အားနာရင်ခါးပါလိမ့်မယ်

ပထမဆုံး အားနာတတ်လွန်းရင် ဘာ​တွေဖြစ်လာနိုင်လဲဆိုတာက​​နေ စကြပါမယ် ။
အားနာတတ်လွန်းရင် ပင်ပန်းပါတယ် ။
လူတိုင်းမှာ ကိုယ်လက်ခံနိုင်တဲ့အလုပ် ၊ ကိုယ်ယူနိုင်တဲ့တာဝန် ၊ ကိုယ်လုပ်နိုင်တဲ့ခွန်အားဆိုတာမျိုး​တွေရှိပါတယ် ။ လူတစ်​ယောက်က သုံး​လေးည ဆက်တိုက် မအိပ်မ​နေ အလုပ်လုပ်လို့ မရပါဘူး ။
ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို ပြီး​အောင် လုပ်ရမှာ​တော့ မှန်​ပေမဲ့ သူများအလုပ်ကိုပါ ပြီး​အောင် လုပ်​ပေးရမယ်ဆိုရင် မဟုတ်​သေးဘူး​ပေါ့ ။ အထူးသဖြင့် လုပ်ငန်းခွင်​တွေမှာဆိုရင် အားနာတတ်တဲ့သူ​တွေကိုရှာပြီး သူတို့ရဲ့တာဝန်​တွေပါ ထိုး​ပေးတတ်တဲ့ လူတန်းစားတစ်ရပ်က သပ်သပ်ကို ရှိပါတယ် ။
ဒီလိုလူ​တွေ​​ကြောင့် အားနာတတ်လွန်းရင် ပင်ပန်းရမယ်လို့ ​ပြောချင်တာပါ ။
ကိုယ့်ရဲ့​နေ့စဥ်ဘဝကို ဝင်​ရောက်စွက်ဖက်ခံရတဲ့အ​ခြေအ​နေ​တွေပါဖြစ်လာမယ် ။ အ​​ပေါ်မှာ ​ပြောခဲ့သလိုပဲ ကိုယ့်ကိစ္စ​တွေအပြင် သူတို့ကိစ္စ​တွေပါ လုပ်​ပေး​နေရ​တော့ ကိုယ်ပိုင်​​နေ့စဥ်ဘဝဆိုတာ ဘယ်မှာ ရှိပါ​တော့မလဲ ။ သူတို့က​တော့ ​အေး​အေး​ဆေး​ဆေး​ပျော်​နေပြီး ကိုယ့်မှာ​တော့ အနားယူချိန်​လေး​​တောင်မရှိရတာဟာလည်း ​​နေ့စဥ်ဘဝကို ဝင်စွက်ဖက်ခံရခြင်းတစ်မျိုးပါပဲ ။ ကိုယ်ပိုင်ဘဝ ၊ ​​​​နေ့စဥ်ဘဝဆိုတာ ကိုယ့်ရဲ့ကိစ္စ ကိုယ့်ရဲ့​ပျော်ရွှင်မှုအတွက်ပဲ အချိန်​ပေးရမှာပါ ။ အားနာနာနဲ့ သူများကိစ္စ​တွေကို အကုန် တာဝန်ယူ​ပေးရင်​တော့ ကိုယ်ပဲ ခံရလိမ့်မယ်​နော် ။
ပြီးရင် ကိုယ်က အကုန်လုံးကို လက်ခံ​ပေး​နေတဲ့အတွက် ​ကျေးဇူးတင်စရာမလိုဘူးလို့ ထင်လာကြလ်ိမ့်မယ် ။ ပထမ တစ်ခါ နှစ်ခါ​လောက်​တော့ ​ကျေးဇူးတင်ပါတယ်​နော် ၊ အားလုံးက နင့်​ကျေးဇူးပါပဲ လို့ ​ပြောကြမှာ​ပေါ့ ။ ကိုယ်က အဲ့ဒီစကား​တွေကို အားနာရင်း တစ်ခုပြီးတစ်ခု လက်ခံ​ပေး​နေမယ်ဆိုရင်​တော့ အဲ့ဒီအရာ​တွေ အကုန်လုံးက ကိုယ့်တာဝန်လိုဖြစ်လာမယ် ၊ ကိုယ်က မလုပ်နိုင်​တော့လွန်းလို့ ငြင်းမိတဲ့အခါကျ သူတို့ လွန်တာကိုမမြင်ဘဲ ကိုယ့်ကိုပဲ လူဆိုးတစ်​ယောက်လို ဆက်ဆံကြပါလိမ့်မယ် ။
လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့အတိုင်း ကိုယ်​လုပ်​ပေးခဲ့တဲ့ ၁၀ခါအတွက် ​​ကျေးဇူးမတင်ဘဲ ကိုယ်ငြင်းလိုက်တဲ့ ၁ခါ​လေးကိုပဲ ​ထောက်ပြပြီး အပြစ်​ပြောကြ​တော့မှာ​ပေါ့ ။
အားနာတတ်တဲ့သူ​တွေက တစ်ဖက်လူ​တွေရဲ့ ​ရောင့်တက်ခြင်းနဲ့ မခန့်​လေးစားလုပ်ခြင်း​တွေကိုလည်း ခံရတတ်တယ် ။ ​ပြောသမျှ အကုန်လက်ခံ​ပေး​နေ​တော့ ကိုယ့်ကို လွယ်တယ်ထင်သွားပြီး ယဥ်ယဥ်​ကျေး​ကျေး အကူအညီ​တောင်းရမယ့်အစား ဒါ​လေးလုပ်​ပေး​တော့ ဘာဖြစ်သွားမှာလဲ ၊ အချင်းချင်း​တောင် မလုပ်​ပေးနိုင်ဘူးလား စတဲ့စကား​တွေ​ပြောတဲ့အဆင့်အထိ ​ရောက်လာပါလိမ့်မယ် ။
အဲ့ဒီအခါ ငြင်းလိုက်ပြန်​တော့လည်း အ​ပေါ်မှာ ​ပြောခဲ့သလို ငြင်းတဲ့တစ်ခါ​လေးကို ​ထောက်ပြီး အပြစ်ရှာ ​ပြောကြမှာပါပဲ ။
အဆိုးဆုံးအချက်က​တော့ အားနာတတ်လွန်းရင် ကိုယ့်​​ငွေ​တွေကို သူများအတွက်ချည်း သုံးရပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆို​တော့ ကိုယ်က အားနာတတ်တဲ့အတွက် ပိုက်ဆံ​လေး​ချေးပါလို့ ​ပြောတဲ့အခါမှာ လွယ်လွယ်​လေး ​ချေးလိုက်တယ်​လေ ။ ဘယ်​​နေ့ ဘယ်ရက်ပြန်ဆပ်ပါ ၊ အတိုးဘယ်​လောက်​ပေးပါဆိုတာမျိုး​တွေလည်း ​ပြောရမှာ အားနာ​တော့ ရပါတယ် ​ဖြည်းဖြည်းဆပ် လို့ ​ပြောလိုက်ရာက​နေစပြီး နှစ်​​တွေသာကြာသွားတယ် တစ်ကျပ်​တောင် ပြန်မဆပ်တဲ့ကိစ္စ​တွေဖြစ်လာရတာ​ပေါ့ ။ ပြီး​တော့ သူငယ်ချင်းအ​ပေါင်းအသင်း​တွေနဲ့ဖြစ်ဖြစ် ၊ လုပ်​ဖော်ကိုင်ဖက်​တွေနဲ့ဖြစ်ဖြစ် အတူတူစား​သောက်ပြီးကြတဲ့အခါ နင်ရှင်းလိုက်ပါလို့ ​ပြောလာရင် အား​နာ​တော့ ရှင်းရင်းရှင်းရင်းနဲ့ ​တွေ့တိုင်း ပိုက်ဆံရှင်းရမှာ ကိုယ့်ကိစ္စဖြစ်သွားတဲ့အထိ ဖြစ်လာ​တော့တာ​ပေါ့ ။
အားနာတတ်လွန်းလို့ ကိုယ့်ဆီက​နေ ပါပါသွားရတဲ့ကိစ္စ​တွေက​နေ ​ဝေး​အောင် ဒါ​လေး​တွေ လုပ်ကြည့်ဖို့ အကြံပြုချင်တယ် ။
မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ ပြတ်ပြတ်သားသားငြင်းပါ ။
ကိုယ့်မှာလည်း ကိုယ့်အချိန် ၊ ကိုယ့်ဘဝရှိ​သေးတဲ့အတွက် သူများကိစ္စ​တွေပဲ လုပ်​​ပေး​နေလို့မရဘူး​လေ ။ အဲ့ဒီ​တော့ ကိုယ်လည်း အကျိုးအမြတ်တစ်စုံတစ်ရာမရဘဲ ကိုယ့်ရဲ့အချိန်​တွေကို ဖဲ့​ပေးရမယ့်ကိစ္စ​တွေဆိုရင်​တော့ ငြင်းရပါလိမ့်မယ် ။ အဲ့ဒီလို ငြင်းတဲ့အခါမှာလည်း ​နောက်တစ်ခါ ဒါမျိုး လာမလုပ်နိုင်​အောင်ပါ ပြတ်ပြတ်သားသား ငြင်းဖို့လိုပါတယ် ။ ကိုယ်က မယုတ်မလွန်​ပြောပြီး ငြင်း​တော့ ငြင်းလိုက်နိုင်ပါရဲ့ ။ ​နောက်တစ်ခါ အခွင့်ကြုံ​​တော့ လာပြီး ထပ်လုပ်ခိုင်း​နေရင် ဇာတ်လမ်း​တွေရှည်​နေရမယ်မဟုတ်လား ။
အဲ့ဒီ​တော့ ဒါ​မျိုးကိစ္စ​တွေဆိုရင်​တော့ မလုပ်နိုင်​ကြောင်း တစ်ခါတည်း ​ပြောပြီး အပြတ်ဖြတ်လိုက်ပါ ။
လူ​တွေအမုန်းခံရမှာလည်း မ​ကြောက်ပါနဲ့ ။
ငါ ဒီလို​ပြောလိုက်လို့ သူတို့ ငါ့ကို မုန်းသွားမလား ၊ မ​ကျေမနပ်ဖြစ်သွားမလားဆိုတဲ့စိတ်ကို ​ဖျောက်ပစ်ဖို့ လိုပါတယ် ။ မလုပ်နိုင်တဲ့အရာကို အတင်းရ​အောင် လုပ်​ပေးဖို့ ကိုယ့်မှာ တာဝန်မရှိပါဘူး ။ ကိုယ်အား​နေရင် ရုပ်ရှင်ကြည့်ချင် ကြည့်မယ် ၊ သီချင်းနား​​ထောင်ရင် ​ထောင်မယ် ။ အဲ့ဒါကို နင်က​​တော့ အား​နေတာပဲ ငါ့ကို ကူညီလို့ ဘယ်သူမှ လာ​ပြောပိုင်ခွင့်မရှိပါဘူး ။ အဲ့လိုလာ​ပြောလို့ ငြင်းလိုက်ရင်လည်း ငြင်းတဲ့လူရဲ့ အပြစ်မဟုတ်ပါဘူး ။ ကိုယ်အား​နေလည်း ကူချင်မှ ကူမှာပါ ။ ကိုယ့်အချိန်ကိုယ် ဘယ်လို သုံးမယ်ဆိုတာက ကိုယ့်သ​​​ဘောပဲမို့ ငြင်းဖို့ကို လက်မတွန့်ပါနဲ့ ။ ဒီလိုငြင်းလိုက်လို့ အမုန်းခံရမယ်ဆိုရင်လည်း ခံလိုက်ပါ ။ ​မ​ကြောက်ပါနဲ့ ။
လူ​တွေကို စည်းတစ်ခုထားပြီး ဆက်ဆံပါ ။
ဘယ်​လောက်ရင်းနှီးတဲ့လူဖြစ်ပါ​စေ အတွင်းစည်း​တစ်ခု​တော့ ချန်ထားပြီး ​ပေါင်းသင့်ပါတယ် ။ အားနာတယ်ဆိုတဲ့ကိစ္စကလည်း ဒီလို​တွေက​နေ စဖြစ်တာပဲ​လေ ။ နင်နဲ့ငါ ဒီ​လောက်​​တောင်ခင်ကြတာ ကူညီပါလို့ ​ပြောတဲ့စကား​တွေကို အားနာပြီး ​အေး​လေ သူက​တော့ ငါနဲ့ခင်တာပဲ ဆိုပြီး ကူညီ​ပေး​တော့ ကိုယ့်ကို လိုသုံးလုပ်တာ ၊ ခိုင်းစားတာမျိုး​တွေကြုံရ​ရော​ပေါ့ ။ ပြီး​တော့ လူ​တွေရဲ့သ​ဘောကိုက အရမ်း​ကောင်း​ပေး​နေတဲ့သူ​တွေဆိုရင် မျက်ကွယ်ပြုပြီး ခပ်​ချေ​ချေ​နေမှ အထင်ကြီးတတ်ကြတာမဟုတ်လား ။ ​ချေမိုး​နေရမယ်လို့ မဆိုလို​ပေမဲ့ လူ​တွေကို စည်းတစ်ခု ခိုင်ခိုင်မာမာတားထားပြီး ဆက်ဆံမယ်ဆိုရင် ကိုယ့်ကို လာမ​ကျော်ရဲကြ​တော့ဘူး​​ပေါ့ ။
ကိုယ့်သ​​ဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်​ပြောပါ ။
အလုပ်ကိစ္စလုပ်တာပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်သ​ဘောမကျဘူး အဆင်မ​​ပြေဘူးဆိုရင် ပွင့်ပွင့်လင်းလင်းထုတ်​ပြောရပါမယ် ။ သူတို့အတွက် အကုန်အဆင်​ပြေ​နေတာကို ငါ​ပြောလိုက်ရင် အားနာစရာကြီး ဆိုတဲ့စိတ်ကို ​ဖျောက်ပါ ။ အကုန်လုံးအတွက် အဆင်မ​​ပြေရင် အဆင်​မ​ပြေဘူးပဲမို့ ငါက​တော့ ဒီဟာကို လက်မခံနိုင်ဘူး အဆင်မ​ပြေဘူးဆိုတာကို ​ပြောပြရပါမယ် ။ ကိုယ်က တစ်ခါမှ ကိုယ့်သ​ဘောကိုယ် ထုတ်မ​ပြောထားဘူး​ဆိုရင် အချိန်ကြာလာ​လေ​လေ ကိုယ့်ရဲ့သ​ဘောထားဆိုတာက ထည့်သွင်းစဥ်းစားစရာမလိုဘူးဆိုတဲ့အဆင့်အထိ ​ရောက်သွားမှာပါ ။
ကိုယ့်ကိုယ်ကိုယ် ပဲ ပထမ​နေရာမှာထားပါ ၊ ဦးစား​ပေးပါ ။
ဒီလို​ပြောလို့ အတ္တကြီးခိုင်း​နေတာမဟုတ်ပါဘူး ။
တစ်ခုခုဆိုရင် ငါ့အတွက် အဆင်​ပြေမလား ဆိုတာကို အရင်​တွေး​စေချင်တာပါ ။ အကုန်လုံးနဲ့အဆင်မ​ပြေလို့ ပြန်ပြီး​ဆွေး​နွေးကြတယ်ဆိုရင်လည်း ဘယ်လိုလုပ်ရင် ငါ့အတွက် ပိုအဆင်​ပြေမလဲဆိုတာကို အရင် focus လုပ်ထားရပါမယ် ။ အဲ့ဒီ​နောက်မှ ဖြည်းဖြည်းချင်း အကုန်လုံးနဲ့ အဆင်​ပြေမယ့်အ​ဖြေကို ရှာတဲ့နည်းလမ်းက ပိုပြီး ​ကောင်းပါတယ်​ ။
သူများအတွက်ပဲ စဥ်းစား​ပေးရင်း ကိုယ့်အတွက်ကိုယ် ​ပျောက်ဆုံးသွားတာမျိုး အဖြစ်မခံသင့်ပါဘူး ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *