
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ဟောင်ကောင်မီးဘေးသင့်ခံရသူများ အတွက် ဆုတောင်းပေး။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ဟောင်ကောင်ဆရာတော်ထံ ပေးပို့သော ကြေးနန်းစာတွင် မြို့တော် တိုင်ပို(Tai Po) ခရိုင်ရှိ တိုက်ခန်းအဆောက်အအုံတစ်ခု၌ မီးလောင်ကျွမ်းမှုဒဏ် ခံခဲ့ရသူများအတွက် ဆုတောင်းပေးနေကြောင်း ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ဟောင်ကောင်မြို့ တိုင်ပိုခရိုင်ရှိ တိုက်ခန်းအများအပြား မီးလောင် ကျွမ်းသည့် သတင်းကြောင့် ဝမ်းနည်းမိကြောင်းနှင့် ဘေးဒဏ်သင့်သူ အားလုံးအတွက် ဆုတောင်း ပေးနေကြောင်း ပြောကြားခဲ့သည်။
ဗာတီကန် အတွင်းဝန် ရဟန်းမင်းအမတ် ပီထရို ပါရိုလင် (Pietro Parolin) လက်မှတ်ရေးထိုးထားသည့် ကြေးနန်းစာကို ကြာသပတေးနေ့က ဟောင်ကောင်ဆရာတော် ကာဒီနယ် စတီဖင် ချောင်ဆောယန် (Stephen Chow Sau-Yan) ထံ ပေးပို့ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက “ဤဘေးဆိုး၏ အကျိုးဆက်များကြောင့် ခံစားနေရသူများ အားလုံးအတွက်၊ အထူးသဖြင့် ဒဏ်ရာရရှိသူများနှင့် ဝမ်းနည်းပူဆွေးနေရသော မိသားစုများအတွက် ဆုတောင်း ပေးခြင်း ဖြင့် ဝိညာဉ်ရေးဆိုင်ရာ စည်းလုံးညီညွတ်မှုကို ပြသပေးပို့ခဲ့ကြောင်း၊ထို့အပြင်ပုပ်ရဟန်းမင်းကြီးက ဆက်လက်၍ “ကွယ်လွန်သူများ၏ ဝိညာဉ်များကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်မြတ်နိုးသော ကရုဏာတော်ထံ အပ်နှံပါကြောင်း၊ ဆေးဝါးအကူအညီများ ဆက်လက်ပေး နေသော၊ ပျောက် ဆုံးနေဆဲ သူများကို ရှာဖွေနေသော အရေးပေါ်ဝန်ထမ်းများအတွက် ဆုတောင်းပေးပါ ကြောင်း” ထဲ့သွင်း ပြောကြားခဲ့ပါသည်။
ဗုဒ္ဓဟူးနေ့က ဟောင်ကောင်ရှိ အထပ်မြင့် အစိုးရအိမ်ရာ အဆောက်အအုံတစ်ခုကို မီးလောင်ကျွမ်း ခဲ့ပြီးနောက် အနည်းဆုံး လူ ၅၅ ဦး သေဆုံးကာ ၃၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်သည်။
မျှော်စင်တိုက် ၈ လုံးအနက် ၇ လုံးကို မီးလောင်ကျွမ်းစေခဲ့သည့် ယင်းမီးဘေးကို ယခုအခါ ထိန်းချုပ် နိုင်ပြီဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ လူ ၃၀၀ ခန့်မှာ မည်သည့်အခြေအနေရှိသည်ကို စိစစ်နိုင် ခြင်း မရှိသေးပေ။
ပုပ်ရဟန်းမင်းကြီး လီယိုသည် ၎င်း၏ ကြေးနန်းစာကို နိဂုံးချုပ်အနေဖြင့် လူအားလုံးအပေါ် “ခွန်အား၊ နှစ်သိမ့်မှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဘုရားသခင်၏ကောင်းချီးများ” ကို တောင်းခံပေးခဲ့သည်။
ဗာတီကန်သတင်း
Fr. Peter Kyi Maung

