
လူ့ဘဝရဲ့ အမှောင်အကြဆုံးနေရာတွေကို သခင်ယေဇူးက ရွေးနုတ်ကယ်တင်။
အပတ်စဥ်ဗုဓ္ဒဟူးနေတိုင်း လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရား သင်ကြားခြင်းတွင် ပုပ်ရဟန်းမင်း ကြီး Leo XIV က သန့်ရှင်းသော စနေနေ့ကြီးတွင် သခင်ယေဇူးသည် အပြစ်ထဲ၌ သေဆုံးခဲ့ကြ သော အမှောင်ထုထဲမှ လူသားများအတွက် အလင်းရောင်ကို ယူဆောင်လာရန် အောက်နိမ့်ရာအရပ်သို့ ဆင်းသက်ခဲ့ကြောင်း လူထုပရိသတ်အား ထောက်ရှုဟောကြား ခဲ့ပါသည်။
အပတ်စဥ်ဗုဓ္ဒဟူးနေတိုင်း လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်းတွင် ပုပ်ရဟန်းမင်းကြီး Leo XIV က ဧဝံဂေလိ တရားဒေသနာတွင် သခင်ယေဇူးသည် လက်ဝါးကားတိုင်မှာ အသေခံပြီး နောက် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ သန့်ရှင်းသော စနေနေ့ကြီး၌ ‘အောက်နိမ့်ရာအရပ်သို့ ဆင်း သက်ခြင်းသည် “ကျွန်ုပ်တို့အပေါ်ထားရှိ့သည့် ဘုရားသခင်မေတ္တာတော်၏ အနက်ရှိုင်းဆုံးနှင့် အခြေ ခံအကျဆုံး အပြုအမူပင်ဖြစ်သည်” ဟု ဟောကြားခဲ့ပါသည်။
“သေဆုံးခြင်းသည် နောက်ဆုံး စကားလုံးမဟုတ်ပါ”
“သခင်ယေဇူးသည် ကျွန်ုပ်တို့အတွက် အသက်စွန့်ခဲ့ရုံသာမကဘဲ ကျွန်ုပ်တို့ အမိုက်အမှောင်ထဲ ပြောက်ဆုံး ဆုံးရှုံးနေချိန်တွင်လည်း ရှာဖွေခဲ့ပါသည်” “ဘုရားရှင် ၏ ကယ်တင်ခြင်း အလင်း စွမ်းအား သာလျှင် အမှောင်ထုကို ထိုးဖောက်နိုင်စွမ်းရှိသည့် အမိုက်မှောင် ၏ အနက် ရှိုင်းဆုံးနေရာသို့ တိုင်ဆင်းသက်ခဲ့သည်” ပုပ်ရဟန်းမင်းကြီးက မွက်ကြားခဲ့ပါသည်။
ဤအခြေအနေတွင် အောက်နိမ့်ရာအရပ်သည် “နေရာတစ်ခုထက် အခြေအနေတစ်ခုဖြစ်ပြီး အသက် သည် ကုန်ခန်းနေသည်၊ နာကျင်မှု၊ အထီးကျန်မှု၊ အပြစ်ရှိခြင်း၊ ဘုရားသခင်နှင့် အခြားသူများနှင့် ကင်းကွာခြင်းတို့ လွှမ်းမိုးခံနေရသည်” ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြပါသည်။
“သခင်ယေဇူးသည် ငရဲပြည်သို့ ဆင်းသက်ခြင်းဖြင့် သေခြင်းတရား၏ အိမ်အတွင်းသို့ ဝင်ရောက်ကာ ၎င်းကို ဗလာကျင်းစေပြီး ထိုအထဲ ရောက်နေသူများကို တစ်ဦးချင်းစီ လက်ဆွဲကာ လွတ်မြောက် စေခဲ့သည်” ဟု ရဟန်းမင်းကြီးက ရှင်းပြပါသည်။
“ဤအပြုအမူတွင် ပါစကားပွဲတော်ဆိုင်ရာ သတင်းစကား၏ ခွန်အားနှင့် နူးညံ့သိမ်မွေ့မှုအားလုံး ပါဝင်နေသည်– သေဆုံးခြင်းသည် နောက်ဆုံးစကားလုံးမဟုတ်ပါ” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုပါသည်။
“ခမည်းတော်၏မေတ္တာတော်ကို သက်သေခံခြင်း”
“ခရစ်တော်၏ ဤကဲ့သို့ဆင်းသက်ခြင်းသည် အတိတ်နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ယနေ့ခေတ် နှင့်လည်း သက်ဆိုင်သည်” “သေဆုံးပြီးသားအခြေအနေဖြစ်သည့် အောက်နိမ့်ရာအရပ်သို့ ဝင်ရောက် ခဲ့သော သခင်ယေဇူးသည် ခမည်းတော်၏မေတ္တာတော်ကို သက်သေခံရန်အတွက် ‘နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် အထီးကျန်မှု၊ ရှက်ရွံ့မှု၊ စွန့်ပစ်ခံရမှုနှင့် ဘဝ၏ရုန်းကန်လှုပ်ရှားမှုတို့၏ ငရဲပြည်’ သို့ ဝင်ရောက်ခြင်းဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီး Leo က အလေးပေးပြောကြားခဲ့ပါသည်။
သခင်ယေဇူးသည် အောက်နိမ့်ရာအရပ်ရှိ အာဒမ်နှင့် တွေ့ဆုံခြင်းသည် ‘ဘုရားသခင်နှင့် လူသားကြား ဖြစ်နိုင်ခြေရှိသော တွေ့ဆုံမှုအားလုံး၏ သင်္ကေတ’ ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီး Leo က ရှင်းပြ ပါသည်။
ဘုရားသခင်သည် “လူကို နာမည်ခေါ်ကာ” အမှောင်ထုထဲမှ ခေါ်ထုတ်ပြီး အလင်းရောင်သို့ ပြန်လည် ပို့ဆောင်ပေးသည်။ ထိုသို့ပြုလုပ်ရာတွင် “အပြည့်အဝ အခွင့်အာဏာဖြင့်သာမက၊ ဖခင်တစ်ဦးသည် သူ့ကိုချစ်တော့မည်မဟုတ်ဟု ထိတ်လန့်နေသော ကလေးတစ်ဦးကို နူးညံ့သိမ်မွေ့စွာ ပြုမူသကဲ့သို့ အဆုံးမဲ့ နူးညံ့သိမ်မွေ့မှုဖြင့်လည်း ပြုမူသည်” ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြပါသည်။
“ကရုဏာတော်နှင့် မထိတွေ့နိုင်သည့်အရာ မရှိပါ”
“ထို့ကြောင့် သန့်ရှင်းသော စနေနေ့သည် ကောင်းကင်ဘုံသည် မြေကြီးသို့ အနက်ရှိုင်းဆုံး လာရောက် လည်ပတ်သည့် နေ့ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြပါသည်။ “အောက်နိမ့်ရာအရပ်သို့ ဆင်းသက်ခြင်းသည် ‘မည်သည့်အရာမှ ကယ်တင်ခြင်းမှ ချန်လှပ်ထားခြင်းမရှိ၊ ကျွန်ုပ်တို့၏ ညများပင်၊ ကျွန်ုပ်တို့၏ အဟောင်းဆုံး အပြစ်များပင်၊ ကျွန်ုပ်တို့၏ ကျိုးပဲ့သော နှောင်ကြိုးများ ပင်လျှင် ချန်လှပ်ထားခြင်း မရှိကြောင်း ကျွန်ုပ်တို့အား ပြသခြင်းဖြစ်သည်’ ‘အလွန်ပျက်စီးနေသော အတိတ်၊ အလွန်အကျပ်အတည်းဖြစ်နေသော သမိုင်းသည်ပင်လျှင် ကရုဏာတော်နှင့် မထိတွေ့ နိုင်ခြင်း မရှိပါ” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါသည်။
“သန့်ရှင်းသော စနေနေ့သည် ခရစ်တော်သည် ဖန်ဆင်းထားသောအရာအားလုံးကို ကယ်တင်ခြင်း အစီအစဉ်သို့ ပြန်လည်ရောက်ရှိစေရန် ခမည်းတော်ထံသို့ တင်ပြသည့် တိတ်ဆိတ်သော ပွေ့ဖက်ခြင်း ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီး Leo က နိဂုံးချုပ်ပြောကြားခဲ့ပါသည်။
ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

