ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အစ္စရေးသမ္မတနှင့် ဖုန်းဖြင့်စကားပြောဆိုခဲ့။

ဆစ်ဒနီမြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အစ္စရေးနိုင်ငံသမ္မတ အိုက်ဇက် ဟာဇော့ဂ် (Isaac Herzog) ထံမှ ဖုန်းခေါ်ဆိုမှုကို လက် ခံရရှိခဲ့ပြီး၊ ကက်သလစ်အသင်းတော်အနေဖြင့် အန္တီ-ဆီမိုက်တစ်ဝါဒ (ဂျူးလူမျိုးဆန့်ကျင်ရေး) ပုံစံအား လုံးကို ရှုံ့ချကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

ဗာတီကန်သတင်းဌာန

ဒီဇင်ဘာလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခရစ်ယာန်ဘာသာဝင်များက ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲရန် ပြင်ဆင် နေကြပြီး ဂျူးဘာသာဝင်များက ဟာနူကာ (Hanukkah) ပွဲတော်ကို ကျင်းပနေချိန်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အစ္စရေးနိုင်ငံသမ္မတ အိုက်ဇက် ဟာဇော့ဂ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

ဗာတီကန်သတင်းပြန်ကြားရေးရုံး၏ အဆိုအရ၊ ဤစကားပြောဆိုမှုသည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ရှိ ဂျူးလူ့အဖွဲ့အစည်းအပေါ် မကြာသေးမီက ပြုလုပ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ်၍ ပေါ် ပေါက်လာခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက “ကမ္ဘာတစ်ဝှမ်းရှိ ဂျူးလူ့အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် ကြောက်ရွံ့မှုများ ဆက်လက်ပျိုးထောင်နေသည့် အန္တီ-ဆီမိုက်တစ်ဝါဒ (ဂျူးလူမျိုးဆန့်ကျင်ရေး) ပုံစံအား လုံးကို ကက်သလစ်အသင်းတော်က ပြတ်ပြတ်သားသား ရှုံ့ချကြောင်း”

ထို့အပြင် ပုပ်ရဟန်းမင်းကြီးက “ဒေသတွင်း၌ လက်ရှိလုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမျိုးမျိုးတွင် ဇွဲနပဲဖြင့် ဆက်လက်ကြိုးပမ်းကြရန်” တိုက်တွန်းခဲ့ပြီး “လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးကဏ္ဍတွင် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုပြင်းထန်စွာ ဆက်လက်လုပ် ဆောင်ရန် အရေးကြီးကြောင်း” အလေးပေးပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၄ ရက်၊ တနင်္ဂနွေနေ့တွင် ဂျူးတို့၏ ဟာနူကာပွဲတော်အတွင်း Bondi ကမ်းခြေ၌ ကျင်းပ သည့် အခမ်းအနားတစ်ခုကို အမျိုးသားနှစ်ဦးက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် လူ ၁၆ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

နောက်တစ်နေ့တွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် ဗာတီကန်၏ ခရစ္စမတ်သစ်ပင်နှင့် ခရစ္စမတ် ဇာတ် လမ်းရုပ်ပုံလွှာ (Nativity Scene) ကို လှူဒါန်းခဲ့သော အဖွဲ့များနှင့် တွေ့ဆုံစဉ် ထိုအကြမ်းဖက်တိုက် ခိုက်မှု တွင် သေဆုံးခဲ့ရသူများအတွက် ဆုတောင်းပေးခဲ့သည်။

“ဒီလို အန္တီ-ဆီမိုက်တစ် (ဂျူးဆန့်ကျင်ရေး) အကြမ်းဖက်မှုတွေ တော်လောက်ပါပြီ။ ကျွန်ုပ်တို့ရဲ့ နှလုံး သားထဲက အမုန်းတရားတွေကို ဖယ်ရှားပစ်ရပါမယ်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဒီဇင်ဘာ ၁၄ ရက်က ဂျူးလူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာခဲ့သည့်အတွက် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ဂိုဏ်းချုပ်ဆရာတော်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး၊ ထိခိုက်ခံစားရသူများအတွက် ဆုတောင်းပေးလျက်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *