ဟိန္ဒူရှေးဟောင်းပုံပြင်လေးတပုဒ်ပါ။
တခါက တောထဲမှာ တရားကျင့်နေတဲ့ ဖကီးရသေ့လေးတပါး ရှိသတဲ့။
သူဟာ ဈာန်တန်ခိုးအတွက် ကျင့်ကြံလာရာမှာ အတော်ကို ခရီးရောက်နေပါပြီ။
ဘယ်လောက်ထိလဲဆို သူ့ခေါင်းပေါ် ချီးပါချတဲ့ ငှက်ကို ဒေါသနဲ့မော့ကြည့်ရုံနဲ့ ငှက်ဟာ ပြာကျသွားပါသတဲ့။
တရက်တော့ ရသေ့လေးဟာ ရွာထဲ ဆွမ်းခံဖို့သွားပါတယ်။
အမျိုးသမီးတစ်ယောက်အိမ်ရှေ့ရောက်တော့ ကြွက်တကောင်ကို ခုတ်သတ်ဖို့ ကြောင်က လိုက်နေပါသတဲ့။
အဲ့ဒီအခါ အမျိုးသမီးက..
“ရပ်ကြစမ်း..ဟဲ့ ကြောင်ကလေး နင်ဗိုက်ဆာရင် ငါကျွေးမယ်”.လို့ပြောလိုက်တဲ့အခါ ကြောင်နဲ့ ကြွက်ဟာ မသတ်ကြတော့ပဲ အချင်းချင်းကစားနေကြရောတဲ့။
ဒီမြင်ကွင်းကို မြင်တော့ ရသေ့လေးက အံဩသွားတယ်။
ဒါနဲ့ အိမ်ရှင်မ ကို မေးတယ်။
“ကျုပ်လည်း ဈာန်တန်ခိုးတွေ ရှိသင့်သလောက် ရှိပါတယ်..ဒါပေမယ့် ဗိုက်ဆာနေတဲ့ကြောင်ကို ကြွက်မခုတ်ဖို့ တားနိုင်တဲ့ တန်ခိုးမျိုးတော့ မရှိသေးဘူး..အဲ့ဒါကို ဘယ်မှာ သင်လို့ရပါသလဲ”လို့ မေးလိုက်တယ်။
ဒါနဲ့ အိမ်ရှင်မက
“ခဏနေပါဦး..ရသေ့..ကျွန်မ ကြောင်ကို အစာကျွေးမယ်လို့ တာဝန်ယူထားတာ အရင် လုပ်လိုက်ဦးမယ်” ဆိုပြီး သူ့အိမ်ထဲပြန်ဝင်၊ အစားအစာတွေယူပြီး ကြောင်ကို ကျွေးလိုက်ပါတယ်။
ပြီးတာနဲ့ “ရသေ့လေး..ပြောတဲ့ တန်ခိုးမျိုးရဖို့ ကျွန်မကို သင်ကြားပေးတဲ့ ဆရာရှိပါတယ်..သူ့ဆီ လမ်းညွှန်လိုက်ပါ့မယ်..ဒါနဲ့ ရသေ့လေး လာရင်းကိစ္စက ဘာလဲ” ဆိုပြီး ပြောပါတယ်။
“ကျုပ် ဆွမ်းမစားရသေးလို့..ဆွမ်းခံဖို့လာတာပါ” ဆိုတော့ အိမ်ရှင်မက “ခုန ကြောင်ကို ကျွေးမယ်လို့ တာဝန်ခံထားလို့ အကုန်ကျွေးလိုက်ပါပြီ..ဒါကြောင့် ရသေ့လေးကို ဆွမ်းမကပ်နိုင်သေးပါ..ကျွန်တော်မ ဆွမ်းကပ်ဖို့ ငွေသွားရှာပြီးရင်တော့ ကပ်ပါ့မယ်” လို့ ပြောလိုက်ပါတယ်။
ရသေ့လည်း စောင့်မနေတော့ပဲ ဆွမ်းထက်အရေးကြီးတဲ့ တန်ခိုးကို ရဖို့ အိမ်ရှင်မ ညွှန်ပြတဲ့ ဆရာဆိုသူဆီ သွားပါသတဲ့။
ဆရာဆိုသူဆီ ရောက်တော့ ရသေ့ဟာ စိတ်ညစ်သွားတယ်။
ဆရာဆိုသူဟာ အသားရောင်းတဲ့သူပဲ။
အဲ့ဒီခေတ် ဟိန္ဒူ လူ့အသိုက်အဝန်းမှာ အသားရောင်းသူများဟာ အင်မတန်မှ ဇာတ်နိမ့်တယ်လို့ ခံယူထားကြပါတယ်။
“အို ဘာဖြစ်ဖြစ် ပညာရအောင်ယူရမှာပဲ” ဆိုပြီး ရသေ့ဟာ အသားသည်ကို သွားပြီး အကျိုးအကြောင်းပြောပြတယ်။
အသားသည်က “ရသေ့..ခဏတော့ စောင့်ပါ..အသားလာဝယ်သူတွေကို ရောင်းဖို့က ကျုပ်တာဝန်ပါ..ဒါပြီးမှ ခင်ဗျားအတွက် အချိန်ပေးမယ်” ဆိုပြီး အသားရောင်းပါတယ်။
အသားသည်တနေကုန်အသားရောင်းတာကို ရသေ့က ထိုင်ကြည့်ရင်း စောင့်နေပါတယ်။
ညနေစောင်းတော့ အသားသည်က “အလုပ်ပြီးပြီ..မိသားစုအတွက် အချိန်ပေးဖို့ တာဝန်ရှိပါသေးတယ်” ဆိုပြီး အိမ်ပြန်ပါတယ်။
ရသေ့လည်း အိမ်ကို လိုက်လာပါတော့တယ်။
အိမ်ရောက်တော့ အသားသည်ဟာ ဇနီး၊ သားသမီးတွေ နဲ့ ပျော်ပျော်ရွှင်ရွှင်စကားတွေပြောပါတယ်။
ပြီးတာနဲ့..ထမင်းစားဖို့ လုပ်ပါတယ်။
ရသေ့လေးကိုလည်း ထမင်းစားဖို့ ဖိတ်ပါတယ်။
ထမင်းစားတဲ့အခါ အသားသည်နဲ့ သားသမီးတွေက အရင်စားကြပြီး အသားသည်မိန်းမက မစားပါဘူး။
အားလုံးပြီးမှ ရသေ့လေးကို ကျွေးပါတယ်။
ရသေ့လေးက စားပါတယ်။
ရသေ့လေးစားပြီးမှ အသားသည်မိန်းမက စားပါတယ်။
ဒါတွေ အားလုံးပြီးတဲ့အခါ အသားသည်က ရသေ့လေးကို ပညာသင်ပေးမယ်ဆိုပြီး စကားပြောပါတယ်။
“ရသေ့လေး…ရသေ့လေးတွေ့ခဲ့တဲ့ အိမ်ရှင်မဟာ သူ့ရှေ့မှာ ပြဿနာတက်နေတဲ့ ကြောင်နဲ့ကြွက်ကို အစာကျွေးပါ့မယ်ဆိုပြီး တာဝန်ယူလိုက်တယ်..သူယူတဲ့ တာဝန်ကို သူ ကြေအောင်ထမ်းတယ်… ရသေ့လေးကို ဆွမ်းကပ်မယ်ဆိုတာလည်း သူရအောင်ကပ်မှာပဲ..
ဒီလိုပဲ..ရသေ့လေးက ကျုပ်ဆီ ပညာသင်ရအောင်လာတယ်..ကျုပ်မှာက အသားသည်ဆိုတော့ အသားလာဝယ်သူတွေကို ရောင်းဖို့ တာဝန်ရှိတယ်..အဲ့တာဝန်ကို ကျေအောင် ကျုပ်လုပ်တယ်။
နောက် မိသားစု။
သူတို့အပေါ် ကျုပ်တာဝန်ရှိတယ်။ ဒီတော့ သူတို့ကို အချိန်ပေးတယ်။
ရသေ့လေးကို အိမ်ခေါ်လာတဲ့အတွက် ကျုပ်က အိမ်ရှင်။ ဒီတော့ အိမ်ရှင်တာဝန်အဖြစ် ထမင်းကျွေးရမယ်။
ဒီနေရာမှာ တာဝန်ကို ကျင့်ဝတ်နဲ့ တွဲရမယ်။
ကျုပ်က ပညာသင်ပေးမယ့် ဆရာ။ ရသေ့လေးက တပည့်။
ဒီတော့ ထမင်းစားတဲ့ အခါ ကျုပ်က အရင်စားတယ်။
ကျုပ်က ရသေ့လေးဆရာဆို သူက ဆရာကတော်။
ဒါပေမယ့် ကျုပ် မိန်းမက ကျုပ်နဲ့အတူ ဘာလို့မစားသလဲ။
ရသေ့လေးက ကျုပ်ဆီ ပညာသင်ဖို့လာတဲ့ တပည့်ဆိုတော့ ကျုပ်မိန်းမ က သားတစ်ယောက်လို သဘောထားရမယ့် ကျင့်ဝတ်နဲ့ တာဝန်ရှိတယ်။
ဒါကြောင့် မိခင်ပီပီ သူမစားခင် သားသမီးကို ဦးစားပေး ထမင်းကျွေးခဲ့တာ။
ဒါကို ရသေ့လေးက စားခဲ့တယ်။
အခု ဖြစ်စဉ်တလျှောက်လုံးမှာ အားလုံးဟာ သူ့တာဝန် သူ့ကျင့်ဝတ်အတိုင်း ကျေပွန်ကြတယ်။
မကျေပွန်တာ ရသေ့လေးပဲ”
အဲ့ဒီလိုပြောတဲ့အခါ ရသေ့လေးက အံဩသွားတယ်။
“ကျုပ် ဘာများ တာဝန်မကျေခဲ့လဲ” ပေါ့။
အသားသည်က ပြောတယ်။
“ရသေ့လေးဟာ ကျုပ်ဆီ တပည့်ခံဖို့လာတယ်..ပညာသင်ပါရစေဆိုပြီး ဆရာအဖြစ် တင်မြှောက်တယ်..ဆရာနဲ့တပည့်ဆိုတာ ဝန်ကို ဝိုင်းကူမျှထမ်းပေးကြရတယ်..ဒါပေမယ့် ဆရာဖြစ်တဲ့ ကျုပ် တချိန်လုံး ဈေးရောင်းနေတာကို တချက် ဝိုင်းမကူဘူး..တချိန်လုံးထိုင်ကြည့်နေတယ်..အဲ့ဒီလို ထိုင်ကြည့်နေရတာကိုပဲ ငါ ဒီပညာရဖို့ ပေးဆပ်နေတာလို့ ထင်ပြီ..ဒီပညာကို ရဖို့တန်တယ်လို့ ယူဆပြန်တယ်။
နောက် အိမ်ကိုရောက်တဲ့အခါ..ကျုပ်မိန်းမက မိခင်တယောက်ရဲ့ တာဝန်နဲ့ကျင့်ဝတ်အရ ခင်ဗျားကို သူမစားခင်ကျွေးတယ်။
ဒါကို ခင်ဗျားက မငြင်းပယ်ခဲ့ဘူး။ “အမေ မစားဘူးလား” တခွန်းမပြောပဲ သူကျွေးတဲ့ ထမင်းကိုစားတယ်။
ခင်ဗျားဂာ အရွယ်ရောက်ပြီးသား လူတစ်ယောက်၊ မိဘ ဆီမှာ မှီခိုစားရတော့မှာမဟုတ်ဘူး.. မိဘကို ရှာဖွေကျွေးမွေးပြုစုဖို့ တာဝန်ရှိလာပြီ။
ဒီခဏမှာတောင် ခင်ဗျားကို သားလို သဘောထားတဲ့ မိခင်ကို ပြန်လည်ကျွေးမွေးရမယ့် တာဝန်ကို ခင်ဗျား မကျေပွန်ခဲ့ဘူး။
တကယ်တော့ ဗိုက်ဆာနေတဲ့ ကြောင်ဟာ အိမ်ရှင်မ စကားကို နားထောင်တာဟာ တန်ခိုးမဟုတ်ဘူး။ တာဝန်ကျေပွန်တဲ့ အိမ်ရှင်မ ကို ယုံကြည်လို့ပဲ။
ကျုပ်တို့အားလုံးဟာ ကိုယ့်တာဝန် ကိုယ်ကျေကြတယ်။ ကိုယ့်ကျင့်ဝတ် ကိုယ်စောင့်ထိန်းကြတယ်။
ကိုယ့်တာဝန်ကိုယ်ကျေခြင်းဟာ ကိုယ့်ပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်းပါပဲ။
ကိုယ့်ပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်းဟာ လောကကို စောင့်ရှောက်ခြင်းပါပဲ။
ကျုပ်တို့ ဟာ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ကြတဲ့အခါ
ကျုပ်တို့ ပတ်ဝန်းကျင်က ကျုပ်တို့ကို ယုံကြည်တယ်။
ကျုပ်တို့စကားကို တန်ဖိုးထားကြတယ်။
ဒါဟာ..သင်စရာမလိုတဲ့ တန်ခိုးပဲ..ရသေ့လေး..ဒီတန်ခိုးကို တခြားမှာ လိုက်ရှာမနေပါနဲ့..ကိုယ့်တာဝန် ကိုယ်ကြေရင် တန်ခိုးရှိပါတယ်”
အသားသည်ရဲ့ စကားဆုံးတဲ့အခါ ရသေ့လေးဟာ အသားသည်ကို လက်အုပ်ချီပြီး ရှိခိုးပြီး သူ့မိဘနှစ်ပါး နဲ့ သူ့မိသားစုရှိရာ ရွာကို ပြန်သွားပါသတဲ့။
လောကထဲ ကိုယ့်သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း၊ ကိုယ့်ရပ်တည်ရာကဏ္ဍ အလိုက် ဖြတ်သန်းကြတဲ့အခါမှာလည်း အခြေခံ လူ့ကျင့်ဝတ် ကို မဏ္ဍိုင်ပြုပြီး အခြား သက်ဆိုင်ရာ ကျင့်ဝတ်တွေကို ကိုယ်စီ စောင့်ထိန်းရကြစမြဲပါ။
ကျင့်စဉ်ဘယ်လောက် မှန်မှန် ကျင့်ဝတ်ကို မစောင့်ထိန်းကြရင် ပျက်စီးမှာပါပဲ။
ကျင့်ဝတ်ဘယ်လောက် စောင့်တည်တည် ကျင့်စဉ်မမှန်ရင်လည်း လောက အတွက် အဆိပ်သက်သက်ပါပဲ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *