
စစ်ပွဲများကြုံတွေ့နေရသည့်နိုင်ငံများတွင်ငြိမ်းချမ်းရေးတည်ဆောက်ရန်လုပ်ဆောင်နေသူများအားကျေးဇူးတင်ရှိကြောင်းပုပ်ရဟန်းမင်းကြီးလီယို (၁၄) လေလေနက်နက်ထုတ်ဖော်ပြောကြား။

အပတ်စဥ် Angelus နေ့ခင်းမေတ္တာဆုတောင်းခြင်း နိဂုံးချုပ်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စစ်ပွဲ များကြုံတွေ့နေရသည့် နိုင်ငံများတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန် လုပ်ဆောင်နေသူများအား ကျေးဇူး တင်ရှိကြောင်း နက်နက်နဲနဲ ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် ဖုန်း-ဝေါင်း (Fung-wong) ဟူသည့် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသော ဖိလစ်ပိုင်ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ပါသည်။
ဗာတီကန်သတင်း
ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသူများအား အသိအမှတ်ပြုခြင်း
ပုပ်ရဟန်းမင်းကြီးသည် စစ်ပွဲဒဏ်ခံရသည့် ဒေသအသီးသီး၌ နည်းမျိုးစုံဖြင့် ငြိမ်းချမ်းရေးတည် ဆောက် ရန် ကြိုးပမ်းလုပ်ဆောင်နေသူအားလုံးကိုလည်း နက်နက်နဲနဲ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ လွန်ခဲ့သည့် ရက်များအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးသွားသူများ အတွက် ဆုတောင်းပေးခဲ့ကြောင်း၊ ဝမ်းနည်းစရာမှာ အရပ်သားများဖြစ်ကြသည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများဖြစ်လင့်ကစား တိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများတွင် ကျဆုံးခဲ့ရသူများစွာသည် ၎င်းတို့ထဲတွင် ပါဝင်နေကြောင်းကိုလည်း ပြန်လည်အမှတ်ရစေခဲ့သည်။ ၎င်းတို့၏ အမှတ်တရကို အမှန်တကယ် ဂုဏ်ပြုလိုပါက အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ဆွေး နွေးမှုများအတွက် စစ်မှန်သော ကတိကဝတ်ပြုမှု ရှိသင့်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်နိုင်ငံ စူပါတိုင်ဖွန်းမုန်တိုင်း ဖုန်း–ဝေါင်း (Fung-wong)
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာလ ၉၊ ၂၀၂၅ နေ့က တိုက်ခတ်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း ဖုန်း-ဝေါင်း (Fung-wong) ကြောင့် လူသန်းပေါင်းများစွာကို အပြင်းအထန်ဆုံး ထိခိုက်မည့် နေရာများမှ ရွှေ့ပြောင်း စေခဲ့ရ သည့်ဖိလစ်ပိုင်ပြည်သူများနှင့်အတူ ရှိနေကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက ပြောကြားခဲ့သည်။ အဆို ပါ အင်အားပြင်း မုန်တိုင်းသည် တစ်နာရီလျှင် ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်) အရှိန်ဖြင့် တိုက်ခတ်သည့် လေပြင်းများ မှတ်တမ်းတင်ထားပြီး၊ တစ်နာရီလျှင် ၂၃၀ ကီလိုမီတာ (၁၄၃ မိုင်) ကျော်အထိ လေပြင်း တိုက်ခတ်မှုများလည်း ရှိခဲ့သည်။ ကွယ်လွန်သူများ၊ ၎င်းတို့၏ မိသားစုများ၊ ဒဏ်ရာရသူများ၊ နေရာရွှေ့ ပြောင်းခံရသူများအတွက် ဆုတောင်းပေးနေကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
အီတလီ၏ ကျေးဇူးတော်ချီးမွမ်းခြင်းနေ့
အီတလီ၌ နှစ်စဉ် ကျေးဇူးတော်ချီးမွမ်းခြင်းနေ့ကို ကျင်းပနေပြီး၊ အီတလီနိုင်ငံ ဆရာတော်ကြီးများ၏ နှစ် ပတ်လည် သဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီးက ပူးပေါင်းပါဝင်ခဲ့သည်။ အဆိုပါ သဝဏ်လွှာ၌ ကမ္ဘာ မြေကို တာဝန်ယူမှုရှိစွာ ထိန်းသိမ်းစောင့်ရှောက်ရန်၊ စားနပ်ရိက္ခာ စွန့်ပစ်မှုများ ရပ်တန့်ရန် ကြိုးပမ်းအား ထုတ်မှုများနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး လုပ်ထုံးလုပ်နည်းများကို လက်ခံကျင့်သုံးကြရန် တိုက်တွန်းထားပါသည်။ ‘မိခင်ကမ္ဘာမြေကြီး’ နှင့် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကို စိုက်ပျိုးပြုစု စောင့်ရှောက် နေသူအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်ကြောင်း ကိုလဲထည့်သွင်း ပြောကြားခဲ့ပါသည်။
Fr. Peter Kyi Maung

