဘဲ ကျွန်ုပ်တို့နှင့်အတူ အမြဲနေထိုင်ကာ မိမိကိုယ်ကို ပေးဆပ်ရန် ကြွလာခြင်းဖြစ်သည်။ ကိုယ် တော်၌ ဒဏ်ရာတိုင်းသည် ပျောက်ကင်းပြီး၊ နှလုံးသားတိုင်းသည် အနားယူခြင်းနှင့် ငြိမ်းချမ်းခြင်းကို ရရှိကြသည်။
‘ထာဝရဘုရား၏ ဖွားမြင်ခြင်းသည် ငြိမ်းချမ်းခြင်း၏ မွေးဖွားခြင်းပင် ဖြစ်သည်။’
သင်တို့အားလုံး ငြိမ်းချမ်း၍ သန့်ရှင်းသော ခရစ္စမတ် ပွဲတော်ဖြစ်ပါစေကြောင်း ကျွန်ုပ်၏ နှလုံးသားထဲမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။”
သန့်ရှင်းသော ခရစ္စမတ်ပွဲတော်နှင့် ငြိမ်းချမ်းခြင်း၊ ညီရင်းအကိုစိတ်ဓာတ် ထွန်းကားသော နှစ်သစ်ဖြစ် ပါစေကြောင်း တဖန်ဆုတောင်းလျက်၊
ခရစ်တော်၌ သင်၏မိတ်ဆွေ Msg. Andrea Ferrante
ဘာသာပြန်-Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

