
နိုင်ဂျီးရီးယားနှင့် ကင်မရွန်းရှိ ဓားစာခံများ လွှတ်ပေးရေး ပုပ်ရဟန်းမင်းကြီးလီယို တောင်းဆို။

စိန့်ပီတာရင်ပြင်၌ ယေဇူးဘုရင်၏ ပွဲတော်ကြီးနေ့ ဘုရားဝတ်ပြုပွဲကျင်းပပြီးနောက် ပုပ်ရဟန်းမင်း လီယို သည် နိုင်ဂျီးရီးယားနှင့် ကင်မရွန်းနိုင်ငံတို့တွင် မကြာသေးမီက ပြန်ပေးဆွဲခံခဲ့ရသော ကျောင်းသားများနှင့် ဘုန်းတော်ကြီးများအား လွှတ်ပေးရန် စိတ်ရင်းမှန်ဖြင့် တောင်းဆိုလိုက်သည်။
သောကြာနေ့က နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ဂျာပြည်နယ်ရှိ St Mary အထက်တန်းကျောင်းမှ ကျောင်းသားနှင့် ဆရာပေါင်း ၃၁၅ ဦးခန့် ပြန်ပေးဆွဲခံခဲ့ရသည်။ ထိုရက်သတ္တပတ်တွင်ပင် ကင်မရွန်းနိုင်ငံ၊ Ndop တွင် Bamenda ဂိုဏ်းချုပ်သာသနာနယ်မှ ကက်သလစ်ဘုန်းတော်ကြီး ခြောက်ပါး ပြန်ပေးဆွဲခံခဲ့ရသည်။ ထို့ အပြင် အနီးနားရှိ Bui ခရိုင်၊ Jakiri နယ်တွင်လည်း ခရစ်ယာန် ပါစတာ တစ်ဦးကိုလဲ ပြန်ပေးဆွဲခဲ့သည်။
တနင်္ဂနွေနေ့ ဘုရားဝတ်ပြုပြီးနောက် စိန့်ပီတာရင်ပြင်၌ လူထုအား မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်း မင်းက “နိုင်ဂျီးရီးယားနှင့် ကင်မရွန်းတို့တွင် ဘုန်းတော်ကြီးများ၊ ဘာသာဝင်များနှင့် ကျောင်းသားများ ပြန်ပေးဆွဲခံရသည့် သတင်းကို အလွန်အမင်း ဝမ်းနည်းစွာဖြင့် ကြားသိရသည်” ဟု ပြောကြားခဲ့ပြီး ၎င်းတို့ကို လွှတ်ပေးရေးအတွက် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။
“ကျွန်ုပ် အရမ်းဝမ်းနည်းပါတယ်” “အထူးသဖြင့် ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်လေးတွေ အများကြီးနဲ့ သူတို့ရဲ့ ပူပန်သောကရောက်နေကြတဲ့ မိသားစုတွေအတွက်ပါ။ ဓားစာခံတွေကို ချက်ချင်းလွှတ်ပေးဖို့ ကျွန်တော် စိတ်ရင်းမှန်နဲ့ တောင်းဆိုပြီး သူတို့ကို လွှတ်ပေးရေးအတွက် အချိန်မီ ဆုံးဖြတ်ချက်တွေ ချမှတ် ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်” ဟု ပုပ်ရဟန်းမင်းက ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက ဘုရားကျောင်းတော်များ၊ စာသင်ကျောင်းများသည် အကြမ်းဖက်မှု၏ ပစ်မှတ် မဖြစ်စေရန် ဆုတောင်းပေးကြဖို့ လူတိုင်းကို ဖိတ်ခေါ်ခဲ့သည်– “ဓားစာခံ ညီအစ်ကို မောင်နှမများ အတွက် ဆုတောင်းပေးကြပါစို့၊ ဘုရားကျောင်းတော်များ၊ စာသင်ကျောင်းများသည် နေရာတိုင်းတွင် ဘေးကင်းလုံခြုံမှုနှင့် မျှော်လင့်ချက်အတွက် နေရာများအဖြစ် အမြဲရှိနေနိုင်ပါစေ” ဟု ဆုတောင်းပြီး နိဂုံးချုပ်ခဲ့ပါသည်။
ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

