
ကွာယာအဖွဲ့အစည်း၊ အသင်းအဖွဲ့များ၏ ဂျူဘီလီပွဲကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန့်မိုင်ကယ် ဘုရားကျောင်း ( သံဝင်း)၌ ကွာယာအသင်းအဖွဲ့ များ၏ ဂျူဘီလီနှစ် မစ္ဆားတရားတော်ကို (၇.၁၂.၂၀၂၅) တနင်္ဂနွေနေ့ နံနက် ၁ဝးဝဝ အချိန်၌ မန္တလေး ကက်သလစ်သာသနာပိုင်ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
မစ္ဆားတရားတွင် ကွာယာနဲ့ပတ်သက်ပြီး ဆရာတော်ကြီးမာကု ဦးတင်ဝင်းမိန့်ကြားသည်မှာ
“ကွာယာဆိုတဲ့ ဓမ္မသီချင်းသီကျူးပြီး ဦးဆောင်တဲ့ အဖွဲ့ရှိရခြင်းက ဘာလဲဆိုရင် ပထမဆုံး ဖျော် ဖြေပွဲ လုပ်တာမဟုတ်ပါဘူး။ ဝတ်ပြုခြင်းဖြစ်ပါတယ်။ လူတွေရဲ့ဝတ်ပြုဆုတောင်းခြင်းမှာ ဘုရားဆီပိုရောက် အောင် ကူညီပေးတဲ့ အဖွဲဖြစ်ပါတယ်။ မိမိသီကျူးလိုက်တဲ့ ဓမ္မသံစဉ်တွေ အသံတွေက ဘုရားဆီကို ဦးတည်ရမယ်။
လူတွေရဲ့ပါးစပ်ကထွက်ပြီးသီကျူးတဲ့အသံကအဓိကဖြစ်ပါတယ်။ လူတွေသီကျူးတဲ့အသံက ဘုရား ပေးတဲ့တူရိယာ အစစ်ဖြစ်ပါတယ်။ ဒီဘက်ခေတ်တွေမှာ ဆိုမဲ့လူမရှိလို့ဆိုပြီး ဘုရားသီချင်းတွေကို အသံ သွင်းထားပြီး ဘုရာဝတ်ပြုခြင်းမှာ ဖွင့်ပြီးလူတွေမဆိုတော့တဲ့ ဝတ်ပြုကိုးကွယ်ခြင်းသည်။ ဝတ်ပြု ကိုး ကွယ််ခြင်းလို့မခေါ်ဆိုနိုင်ဘူး။ လူတွေရဲ့သံစဉ်ကသာဘုရားကိုချီးမွမ်းခြင်းမှာ အဓိကဖြစ်ပါတယ်။
ဆက်လက်ပြီးပြင်ဆင်ရန်လိုအပ်သည့်အချက်များကို ပြောပြရာမှာ
ဘုရားဝတ်ပြုကိုးကွယ်တဲ့အချိန်မှာ တူရိယာအသံကို လူတွေရဲ့သီကျူးသံထက် ပိုကျယ်လောင်စွာ တီး မှုတ်ခြင်းတွေကို ရှောင်ရမည်။ ကျွန်ုပ်တို့က ဘုရားဝတ်ပြုနေတာဖြစ်တယ်၊ စတိတ်ရှိုးလုပ်နေတာ မဟုတ်ဘူး။လူ့အသံနဲ့သီကျူးတာကို ဦးစားပေးရမယ်။ ဒါကြောင့်ဘုရားဝတ်ပြုတဲ့အခါမှာ အော်ဂင်သံ ကြီးပဲကျယ်လောင်စွာကြားရပြီး လူတွေဘာဆိုနေမှန်း မကြားရတာမျိုးမဖြစ်ရဘူး။
နောက်ပြီး လူအားလုံးသီဆိုနေတာကို ကွာယာ အဖွဲ့တွေက လိုက်ပြီးမပြိုင်ရဘူး။ ဆိုလိုချင်းတာက ကွာယာရော၊ ဝတ်ပြုကိုးကွယ်ခြင်းမှာပါတဲ့ လူတွေအားလုံးရော၊ တူရီယာသံစဉ်ရော တစ်ညီတစ်ညာ တည်း ချီးမွမ်းပြီးဘုရားကို ရှိခိုးကိုးကွယ်ကြရမည်။ ဒါသည် ကွာယာဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။” ဟုမိန့်ကြားခဲ့ပါသည်။
ဖရယ်ဒီ မြင့်ဇော် ( ဓမ္မဆရာ(စိန်မိုင်ကယ်သံဝင်း)
ကွာယာဆိုတာကတော့ တကယ်တမ်းတော့ အသင်းတော်မှာ အသက်သွေးကြောတစ်ခုဖြစ်တယ်။ ဒီကွာ ယာ သီချင်းဆိုခြင်းက အသင်းတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းနေရာမှာလဲ မရှိမဖြစ်သော အရာ ဖြစ်တယ်။
ကျွန်ုပ်တို့ဒီမန္တလေးသာသနာအနေနဲ့ကတော့ ဆရာတော်ကိုယ်တိုင်ဖွဲ့စည်းပေးထားတဲ့ music ministry ဆိုတာရှိတယ် အဲ့အဖွဲ့ကနေပြီးတော့ ဦးဆောင်ပြီးတော့ လုပ်နေတာတွေလည်းရှိတယ်။ ဒါမဲ့ဒီကြားထဲမှာ နိုင်ငံရေးအခြေအနေနှင့် ဒီသဘာဝဘေးဒဏ် အခြေအနေကြောင့် နည်းနည်း နှောင့်နှေး သွားတာတွေ လည်းရှိတယ်။
လုပ်မဲ့အစီအစဉ်တွေတော့ အများကြီးရှိတယ် ဒီသာသနာစုစီရင်စု တစ်ခုစီတိုင်းမှာ ကွာယာအဖွဲ့တစ်ဖွဲ့စီ တော့ ရှိအောင်လုပ်ဆောင်နေပါတယ်။ နောက်အခြေနေကောင်းလာရင် ဒီမန္တလေးသာသနာတစ်ခုလုံး အတိုင်း အတာနဲ့ နယ်ဘက်တွေထိသွားပြီး ဒီကွာယာသီဆိုခြင်း၌ ဘာသာတူတွေပိုစိတ်ဝင်စားလာအောင် ပညာမျှ တေတဲ့အစီအစဉ်တွေလည်းလုပ်ဖို့ရှိပါတယ်။
အသင်းတော်အနေနဲ့လည်း ဒီကွာယာအသင်းအဖွဲ့တွေကို ဂျူဘီလီဆိုပြီး အသိအမှတ်ပြု သတ်မှတ်ပေး တဲ့အတွက်လည်း အရမ်းပျော်ပါတယ်။
Fr. Augustine Tin Htun ( ကျောင်းထိုင်ဘုန်းတော်ကြီး စိန့်မိုင်ကယ် သံဝင်း)
အခုခေတ်နောက်ပိုင်း ဒီသီချင်းကွာယာ ကနည်းနည်းတိမ်ကော သလိုဖြစ်နေတာပေါ့နော တစ်ချို့တွေက ဒီကွာယာဆိုတာကို သိပ်အလေးမထားကြတော့ဘူး။ တစ်ချို့က ဘုရားကျောင်းတက်တာတောင် ဒီဘုရား သီချင်းတွေလိုက်မဆိုပဲ နေကြတာရှိပါတယ်။ ဒါဟာ အသင်းတော်အတွက် တကယ်ပဲအန္တရာယ်ရှိပါ တယ်။
ကိုယ်ကိုတိုင် ဘုရားကျောင်းတက်တဲ့အခါ ဒီဘုရားသီချင်းတွေကို လိုက်ဆိုပြီးပါဝင်တဲ့အခါ နှစ်ခါဆု တောင်းတာနဲ့တူတယ် ဒါကြောင့်ဘုရားကျောင်းတက်တဲ့အခါ စိတ်ရောကိုပါ နဲ့လိုက်ပါသီကျူးဖို့ တိုက် တွန်းချင်ပါတယ်။
ကွာယာအဖွဲ့အစည်းဒီထက်ပို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာဖို့ဆိုရင် ပထမက တစ်ဦးချင်းစီတိုင်းမှာ ငါတို့မှာ ကွာယာလိုအပ်တယ်၊ ငါတို့ကြိုးစားရမယ်၊ ကွာယာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အသိရှိ ရမယ်။ ပြီးတော့ဒီကွာယာနဲ့ပတ်သက်ပြီး ကောင်းကောင်းဦးဆောင်နိုင်မဲ့ သူလည်းလိုအပ်ပါ တယ်။ဒီလို အားလုံးဝိုင်းဝန်းကြိုးပန်းအကောင်အထည်ဖော်ရင်တော့ မကြာခင် စည်းစနစ်ကျတဲ့ ကွာယာအသင်း အဖွဲ့ ကြီးတစ်ခုဖြစ်လာမှာပါ” ဟု ပြောကြားခဲ့ပါသည်။
Sr. Theresa (SCCG)( စန့်ဂျွန်း သာသနာစီရင်စု ကွာယာအဖွဲ့တာဝန်ခံ)
ကျွန်မ အမြင်ကတော့ ဒီကွာယာကဏ္ဍကို ဒီထက်ပိုကောင်းမွန်အောင်လုပ်ဆောင်ဖို့လိုတယ်လို့မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘုရားဝတ်ပြုတဲ့အချိန်မှာ ဒီကွာယာအဖွဲ့တွေက ဘုရားသီချင်းကို ဦးဆောင် သီဆိုရတာဖြစ်လို့ ဒီဦးဆောင်သူတွေ က အသံမညီမညာဖြစ်နေရင် ကျန်တဲ့လိုက်ဆိုမဲ့ ဘာသာတူ တွေနဲ့ ဝတ်ပြုခြင်းမှာပါဝင်တဲ့ သူအားလုံးအတွက် စိတ်ကတိကအောင့် ဖြစ်ပြီး ဘုရားကို အာရုံမပြုနိုင်ဖြစ်သွား တတ်တယ်။
ခုလည်း သာသနာစီရင်စု အသီးသီးမှာ လုပ်နေကြကြိုးစားနေကြတာကိုလည်းတွေ့ရတယ်။ ဒီနေရာမှာ ကျွန်ုပ်တို့ က ပိုမိုပြီးစည်းချက်မှန်မှန်နဲ့ ကောင်းကောင်းဆိုနိုင်ဖို့ ဝိုင်းဝန်းပံ့ပိုးပေးဖို့ လိုပါတယ်။ ပြီးတော့ ဒီလူငယ်တွေကို ငါဒီနေ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှာ ဒီကွာယာအဖွဲ့မျာ ငါပါဝင်ရမှဖြစ်မယ်ဆိုတဲ့ ခံစားချက်မျိုးစိတ်ရှိလားအောင် လက်တွဲခေါ်ဖို့လိုပါတယ်။
ဂျူဘီလီမစ္ဆားတရား၌ မြို့ပေါ်သာသနာစီရင်စုကျောင်းများမှ ဘုန်းတော်ကြီးများ၊ ဘာသာဝင်များ၊ ကွာ ယာအဖွဲ့များဖြင့် ကျင်းပခဲ့ပါသည်။ ဘုရားကျောင်းပြီးချိန်တွင် ဆရာတော်ဘုရားမှ ကွာယာအဖွဲ့များ ကိုဦးဆောင်သူများ၊ ကွာယာအဖွဲ့များကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

