

မနာလိုခြင်း
တခြားသူကို မနာလိုဖြစ်တတ်တဲ့သူတွေဟာ တကယ်တော့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူတွေ
ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ၊ တန်ဖိုးတွေ၊ အားသာချက်တွေအပေါ် ယုံကြည်မှုမရှိဘဲ သူများရဲ့လုပ်နိုင်စွမ်းတွေကို မေးခွန်းထုတ်တာ၊ သူများရဲ့တန်ဖိုးကို နှိမ့်ချတာ၊ သူများရဲ့အားသာချက်ကို အပြစ်ရှာတာတွေ လုပ်မှ ကိုယ်ဟာ သူများထက် သာလွန်သွားမယ်လို့ ထင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် မကျေနပ်နိုင်တဲ့သူတွေ
ကိုယ့်ရဲ့ဘဝပေး ဖြစ်တည်မှု၊ ကိုယ်ရှာဖွေနိုင်ခဲ့တဲ့ ပိုင်ဆိုင်မှု၊ ကိုယ်ကြိုးစားနိုင်ခဲ့တဲ့ အောင်မြင်မှုတွေအပေါ် ကျေနပ်မှုမရှိဘဲ သူများရဲ့ ဖြစ်တည်မှု၊ ပိုင်ဆိုင်မှုနဲ့ အောင်မြင်မှုတွေကိုသာ အမြဲနှိုင်းယှဉ်၊ သူများအဆင်ပြေနေတာကို မမြင်ချင်၊ ကိုယ့်ဘာသာ စိတ်ဒုက္ခခံကြတဲ့သူတွေ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် focus မရှိတဲ့သူတွေ
ဘဝပြေးလမ်းမှာ ပြေးနေရင်း ကိုယ့်လမ်းကိုယ်
ဂရုစိုက်ပြီး ပြေးဖို့၊ ပန်းတိုင်အထိ ကောင်းကောင်းပြေးဖို့ထက် သူများလမ်းမှာ သူများဘယ်လိုပြေးနေလဲ၊ ဘယ်လောက်ဝေးဝေးရောက်နေပြီလဲဆိုတာကို အချိန်ပြည့်လိုက်ကြည့်နေလို့ ပြေးလမ်းမှာ မှောက်လျက်လဲကျပြီး ဆက်မပြေးနိုင်မယ့်သူတွေ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အချိန်ကုန်ခံတဲ့သူတွေ
သူများကို လက်ညှိုးထိုးဖို့၊ အပြစ်တင်ဝေဖန်ဖို့၊ ဒုက္ခပေးဖို့ အချိန်တွေသုံးနေရတဲ့အတွက် အဝေးဆုံးထိပြေးနိုင်ဖို့၊ အမြင့်ဆုံးထိတက်နိုင်ဖို့ ကိုယ်တိုင်ကြိုးစားရမယ့်အချိန်တွေ၊ ပျော်ရွှင်ရမယ့်အချိန်တွေ၊ အောင်မြင်ရမယ့်အချိန်တွေအားလုံး ဖြုန်းတီးလိုက်မိတဲ့သူတွေ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် နေရာဖျောက်တဲ့သူတွေ
ကိုယ်ရရှိထားပြီးသားနေရာတစ်ခုကို တခြားသူတစ်ယောက် ရသွားမှာစိုးပြီး ကိုယ့်နေရာကို လာနိုင်စွမ်းရှိတဲ့သူတွေ့တိုင်း မလာနိုင်အောင် ကိုယ့်နေရာကထ၊ ပြေးထွက်မောင်းထုတ်ရင်း တကယ်ကို နေရာပျောက်သွားတဲ့သူတွေ ဖြစ်ပါတယ်။
မနာလိုတတ်တဲ့လူတိုင်းဟာ အဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမိကြတာပါပဲ။မကောင်းတဲ့စိတ်ဆိုတာသိကြပေမယ့်လည်း
လူဆိုတော့ မနာလိုစိတ်ဝင်လာတဲ့ အချိန်တွေရှိမှာပေါ့။လူ့စိတ်ကို လူ့အသိနဲ့ ပြန်ထိန်းချုပ်ရင်းသူများကိုမနာလိုစိတ်မထားမိအောင် ကြိုးစားရပါမယ်။ကိုယ်ဟာ ကိုယ့်ဘဝရဲ့ Idol ဖြစ်ပါတယ်။ကိုယ့်ကို မနာလိုဖြစ်တဲ့သူတွေအပေါ် ဂရုမစိုက်နဲ့။
ကိုယ်ကလည်း တခြားသူတွေကို မနာလိုမဖြစ်နဲ့။ကိုယ့်ကိုယ်ကိုယ် ယုံကြည်၊ ကျေနပ်၊ focus ရှိပြီး
အချိန်တွေသေချာသုံး၊ နေရာမှာသေချာနေမယ်ဆိုရင်ပျော်ရွှင်အောင်မြင်ခြင်းတွေဟာ ကိုယ့်အတွက်ပါပဲ။

