

အရမ်းပင်ပန်းလာတဲ့အခါ
ဒီနေ့ခေတ် လူနေမှုဘဝပုံစံဟာ ပိုပြီးရှုပ်ထွေးမြန်ဆန်လာတာနဲ့အမျှ လူအတော်များများဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုကို နေ့စဉ်လိုလို ကြုံတွေ့နေကြရပါတယ်။ အလုပ်ခွင်ရဲ့ ဖိအားတွေ၊ လူမှုရေးကိစ္စတွေ၊ မိသားစုတာဝန်တွေနဲ့ ကိုယ်ပိုင်ဘဝရဲ့ စိန်ခေါ်မှုတွေကြောင့် အားအင်တွေ ကုန်ခမ်းပြီး ဘာမှမလုပ်ချင်လောက်အောင် ခံစားရတတ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ ဘာမှမလုပ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေရင်တောင်မှ ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကို ပြန်လည်အားဖြည့်ဖို့အတွက် အချိန်အနည်းငယ်ပေးပြီး လုပ်ဆောင်သင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။
ဒီခေတ်မှာ မိုဘိုင်းလ်ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ ဉာဏတို့ရဲ့ နေ့စဉ်ဘဝအစိတ်အပိုင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒီနည်းပညာတွေဟာ ဉာဏတို့ကို ကမ္ဘာနဲ့ချိတ်ဆက်ပေးနိုင်သလို တစ်ဖက်မှာလည်း အချိန်အကြာကြီး အသုံးပြုမိတဲ့အခါ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စေပါတယ်။ အနားယူချိန်မရစေတဲ့အပြင် သူများနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်စိတ်ဝင်စေတာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်မို့လို့ ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားရတဲ့အခါ Digital Detox လို့ခေါ်တဲ့ နည်းပညာပစ္စည်းတွေနဲ့ ခဏဝေးဝေးနေတာမျိုးကို လုပ်ကြည့်ပါ။
အနည်းဆုံးတော့ တစ်နေ့ကို အချိန်နာရီအနည်းငယ်၊ ဒါမှမဟုတ် တစ်ပတ်မှာ တစ်ရက်လောက် ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အားလုံးကို ပိတ်ထားလိုက်ပါ။
ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ကို တည်ငြိမ်စေပြီး မျက်လုံးတွေကိုလည်း အနားပေးရာရောက်ပါတယ်။ နည်းပညာနဲ့ ခဏတာ ဝေးကွာနေတဲ့အချိန်မှာ ကိုယ်ပိုင်ဝါသနာတစ်ခုခုကို ပြန်လုပ်တာ ဒါမှမဟုတ် တိတ်ဆိတ်တဲ့နေရာလေးမှာထိုင်ပြီး ကိုယ့်ရဲ့ အတွေးတွေကို ပြန်လည်သုံးသပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
၂။ သဘာဝတရားနဲ့ ပြန်လည်ထိတွေ့ပါ
စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတဲ့အခါ အိမ်ထဲမှာပဲ တစ်ယောက်တည်း အောင်းနေတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုနေခြင်းက ပင်ပန်းမှုကို ပိုတိုးစေပါတယ်။
အနည်းဆုံးတော့ အိမ်အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူရှိုက်ကြည့်ပါ။ ပန်းခြံတစ်ခု၊ စိမ်းလန်းစိုပြည်တဲ့နေရာ ဒါမှမဟုတ် သစ်ပင်တွေရှိတဲ့နေရာမျိုးကို သွားပြီး ၅ မိနစ်ကနေ ၁၀ မိနစ်လောက်သာ အချိန်ပေးကြည့်ပါ။
သစ်ပင်ပန်းပင်လေးတွေကို ရေလောင်းတာ၊ မြေကြီးနဲ့ ထိတွေ့တာမျိုး ဒါမှမဟုတ် ကိုယ့်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိရင် သူတို့လေးတွေနဲ့အတူ အချိန်ပေးပြီး ဆော့ကစားပေးပါ။
သဘာဝအပင်တွေနဲ့ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့ဆက်ဆံခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်လို့ စိတ်ပညာရှင်တွေက အကြံပြုထားပါတယ်။ သဘာဝအလှတရားတွေဟာ စိတ်ကို ငြိမ်းချမ်းစေပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်လည်ပြီး အားဖြည့်ပေးနိုင်ပါတယ်။
၃။ စိတ်ကိုအနားပေးပြီး ညစဉ်အိပ်စက်ချိန်ပြည့်အောင် အိပ်စက်ပါ
ပင်ပန်းနွမ်းနယ်မှုရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုက အိပ်ရေးမဝတာ ဖြစ်နိုင်ပါတယ်။ ညဘက်မှာ စိတ်ပူစရာတွေ၊ တွေးပူစရာတွေကြောင့် အိပ်မပျော်တာမျိုးတွေ ကြုံရတတ်ပါတယ်။
အိပ်စက်ခြင်းဟာ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်လည်အားဖြည့်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် မအိပ်ခင်မှာ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ငြိမ်သက်အောင်ထားဖို့ လိုအပ်ပါတယ်။
အိပ်ရာမဝင်ခင် ၁ နာရီအလိုကတည်းက ဖုန်းအသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ ဒါမှမဟုတ် စိတ်ကို ဖြေလျှော့ပေးတဲ့ သီချင်းလေးတွေ နားထောင်တာမျိုး ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် နေ့စဉ် အိပ်ချိန် ၇ နာရီကနေ ၈ နာရီအထိ ပြည့်ဝအောင် အိပ်စက်ဖို့ ကြိုးစားပါ။ ပုံမှန်အိပ်စက်ချိန်တစ်ခုကို သတ်မှတ်ထားခြင်းကလည်း ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပြီး သင့်ကို လန်းဆန်းတက်ကြွစေပါလိမ့်မယ်။
ဒီအချက်သုံးချက်က အချိန်နဲ့ငွေကို အများကြီး မကုန်စေဘဲ ကိုယ့်ရဲ့စိတ်တွေ ပင်ပန်းနွမ်းနယ်နေတဲ့အခါ အားအင်တွေ ပြန်လည်ရရှိစေဖို့ ကူညီပေးပါလိမ့်မယ်။
စာဖတ်သူ မိတ်ဆွေတို့ရော.. စိတ်တွေ ပင်ပန်းလာတဲ့အခါ ဘယ်လိုလုပ်ဆောင်လေ့ရှိလဲဆိုတာ မျှဝေပေးခဲ့နိုင်ပါတယ်

