

အလှူ
လှူတယ်ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ ပထမဆုံးအနေနဲ့ ပိုက်ဆံကို ပြေးမြင်တတ်ကြပါတယ်။ ကိုယ့်မှာ ပိုက်ဆံရှိမှ လှူနိုင်မယ်။ လှူဒါန်းဖို့ ပိုက်ဆံလိုတယ်။ ပိုက်ဆံမရှိရင် မလှူနိုင်တော့ဘူး။ ဒီလိုတွေးတတ်ကြတာပါ။ ဒါပေမယ့် ပိုက်ဆံတစ်ပြားချပ်မှ မကုန်ဘဲ လှူဒါန်းလို့ရတဲ့အရာတွေ အများကြီးရှိတာကို မမေ့စေချင်ပါဘူး။
လှူဒါန်းခြင်းရဲ့အဓိပ္ပါယ်ဟာ ပိုက်ဆံဆိုတာထက် ပိုပါတယ်။ ပိုက်ဆံလှူမှရယ်လို့မဟုတ်ပါဘူး။ တခြားသူတွေအပေါ်ကြင်နာတာ၊ မျှဝေတာ၊ အချိန်ပေးတာ.. စသည်ဖြင့် အရာအားလုံး အကျုံးဝင်ပါတယ်။
လူတစ်ယောက်ရဲ့ဘဝမှာ အချိန်တွေက အဖိုးတန်ဆုံးဖြစ်လို့.. ကိုယ်က တခြားလူတွေအပေါ် ပေးနိုင်တဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲမှာ အချိန်တွေကလည်း တစ်ခုအပါအဝင်ပါပဲ။
ဒါကြောင့် ကိုယ့်အချိန်တွေကို မျှဝေလှူဒါန်းနိုင်တယ်။ ဂေဟာတွေမှာ လုပ်အားပေးတာ။ ပရဟိတအဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်တာ။ မျက်မမြင်ကလေးတွေအတွက် စာဖတ်ပြတာတွေ လုပ်နိုင်ပါတယ်။
ကိုယ့်ရဲ့အချိန်တွေဟာ တစ်စုံတစ်ယောက်ရဲ့ဘဝအတွက် အကြီးမားဆုံးလက်ဆောင်တစ်ခု ဖြစ်နေနိုင်ပါတယ်။
ကိုယ်ကျွမ်းကျင်တဲ့အရာတွေကို သူများကို မျှဝေတာ၊ သင်ကြားပေးတာလည်း လှူဒါန်းခြင်းတစ်မျိုးပါပဲ။
ဥပမာ.. ဘာသာစကားသင်တာ၊ စက်ချုပ်သင်တာ၊ ကွန်ပျူတာသင်တာ စသဖြင့်.. ကိုယ့်မှာ နားလည်တတ်ကျွမ်းတဲ့အရာတစ်ခုရှိတယ်ဆိုရင်.. ပတ်ဝန်းကျင်က ပညာလိုလားတဲ့ လူတွေဆီကို မျှဝေနိုင်ပါတယ်။
ကိုယ်သင်ပေးလိုက်တဲ့ ပညာရပ်လေးတွေကို အသုံးပြုပြီး သူတို့ရဲ့ဘဝကို အကောင်းဆုံးတည်ဆောက်နိုင်လာမယ်..၊ သူတို့ကိုသူတို့ ယုံကြည်မှုတိုးလာမယ်..၊ သူတို့ကနေ တဆင့်လက်ဆင့်ကမ်းပြီး ပတ်ဝန်းကျင်ကို ပြန်အကျိုးပြုနိုင်လာမယ်..ဆိုရင် ကိုယ့်မှာလည်း ပီတိများစွာ ဖြစ်ရပါတယ်။
အဲဒီလိုမျိုး ကိုယ်သိထားတဲ့အရာတွေကို မျှဝေပေးတဲ့အခါ.. ကိုယ်ရှင်သန်နေထိုင်တဲ့ အဝန်းအဝိုင်းလေးဟာ ပိုပြီးလှပလာပါလိမ့်မယ်။
ကိုယ့်ဆီမှာ မလိုအပ်တော့တဲ့အရာတွေ အများအပြားရှိနေတတ်တယ်။ အိမ်မှာ သိမ်းထားပြီးတော့ ကိုယ့်အတွက်လည်း သိပ်အသုံးမဝင်ဘူးဆိုရင်.. လိုအပ်နေတဲ့သူတွေကို လှူဒါန်းလိုက်တာ အကောင်းဆုံးပါပဲ။
ဗီဒိုကို ရှင်းပါ။ ကိုယ့်မှာ မလိုအပ်တော့တဲ့ရာတွေကို ရှာဖွေပါ။ ကိုယ်နဲ့ မတော်တော့တဲ့ အင်္ကျီအဝတ်အစားတွေ..၊ ကိုယ်ငယ်ငယ်က မကစားဖြစ်တော့တဲ့ အရုပ်တွေ..၊ မဖတ်ဖြစ်တော့တဲ့ စာအုပ်တွေ..၊ အသုံးမပြုဖြစ်တော့တဲ့ပစ္စည်းတွေ..အများကြီးထွက်လာပါလိမ့်မယ်။
ဒါတွေက ကိုယ့်အတွက် အသုံးမလိုတော့ပေမယ့်.. တခြားလူတွေအတွက် လိုအပ်နေတဲ့အရာ ဖြစ်နေနိုင်ပါတယ်။
ဒီလိုပစ္စည်းလေးတွေ လှူဒါန်းတာက ငွေကုန်ကြေးကျလည်း မရှိဘူး။ တနိုင်တပိုင် ပေါ့ပေါ့ပါးပါးလေးနဲ့ ဝန်မပိဘူး။ ကိုယ်လည်း စိတ်ချမ်းသာရတယ်။ သူများလည်း ပျော်ရွှင်ရတယ်။
နောက်တစ်ခုက ကိုယ်က ကျန်းမာရေးကောင်းတယ်ဆိုရင်..
သွေးလှူဒါန်းတာမျိုးလည်း လုပ်နိုင်ပါတယ်။
ကိုယ့်ရဲ့သွေးနဲ့ သူများရဲ့အသက်ကို ကယ်နိုင်တာကလည်း.. အင်မတန်မွန်မြတ်တဲ့ အလှူတစ်ခုပါ။ ပိုက်ဆံမကုန်ပဲ ထူးမြတ်လွန်းတဲ့ ပါရမီမြောက်ဒါနတစ်ခု ဖြစ်ပါတယ်..။
ဒါ့အပြင်.. စိတ်ဓာတ်ကျနေတဲ့သူတွေကို အားပေးတာ..၊ သက်ကြီးရွယ်အိုတွေကို အဖော်လုပ်ပေးတာ..၊ နှစ်သိမ့်မှု လိုအပ်နေတဲ့တွေကို နားထောင်ပေးတာတွေကလည်း မိမိရဲ့ကြင်နာမှုနဲ့ စွမ်းအားတွေကို လှူဒါန်းတာ ဖြစ်ပါတယ်။
ကိုယ့်မှာ ပိုက်ဆံမရှိလို့ အလှူဒါနမလုပ်နိုင်ဘူးလို့ တွေးနေမယ့်အစား၊ ဒီလိုအချက်လေးတွေကို လုပ်ဆောင်ရင်းနဲ့လည်း.. ပိုက်ဆံမကုန်ပဲ ဒါနကုသိုလ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

