
ငါတို့၏ ဘုံအိမ်ကမ္ဘာမြေကြီးကို ဂရုစိုက်ပါရဲ့လားဟု ဘုရားသခင်က ငါတို့ကို မေးလိမ့်မည်။

ပုပ်ရဟန်းမင်းကြီး လီယိုသည် ရာသီဥတုတရားမျှတမှုဆိုင်ရာ နိုင်ငံတကာညီလာခံ တက်ရောက် သူများ အား မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှတ်တိုင်ဖြစ် သော Laudato Si’ အကြောင်းကို သုံးသပ်ကာ အချိန်တန်သည့်အခါ ငါတို့၏ ဘုံအိမ်ကို ဂရုစိုက်ခဲ့ပါ ရဲ့လားဟု ဘုရားသခင်က ငါတို့ကို မေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ စာချွန်တော်ဖြစ်သည့် Laudato Si’ ဆယ်နှစ် ပြည့် အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် Laudato Si’ လှုပ်ရှားမှုက စီစဉ်ကျင်း ပသော မျှော်လင့်ချက် မြှင့်တင်ခြင်း (Raising Hope) ညီလာခံ တက်ရောက်သူများအား မိန့်ခွန်းပြော ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ စာချွန်တော် အမွေအနှစ်အတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး၊ ၎င်း သတင်းစကားသည် ကျောင်းများ၊ သာသနာနယ်မြေများ၊ ပညာရပ်ဆိုင်ရာ အစီအစဉ်များနှင့် နိုင်ငံ တကာဆွေးနွေးပွဲများကို မည်ကဲ့သို့ လှုံ့ဆော်ပေးခဲ့သည်ကို မှတ်သားပြောကြားခဲ့သည်။
“၎င်းရဲ့ သက်ရောက်မှုဟာ ထိပ်သီးအစည်းအဝေးများ၊ ဘာသာပေါင်းစုံ အစီအစဉ်များ၊ စီးပွားရေးနဲ့ လုပ် ငန်းနယ်ပယ်များအပြင် ဘာသာရေးနဲ့ ဇီဝကျင့်ဝတ်ဆိုင်ရာ လေ့လာမှုများအထိ ပျံ့နှံ့ခဲ့သည့်အကြောင်း”
အထူးသဖြင့် “ကျွန်ုပ်တို့၏ ဘုံအိမ်ကမ္ဘာမြေကြီးကို ဂရုစိုက်ခြင်း” ဟူသော စကားစုသည် စံနှုန်းတစ်ခု ဖြစ်လာပြီး လူမျိုးပေါင်းစုံနှင့် ကမ္ဘာတိုက်ကြီးများအနှံ့ ပညာရပ်ဆိုင်ရာ လုပ်ငန်းများနှင့် အများပြည်သူ ဆိုင်ရာ ဆွေးနွေးမှုများတွင် အသုံးပြုခဲ့ကြသည်ဟု မှတ်သားခဲ့ပါသည်။
စိတ်နှလုံး အသွင်ပြောင်းလဲခြင်း။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အောင်မြင်မှုများကို ပြန်လည်အမှတ်ရနေသော်လည်း ပုပ်ရဟန်းမင်းကြီး လီယိုက Laudato Si’ တွင် ဖော်ထုတ်ခဲ့သည့် စိန်ခေါ်မှုများသည် “ယနေ့ခေတ်တွင် လွန်ခဲ့သည့် ဆယ်နှစ် ကထက်ပင် ပိုမိုသက်ဆိုင်နေသည်” ဟု အလေးအနက်ပြောကြားခဲ့ပါသည်။
ဤစိန်ခေါ်မှုများသည် နိုင်ငံရေးနှင့် လူမှုရေး အရသာမကဘဲ ဝိညာဉ်ရေးရာအရလည်း ဖြစ်ပြီး၊ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က ဖော်ပြခဲ့သည့်အတိုင်း “စိတ်နှလုံး အသွင်ပြောင်းလဲခြင်း” ကို တောင်းဆို နေသည် ဟု၍ ၎င်း။ စိတ်နှလုံးသည် “အနက်ရှိုင်းဆုံး ရှာဖွေမှုများ ပြုလုပ်ရာ၊ မိမိ၏ အရင်းခံ အမှတ်လက္ခဏာကို ရှာတွေ့ရာနေရာ၊ နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာနေရာ” ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး။ ” အနက်ရှိုင်းဆုံး စိတ်နှလုံးသို့ ပြန်သွားခြင်းဖြင့်သာ စစ်မှန်သော ဂေဟဗေဒဆိုင်ရာ အသွင်ပြောင်းလဲမှု ဖြစ်ပေါ်လာ နိုင် သည်” ဟု မွက်ကြားခဲပါသည်။
ဤအသွင်ကူးပြောင်းမှုသည် “အချက်အလက်များ စုဆောင်းခြင်းမှ ဂရုစိုက်ခြင်းသို့ သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ ဆွေးနွေးခြင်းမှ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ချစ်ခြင်း မေတ္တာဖြင့် လှုံ့ဆော်ပေးသည့် နေထိုင်မှုပုံစံများသို့” ပြောင်းလဲခြင်းကို ဆိုလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အားလုံးသည် တစ်ခုတည်း။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူတော်စင် Assisi မြို့သား ဖရန်စစ်ကို ကိုးကား၍ ဂေဟဗေဒဆိုင်ရာ စိုး ရိမ်ပူပန်မှု၊ ဆင်းရဲသားများအတွက် တရားမျှတမှု၊ လူမှုရေးဆိုင်ရာ ကတိကဝတ်ပြုမှုနှင့် အတွင်းစိတ် ငြိမ်းချမ်းရေးတို့သည် ခွဲခြား၍မရကြောင်း ပါဝင်ဆင်နွှဲသူများအား ပုပ်ရဟန်းမင်းကြီးလီယိုက သတိပေး ခဲ့သည်။
COP30 နှင့် ကုလသမဂ္ဂ၏ ၂၀၂၆ ခုနှစ် ရေ ညီလာခံ အပါအဝင် လာမည့် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး အစည်းအဝေးများကို မျှော်ကြည့်ရင်း “ကမ္ဘာမြေနှင့် ဆင်းရဲသားများ၊ မိသားစုများ၊ ဒေသခံတိုင်းရင်း သားလူမျိုးများ၊ မတော်တဆရွှေ့ပြောင်းနေထိုင်သူများနှင့် ကမ္ဘာတစ်ဝန်းရှိ ယုံကြည်သူများ” ၏ အော် ဟစ်သံများကို နားထောင်ရန် ခေါင်းဆောင်များအား ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါသည်။
ငါတို့၏ အဖြေသည် အဘယ်အရာ ဖြစ်မည်နည်း။
မိန့်ခွန်းနိဂုံးချုပ်တွင် ပုပ်ရဟန်းမင်းကြီး လီယိုက ဤမေးခွန်းကို မေးခဲ့သည်- “ဘုရားသခင် ဖန်ဆင်းထား သော ဤကမ္ဘာလောကကို ကျွန်ုပ်တို့ စိုက်ပျိုးပြီး ဂရုစိုက်ခဲ့ပါရဲ့လား၊ ငါတို့၏ ညီအစ်ကိုမောင်နှမများကို ဂရုစိုက်ခဲ့ပါရဲ့လားဟု ဘုရားသခင်က ငါတို့ကို မေးလိမ့်မည်။” “ငါတို့၏ အဖြေသည် အဘယ်အရာ ဖြစ် မည်နည်း။” ဟု ပုပ်ရဟန်းမင်းကြီး လီယို ၏ မိန့်ခွန်းကို အဆုံးသတ်ထာကြောင်း ဗာတီကန်သတင်း ဌာနကဖော်ပြထားပါသည်။
ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

