

ပန်းတိုင်
ဘဝမှာ အရေးအကြီးဆုံးအရာက ဘဝပန်းတိုင်(Purpose) ပဲ ဆိုတာ ဉာဏကိုယ်တိုင်လည်း တဖြည်းဖြည်း နားလည်လာပါတယ်။ တစ်ချိန်တုန်းကတော့ အောင်မြင်မှုဆိုတာ အများသတ်မှတ်နေကြသလိုအရာတွေပဲလို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် အဲဒီလိုအရာတွေကို လိုက်ရင်းနဲ့ ပျော်ရွှင်မှုဟာ ခဏတာပဲဖြစ်ပြီး စိတ်ထဲမှာ လစ်ဟာနေသလို ခံစားနေရပါတယ်။ ဒါတွေကနေ ဉာဏ နားလည်လာတဲ့အရာလေးတွေကို ပြောပြချင်ပါတယ်။
လူတစ်ယောက်အတွက် တကယ့်ကို အဓိပ္ပာယ်ရှိရှိ နေထိုင်နိုင်ဖို့ဆိုရင် ဘဝပန်းတိုင်(Purpose)တစ်ခု ရှိဖို့လိုပါတယ်။
ဒီပန်းတိုင်ဆိုတာက “ကိုယ်ဘာလုပ်နေလဲ” ဆိုတာထက် “ဘာအတွက် လုပ်နေလဲ” ဆိုတဲ့အချက်ကို ပိုပြီးအလေးပေးပါတယ်။
ဥပမာ..
စာရေးဆရာတစ်ယောက်ဟာ ငွေရဖို့ စာရေးတာမဟုတ်ဘဲ၊ လူတွေရဲ့အတွေးအခေါ်ကို ပြောင်းလဲပေးနိုင်မယ့် စာတွေရေးဖို့ ဖြစ်နိုင်ပါတယ်။
ဆရာဝန်တစ်ယောက်ဟာ ဂုဏ်သရေရှိဖို့ ဆရာဝန်လုပ်တာမဟုတ်ဘဲ၊ လူနာတွေကို တတ်နိုင်သမျှ အကောင်းဆုံးကုသပေးဖို့ ဖြစ်နိုင်ပါတယ်။
ဒီလို ဘဝပန်းတိုင်တစ်ခုရှိလာတဲ့အခါ အလုပ်လုပ်ရတာ ပိုပြီး အဓိပ္ပာယ်ရှိလာပါတယ်။ ပင်ပန်းရကျိုးနပ်တယ်လို့ ခံစားရပါတယ်။
ဘဝပန်းတိုင် (Purpose)တစ်ခု မရှိတဲ့အခါ ဉာဏတို့တွေဟာ စိတ်ထဲမှာ လစ်ဟာနေသလို ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဒီစိတ်ကို ဖြည့်ဖို့အတွက် ဖုန်းအလွန်အ
ကျွံသုံးတာ၊ အရက်သောက်တာ၊ ဒါမှမဟုတ် ဂိမ်းတွေဆော့တာလိုမျိုး အကျင့်ဆိုးတွေဆီကို ရောက်သွားတတ်ကြပါတယ်။ ဒါဟာ စိတ်ထဲက ပင်မလိုအပ်ချက်ကို အပေါ်ယံအရာတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာပါပဲ။
ဒါတွေက ခဏတာပျော်ရွှင်မှုပဲပေးပြီး ရေရှည်အတွက် ဘာမှအကျိုးမရှိပါဘူး။ ကိုယ့်ဘဝအတွက်တန်ဖိုးရှိတဲ့ အချိန်တွေကိုလည်း ဖြုန်းတီးပစ်သလို ဖြစ်သွားပါတယ်။
ဘဝမှာ တကယ့်ကို တည်ငြိမ်ပြီး အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ဘဝပန်းတိုင်(Purpose)ကို အမြဲသတိရနေဖို့ လိုပါတယ်။ နေ့စဉ်လုပ်ဆောင်တဲ့အလုပ်တိုင်းဟာ ကိုယ့်ရဲ့ပန်းတိုင်ဆီကို ရောက်အောင် လမ်းပြပေးနေလားဆိုတာကို မေးခွန်းထုတ်ကြည့်ဖို့ အရေးကြီးပါတယ်။
အလုပ်တစ်ခုလုပ်တဲ့အခါ “ဒီအလုပ်က ငါ့ရဲ့ဘဝပန်းတိုင်ကို ဘယ်လို အထောက်အကူပြုမလဲ” လို့ စဉ်းစားပါ။
ဆုံးဖြတ်ချက်တစ်ခု ချတဲ့အခါ “ဒီရွေးချယ်မှုက ငါ့ရဲ့ပန်းတိုင်နဲ့ ကိုက်ညီရဲ့လား” လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။
ဒီလိုအမြဲတမ်း ပန်းတိုင်နဲ့အညီ နေထိုင်ခြင်းက ဘဝကို ပိုပြီး ရှင်းလင်းပြတ်သားစေပါတယ်။ ဘယ်လိုအရာတွေကို ဦးစားပေးရမယ်ဆိုတာကိုလည်း ပိုသိလာပါလိမ့်မယ်။
ဉာဏတို့ရဲ့ဘဝမှာ ကိုယ်တကယ်လုပ်ချင်တဲ့အရာ၊ တကယ်ပေးဆပ်ချင်တဲ့အရာကို ရှာတွေ့ခြင်းဟာ အောင်မြင်မှုရဲ့ ပထမဆုံးခြေလှမ်းပါပဲ။ ဒီပန်းတိုင်ကို တွေ့ရှိပြီဆိုရင်တော့ ပန်းတိုင်နဲ့အညီ နေထိုင်သွားဖို့ပဲ ကျန်ပါတော့တယ်။ ဒါဟာ ဘဝရဲ့ တကယ့်အနှစ်သာရပဲလို့ ဉာဏယုံကြည်ပါတယ်။

