

အားနာရင်ခါးပါလိမ့်မယ်
ပထမဆုံး အားနာတတ်လွန်းရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကနေ စကြပါမယ် ။
အားနာတတ်လွန်းရင် ပင်ပန်းပါတယ် ။
လူတိုင်းမှာ ကိုယ်လက်ခံနိုင်တဲ့အလုပ် ၊ ကိုယ်ယူနိုင်တဲ့တာဝန် ၊ ကိုယ်လုပ်နိုင်တဲ့ခွန်အားဆိုတာမျိုးတွေရှိပါတယ် ။ လူတစ်ယောက်က သုံးလေးည ဆက်တိုက် မအိပ်မနေ အလုပ်လုပ်လို့ မရပါဘူး ။
ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို ပြီးအောင် လုပ်ရမှာတော့ မှန်ပေမဲ့ သူများအလုပ်ကိုပါ ပြီးအောင် လုပ်ပေးရမယ်ဆိုရင် မဟုတ်သေးဘူးပေါ့ ။ အထူးသဖြင့် လုပ်ငန်းခွင်တွေမှာဆိုရင် အားနာတတ်တဲ့သူတွေကိုရှာပြီး သူတို့ရဲ့တာဝန်တွေပါ ထိုးပေးတတ်တဲ့ လူတန်းစားတစ်ရပ်က သပ်သပ်ကို ရှိပါတယ် ။
ဒီလိုလူတွေကြောင့် အားနာတတ်လွန်းရင် ပင်ပန်းရမယ်လို့ ပြောချင်တာပါ ။
ကိုယ့်ရဲ့နေ့စဥ်ဘဝကို ဝင်ရောက်စွက်ဖက်ခံရတဲ့အခြေအနေတွေပါဖြစ်လာမယ် ။ အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ့်ကိစ္စတွေအပြင် သူတို့ကိစ္စတွေပါ လုပ်ပေးနေရတော့ ကိုယ်ပိုင်နေ့စဥ်ဘဝဆိုတာ ဘယ်မှာ ရှိပါတော့မလဲ ။ သူတို့ကတော့ အေးအေးဆေးဆေးပျော်နေပြီး ကိုယ့်မှာတော့ အနားယူချိန်လေးတောင်မရှိရတာဟာလည်း နေ့စဥ်ဘဝကို ဝင်စွက်ဖက်ခံရခြင်းတစ်မျိုးပါပဲ ။ ကိုယ်ပိုင်ဘဝ ၊ နေ့စဥ်ဘဝဆိုတာ ကိုယ့်ရဲ့ကိစ္စ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်ပဲ အချိန်ပေးရမှာပါ ။ အားနာနာနဲ့ သူများကိစ္စတွေကို အကုန် တာဝန်ယူပေးရင်တော့ ကိုယ်ပဲ ခံရလိမ့်မယ်နော် ။
ပြီးရင် ကိုယ်က အကုန်လုံးကို လက်ခံပေးနေတဲ့အတွက် ကျေးဇူးတင်စရာမလိုဘူးလို့ ထင်လာကြလ်ိမ့်မယ် ။ ပထမ တစ်ခါ နှစ်ခါလောက်တော့ ကျေးဇူးတင်ပါတယ်နော် ၊ အားလုံးက နင့်ကျေးဇူးပါပဲ လို့ ပြောကြမှာပေါ့ ။ ကိုယ်က အဲ့ဒီစကားတွေကို အားနာရင်း တစ်ခုပြီးတစ်ခု လက်ခံပေးနေမယ်ဆိုရင်တော့ အဲ့ဒီအရာတွေ အကုန်လုံးက ကိုယ့်တာဝန်လိုဖြစ်လာမယ် ၊ ကိုယ်က မလုပ်နိုင်တော့လွန်းလို့ ငြင်းမိတဲ့အခါကျ သူတို့ လွန်တာကိုမမြင်ဘဲ ကိုယ့်ကိုပဲ လူဆိုးတစ်ယောက်လို ဆက်ဆံကြပါလိမ့်မယ် ။
လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့အတိုင်း ကိုယ်လုပ်ပေးခဲ့တဲ့ ၁၀ခါအတွက် ကျေးဇူးမတင်ဘဲ ကိုယ်ငြင်းလိုက်တဲ့ ၁ခါလေးကိုပဲ ထောက်ပြပြီး အပြစ်ပြောကြတော့မှာပေါ့ ။
အားနာတတ်တဲ့သူတွေက တစ်ဖက်လူတွေရဲ့ ရောင့်တက်ခြင်းနဲ့ မခန့်လေးစားလုပ်ခြင်းတွေကိုလည်း ခံရတတ်တယ် ။ ပြောသမျှ အကုန်လက်ခံပေးနေတော့ ကိုယ့်ကို လွယ်တယ်ထင်သွားပြီး ယဥ်ယဥ်ကျေးကျေး အကူအညီတောင်းရမယ့်အစား ဒါလေးလုပ်ပေးတော့ ဘာဖြစ်သွားမှာလဲ ၊ အချင်းချင်းတောင် မလုပ်ပေးနိုင်ဘူးလား စတဲ့စကားတွေပြောတဲ့အဆင့်အထိ ရောက်လာပါလိမ့်မယ် ။
အဲ့ဒီအခါ ငြင်းလိုက်ပြန်တော့လည်း အပေါ်မှာ ပြောခဲ့သလို ငြင်းတဲ့တစ်ခါလေးကို ထောက်ပြီး အပြစ်ရှာ ပြောကြမှာပါပဲ ။
အဆိုးဆုံးအချက်ကတော့ အားနာတတ်လွန်းရင် ကိုယ့်ငွေတွေကို သူများအတွက်ချည်း သုံးရပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အားနာတတ်တဲ့အတွက် ပိုက်ဆံလေးချေးပါလို့ ပြောတဲ့အခါမှာ လွယ်လွယ်လေး ချေးလိုက်တယ်လေ ။ ဘယ်နေ့ ဘယ်ရက်ပြန်ဆပ်ပါ ၊ အတိုးဘယ်လောက်ပေးပါဆိုတာမျိုးတွေလည်း ပြောရမှာ အားနာတော့ ရပါတယ် ဖြည်းဖြည်းဆပ် လို့ ပြောလိုက်ရာကနေစပြီး နှစ်တွေသာကြာသွားတယ် တစ်ကျပ်တောင် ပြန်မဆပ်တဲ့ကိစ္စတွေဖြစ်လာရတာပေါ့ ။ ပြီးတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ် ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်ဖြစ် အတူတူစားသောက်ပြီးကြတဲ့အခါ နင်ရှင်းလိုက်ပါလို့ ပြောလာရင် အားနာတော့ ရှင်းရင်းရှင်းရင်းနဲ့ တွေ့တိုင်း ပိုက်ဆံရှင်းရမှာ ကိုယ့်ကိစ္စဖြစ်သွားတဲ့အထိ ဖြစ်လာတော့တာပေါ့ ။
အားနာတတ်လွန်းလို့ ကိုယ့်ဆီကနေ ပါပါသွားရတဲ့ကိစ္စတွေကနေ ဝေးအောင် ဒါလေးတွေ လုပ်ကြည့်ဖို့ အကြံပြုချင်တယ် ။
မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ ပြတ်ပြတ်သားသားငြင်းပါ ။
ကိုယ့်မှာလည်း ကိုယ့်အချိန် ၊ ကိုယ့်ဘဝရှိသေးတဲ့အတွက် သူများကိစ္စတွေပဲ လုပ်ပေးနေလို့မရဘူးလေ ။ အဲ့ဒီတော့ ကိုယ်လည်း အကျိုးအမြတ်တစ်စုံတစ်ရာမရဘဲ ကိုယ့်ရဲ့အချိန်တွေကို ဖဲ့ပေးရမယ့်ကိစ္စတွေဆိုရင်တော့ ငြင်းရပါလိမ့်မယ် ။ အဲ့ဒီလို ငြင်းတဲ့အခါမှာလည်း နောက်တစ်ခါ ဒါမျိုး လာမလုပ်နိုင်အောင်ပါ ပြတ်ပြတ်သားသား ငြင်းဖို့လိုပါတယ် ။ ကိုယ်က မယုတ်မလွန်ပြောပြီး ငြင်းတော့ ငြင်းလိုက်နိုင်ပါရဲ့ ။ နောက်တစ်ခါ အခွင့်ကြုံတော့ လာပြီး ထပ်လုပ်ခိုင်းနေရင် ဇာတ်လမ်းတွေရှည်နေရမယ်မဟုတ်လား ။
အဲ့ဒီတော့ ဒါမျိုးကိစ္စတွေဆိုရင်တော့ မလုပ်နိုင်ကြောင်း တစ်ခါတည်း ပြောပြီး အပြတ်ဖြတ်လိုက်ပါ ။
လူတွေအမုန်းခံရမှာလည်း မကြောက်ပါနဲ့ ။
ငါ ဒီလိုပြောလိုက်လို့ သူတို့ ငါ့ကို မုန်းသွားမလား ၊ မကျေမနပ်ဖြစ်သွားမလားဆိုတဲ့စိတ်ကို ဖျောက်ပစ်ဖို့ လိုပါတယ် ။ မလုပ်နိုင်တဲ့အရာကို အတင်းရအောင် လုပ်ပေးဖို့ ကိုယ့်မှာ တာဝန်မရှိပါဘူး ။ ကိုယ်အားနေရင် ရုပ်ရှင်ကြည့်ချင် ကြည့်မယ် ၊ သီချင်းနားထောင်ရင် ထောင်မယ် ။ အဲ့ဒါကို နင်ကတော့ အားနေတာပဲ ငါ့ကို ကူညီလို့ ဘယ်သူမှ လာပြောပိုင်ခွင့်မရှိပါဘူး ။ အဲ့လိုလာပြောလို့ ငြင်းလိုက်ရင်လည်း ငြင်းတဲ့လူရဲ့ အပြစ်မဟုတ်ပါဘူး ။ ကိုယ်အားနေလည်း ကူချင်မှ ကူမှာပါ ။ ကိုယ့်အချိန်ကိုယ် ဘယ်လို သုံးမယ်ဆိုတာက ကိုယ့်သဘောပဲမို့ ငြင်းဖို့ကို လက်မတွန့်ပါနဲ့ ။ ဒီလိုငြင်းလိုက်လို့ အမုန်းခံရမယ်ဆိုရင်လည်း ခံလိုက်ပါ ။ မကြောက်ပါနဲ့ ။
လူတွေကို စည်းတစ်ခုထားပြီး ဆက်ဆံပါ ။
ဘယ်လောက်ရင်းနှီးတဲ့လူဖြစ်ပါစေ အတွင်းစည်းတစ်ခုတော့ ချန်ထားပြီး ပေါင်းသင့်ပါတယ် ။ အားနာတယ်ဆိုတဲ့ကိစ္စကလည်း ဒီလိုတွေကနေ စဖြစ်တာပဲလေ ။ နင်နဲ့ငါ ဒီလောက်တောင်ခင်ကြတာ ကူညီပါလို့ ပြောတဲ့စကားတွေကို အားနာပြီး အေးလေ သူကတော့ ငါနဲ့ခင်တာပဲ ဆိုပြီး ကူညီပေးတော့ ကိုယ့်ကို လိုသုံးလုပ်တာ ၊ ခိုင်းစားတာမျိုးတွေကြုံရရောပေါ့ ။ ပြီးတော့ လူတွေရဲ့သဘောကိုက အရမ်းကောင်းပေးနေတဲ့သူတွေဆိုရင် မျက်ကွယ်ပြုပြီး ခပ်ချေချေနေမှ အထင်ကြီးတတ်ကြတာမဟုတ်လား ။ ချေမိုးနေရမယ်လို့ မဆိုလိုပေမဲ့ လူတွေကို စည်းတစ်ခု ခိုင်ခိုင်မာမာတားထားပြီး ဆက်ဆံမယ်ဆိုရင် ကိုယ့်ကို လာမကျော်ရဲကြတော့ဘူးပေါ့ ။
ကိုယ့်သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါ ။
အလုပ်ကိစ္စလုပ်တာပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်သဘောမကျဘူး အဆင်မပြေဘူးဆိုရင် ပွင့်ပွင့်လင်းလင်းထုတ်ပြောရပါမယ် ။ သူတို့အတွက် အကုန်အဆင်ပြေနေတာကို ငါပြောလိုက်ရင် အားနာစရာကြီး ဆိုတဲ့စိတ်ကို ဖျောက်ပါ ။ အကုန်လုံးအတွက် အဆင်မပြေရင် အဆင်မပြေဘူးပဲမို့ ငါကတော့ ဒီဟာကို လက်မခံနိုင်ဘူး အဆင်မပြေဘူးဆိုတာကို ပြောပြရပါမယ် ။ ကိုယ်က တစ်ခါမှ ကိုယ့်သဘောကိုယ် ထုတ်မပြောထားဘူးဆိုရင် အချိန်ကြာလာလေလေ ကိုယ့်ရဲ့သဘောထားဆိုတာက ထည့်သွင်းစဥ်းစားစရာမလိုဘူးဆိုတဲ့အဆင့်အထိ ရောက်သွားမှာပါ ။
ကိုယ့်ကိုယ်ကိုယ် ပဲ ပထမနေရာမှာထားပါ ၊ ဦးစားပေးပါ ။
ဒီလိုပြောလို့ အတ္တကြီးခိုင်းနေတာမဟုတ်ပါဘူး ။
တစ်ခုခုဆိုရင် ငါ့အတွက် အဆင်ပြေမလား ဆိုတာကို အရင်တွေးစေချင်တာပါ ။ အကုန်လုံးနဲ့အဆင်မပြေလို့ ပြန်ပြီးဆွေးနွေးကြတယ်ဆိုရင်လည်း ဘယ်လိုလုပ်ရင် ငါ့အတွက် ပိုအဆင်ပြေမလဲဆိုတာကို အရင် focus လုပ်ထားရပါမယ် ။ အဲ့ဒီနောက်မှ ဖြည်းဖြည်းချင်း အကုန်လုံးနဲ့ အဆင်ပြေမယ့်အဖြေကို ရှာတဲ့နည်းလမ်းက ပိုပြီး ကောင်းပါတယ် ။
သူများအတွက်ပဲ စဥ်းစားပေးရင်း ကိုယ့်အတွက်ကိုယ် ပျောက်ဆုံးသွားတာမျိုး အဖြစ်မခံသင့်ပါဘူး ။

