တရားမျှတမှုကို ဉာဏ်ပညာ၊ မေတ္တာနှင့် ကရုဏာတို့ဖြင့် ရှင်သန်စေရမည်။

ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က တရားမျှတခြင်းအတွက် ကျင်းပသော ဂျူဘီလီပွဲတော်မှာ တရားမျှတ ခြင်းရဲ့ အဓိပ္ပာယ်နှင့် လူ့အဖွဲ့အစည်းအပေါ် လုပ်ဆောင်သော အခန်းကဏ္ဍကို ပြန်လည်ဆင်ခြင် သုံးသပ် ပြီး၊ အခမ်းအနား တက်ရောက်လာသူများကို “ဘုရားသခင်ကို စွဲမြဲစွာ ကြည့်ရှုရင်း လူများ ကိုဝန် ဆောင် မှုပေးသောနေရာတွင် တရားမျှတမှုကို အမြဲတမ်း အပြည့်အဝဖော်ပြကြဖို့” ဖိတ်ခေါ်ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က တရားမျှတခြင်းအတွက် ကျင်းပတဲ့ ဂျူဘီလီပွဲတော်မှာ ပါဝင်သောသာ သနာ နှင့် အရပ်ဘက် ဥပဒေပညာရှင်များကို မိန့်ခွန်းပြောကြားခဲ့ရာတွင် တရားမျှတခြင်းရဲ့ အဓိပ္ပာယ် နှင့် လုပ်ဆောင်သော အခန်းကဏ္ဍအပေါ် နက်နဲသော အတွေးအမြင်များအကြောင်းကို ဒီကနေ့မှာ ပြော ကြားခဲ့ပါသည်။

စိန့်ပီတာရင်ပြင်မှာ စုဝေးရောက်ရှိနေတဲ့ ဘုရားဖူးအများအပြားကို မိန့်ခွန်းပြောကြားရာမှာ ပုပ်ရဟန်း မင်းကြီးလီယိုက တရားမျှတခြင်းသည် လူ့အဖွဲ့အစည်းစနစ်တကျ တိုးတက်မှုအတွက်ရော၊ အမျိုးသား၊ အမျိုးသမီးတိုင်းရဲ့ အသိစိတ်ကို လှုံ့ဆော်လမ်းညွှန်ပေးသော အဓိက သီလအနေနဲ့ပါ မရှိမဖြစ်လိုအပ် ကြောင်းအခိုင်အမာ ပြောကြားခဲ့ပါသည်။

ကျမ်းစာအရ “တရားမျှတမှုကို မြတ်နိုးပြီး မကောင်းမှုကို ရှောင်ရှားပါ” ဆိုသော ဆုံးမစကားနှင့် “လူ တိုင်းရသင့်ရထိုက်တာကို ပေးအပ်ခြင်း” ဟု တရားမျှတမှုကို ရှေးရိုးအစဥ်အလာအရ အဓိပ္ပာယ်ဖွင့်ဆို ထားခြင်းကို ပြောပြရင်း ပုပ်ရဟန်းမင်းကြီးလီယိုက ဒီတရားမျှတမှုပုံစံက လူတိုင်းမှာရှိနေတဲ့ “နက်နဲ သော တောင့်တခြင်းကို မကုန်ခမ်းစေနိုင်ပါ” ဟုဆက်လက်ပြောကြားခဲ့ပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ အများအကျိုး

ပုပ်ရဟန်းမင်းကြီးလီယိုက “လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာ၊ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး၊ လူအဖွဲ့ အစည်းနှင့် အတူယှဉ်တွဲနေထိုင်မှု၊ ဖွဲ့စည်းပုံနဲ့ စည်းမျဉ်းများကို တရားမျှတမှုက ပေါင်းစည်းပေးပါတယ်” လို့ ရှင်းပြခဲ့ပါသည်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးလီယိုက တရားမျှတမှုဟာ “အဓိကအားဖြင့် သီလတစ်ခုဖြစ်တယ်၊ ဆိုလို ရင်းက အကျိုးအကြောင်းနဲ့ ယုံကြည်ခြင်းအတိုင်း ကျွန်တော်တို့ရဲ့ အပြုအမူကို စနစ်တကျ ပြုမူဖို့ ခိုင်မာ တည်ငြိမ်တဲ့ စိတ်သဘောထားဖြစ်တယ်” ဟု ပြောကြားခဲ့ပြီး၊ ဒီသီလက “ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ နီးစပ်သူတွေကို သူတို့ရသင့်ရထိုက်တာတွေ ပေးဖို့အတွက် ခိုင်မြဲပြီးတည်ငြိမ်သော စိတ်ဆန္ဒရှိခြင်း” လို့လည်း ဖွင့်ဆိုခဲ့ပါသည်။

‘သာလွန်မြင့်မြတ်သော တရားမျှတမှု’ သို့ ဖိတ်ခေါ်ခြင်း

ပုပ်ရဟန်းမင်းကြီး လီယိုက တရားမျှတမှုဟာ ကျွန်တော်တို့ကို “လူတိုင်းရဲ့ အခွင့်အရေးကို လေးစားဖို့” နဲ့ အများအကျိုးကို ထိန်းသိမ်းပေးသော သဟဇာတဖြစ်မှုကို မြှင့်တင်ဖို့ ဆွဲဆောင်လမ်းညွှန် ပေးသော် လည်း၊ ဧဝံဂေလိတရားကတော့ “ဆက်ဆံရေးတွေမှာ သနားကြင်နာမှုကို အဓိကသော့ချက်အဖြစ် အနက်ဖွင့်ဆိုပေးပြီး” ခွင့်လွှတ်ခြင်းဆီကို တွန်းပို့ပေးသော “သာလွန်မြင့်မြတ် သည့် တရားမျှ တမှု” ဟု ပြောဆိုထားပါသည်။

“ခွင့်လွှတ်ခြင်းရဲ့ တန်ခိုးစွမ်းအားဟာ မေတ္တာ၏ ပညတ်တော်မှာ မွေးရာပါ ပါဝင်ပြီး၊ သဘာဝလွန် တရား ကို လူသားတို့နှင့် ပေါင်းစည်းပေးနိုင်သော တရားမျှတခြင်းရဲ့ အခြေခံအုတ်မြစ်တစ်ခုအဖြစ် ပေါ်ထွက် လာပါတယ်” ဟု ရှင်းပြခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးက ဧဝံဂေလိတရားတော်ရဲ့ တရားမျှတမှုဟာ “လူ့ရဲ့တရားမျှတမှုကို ရှောင်လွှဲပစ် လိုက်တာ မဟုတ်ဘဲ၊ မေးခွန်းထုတ်ပြီး ပုံသွင်းပေးတယ်၊ ပြန်လည်သင့်မြတ်ခြင်းဆီ တွန်းပို့ပေးတာ ကြောင့်အမြဲတမ်း ပိုပြီးရှေ့ဆက်သွားဖို့ စိန်ခေါ်နေပါသည်” ဟုပြောကြားခဲ့ပါသည်။

မကောင်းမှုကို အပြစ်ပေးရုံသာမက ပြုပြင်ပေးရမယ့် လုပ်ငန်းတာဝန်သည် “ခက်ခဲသော်လဲ အပြစ် ဆိုစရာမရှိတဲ့ ဘဝလမ်းကို သေချာပေါက် ကတိသစ္စာပြုသူတွေအတွက် မဖြစ်နိုင်သောအရာ မဟုတ်ပါ” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ပြောကြားခဲ့ကြောင်း။

ဆက်လက်ပြီး “ကြီးထွားလာသော ခွဲခြားဆက်ဆံမှုများသည် တရားမျှတမှုကို လက်လှမ်းမမီနိုင်အောင် ငြင်းပယ်ဖို့ ဦးတည်နေကြောင်း” ကို အသိအမှတ်ပြုရင်း “စစ်မှန်သော တန်းတူညီမျှမှုသည် ဥပဒေရှေ့မှာ တရားဝင် တန်းတူညီမျှမှုတစ်ခုတည်း မဟုတ်ဘဲ” “လူတိုင်း သူတို့ရဲ့ ရည်မှန်းချက်များကို အကောင် အထည်ဖော်နိုင်ပြီး၊ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မွေးရာပါ အခွင့်အရေးတွေကို တန်ဖိုးထားမှု များစုပေါင်းထား သော စနစ်တစ်ခုက အာမခံပေးနိုင်တဲ့ ဖြစ်နိုင်ချေ” ဖြစ်တယ်ဟု ရှင်းပြခဲ့ပါသည်။

နိုင်ငံတကာအဆင့်မှာ တရားမျှတခြင်းရဲ့ လိုအပ်ချက်များ

ပုပ်ရဟန်းမင်းကြီး လီယိုက ဂျူဘီလီပွဲတော်ဟာ “အလုံအလောက် အလေးမပေးခံရတဲ့ တရားမျှတခြင်း ရဲ့ ရှုထောင့်တစ်ခုကိုလည်း ကျွန်တော်တို့ကို ဆင်ခြင်သုံးသပ်ဖို့ ဖိတ်ခေါ်နေပါတယ်၊ အဲဒါကတော့ တိုင်း ပြည်နဲ့ လူမျိုးများစွာရဲ့ လက်တွေ့အခြေအနေဟာ မမျှတမှုတွေနဲ့ လူမဆန်တဲ့အထိ လက်မခံနိုင် စရာ ဖြစ်နေတဲ့အတွက်ကြောင့် ‘တရားမျှတခြင်းအတွက် ဆာလောင်မွတ်သိပ်နေခြင်း’ ဖြစ်ပါတယ်” ဟုအဓိပ္ပာယ်ရှိရှိ မှတ်ချက်ပြုခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးက စိန့်ဩဂတ်စတင်းရဲ့ “တရားမျှတမှုမရှိရင် နိုင်ငံကို အုပ်ချုပ်နိုင်မှာမဟုတ်ပါ၊ စစ်မှန် တဲ့ တရားမျှတမှုမရှိသော နိုင်ငံမှာ ဥပဒေဆိုတာ မရှိနိုင်ပါ” ဆိုသော စကားများကို ကမ္ဘာ့လက်ရှိအခြေ အနေနဲ့ စီလျှော်အောင် ပြောကြားခဲ့ပါသည်။

တရားမျှတမှုဟာ လူသားတွေသာမက ဘုရားသခင်ပါ သူတို့ရသင့်ရထိုက်တာတွေကို ပေးအပ်သော သီလဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး။ စိန့်ဩဂတ်စတင်းရဲ့ စကားကို ကိုးကားရင်း ပုပ်ရဟန်း မင်းကြီးလီယိုက “ဒါကြောင့် လူသားတွေကို ဘုရားသခင်နဲ့ ဝေးကွာစေတဲ့အရာဟာ စစ်မှန်တဲ့ လူသားတို့ ရဲ့ တရားမျှတမှု မဟုတ်ပါ” ဟု မိန့်ကြားခဲပါသည်။

နိဂုံးချုပ်အနေနဲ့ ရဟန်းမင်းကြီးက “စိန့်ဩဂတ်စတင်းရဲ့ တောင်းဆိုနေသော စကားများဟာ လူတွေကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ တရားမျှတမှုကို အပြည့်အဝ ဖော်ပြဖို့အတွက် ကျွန်တော်တို့ တစ်ဦးစီကို အလင်းပေးပါစေ၊ ထို့အတွက်ကြောင့် တရားမျှတမှု၊ မှန်ကန်မှုနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သိက္ခာတွေကို အပြည့်အဝ ဖော်ပြနိုင်ဖို့အတွက် ဘုရားသခင်ကို ဦးတည် ကြည့်ရှုကြပါစို့” လို့ ပြောကြားခဲ့ပါတယ်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *