

စေတနာ
လူတွေဟာ အလုပ်တစ်ခုခုလုပ်ပြီဆို လောဘကို ဦးဆောင်ပြီး အလုပ်လုပ်ကြပါတယ်…။
ကျွန်မမှာ ခွက်ထိုး ခွက်လှန် ရှုံးခဲ့တဲ့ စီးပွားရေးတွေ ရှိခဲ့ဖူးပါတယ်…။
အဲ့ဒီစီးပွားရေးတွေ လုပ်တုန်းက ကျွန်မဟာ ငွေမက်လို့ လုပ်တာပါ…။ ငွေကို ရှေ့တန်းတင်ပြီး ငွေကြောင့်ဖြစ်တဲ့ ဇောတွေ၊ လောဘတွေနဲ့ လုပ်ခဲ့တာပါ။
ဒါကြောင့်ပဲ ခွက်ထိုး ခွက်လှန် ရှုံးခဲ့တာပေါ့…။
ဒါဆို ကျွန်မကို မေးပါလိမ့်မယ်… ‘အခုကော ငွေရဖို့ လုပ်နေတာမဟုတ်ဘူးလား?’ပေါ့။
မှန်ပါတယ်…။
အခုလည်း ငွေရချင်ပါတယ်…။
သို့ပေမယ့် မတူတာတစ်ခုပဲ ရှိပါတယ်…။
အရင်က လောဘကို ရှေ့တန်းတင်ပြီး အလုပ်လုပ်ခဲ့ပါတယ်…။ အခုက စေတနာကို ရှေ့တန်းတင်ပြီး အလုပ်လုပ်ပါတယ်…။
စာရေးဆရာတစ်ယောက်က စာအုပ်တွေ ထုတ်တဲ့အခါ ‘ငွေရချင်တယ်’ ဆိုတဲ့စိတ်ထက်… ‘ငါရေးတဲ့စာလေးတွေ ဖတ်ပြီး အေးချမ်းကြပါစေ…’ ဆိုတဲ့ စေတနာ။
သင်တန်းတွေ သင်တဲ့အခါ ‘ပိုက်ဆံရချင်တယ်’ ဆိုတဲ့ လောဘထက်… ‘ငါသင်တဲ့သင်တန်းတွေ တတ်ပြီး ကောင်းသော ဘဝနေနည်းတွေ ရကြပါစေ…’ ဆိုတဲ့ စေတနာကို ဦးဆောင်ပြီး အလုပ်လုပ်ပါတယ်…။
စေတနာက ၇၀% နဲ့ ဦးဆောင်တယ်ဆိုရင် လောဘက ၃၀% နဲ့ နောက်လိုက်ပြီး အလုပ်လုပ်ပါတယ်…။
လုပ်နေရတဲ့ အလုပ်ဟာ ဒီအတိုင်းလုပ်လည်း လုပ်နေရမှာပါပဲ…။ သို့ပေမယ့် စေတနာလေးတွေ၊ မေတ္တာလေးတွေ ထည့်လုပ်တော့ ပိုပြီး အောင်မြင်တဲ့အပြင် တစ်ခါတည်း ကုသိုလ်ပါ ရတာပေါ့…။
ကျွန်မကတော့ community မှာ ‘တစ်ခုခုလုပ်ကျွေးတဲ့အခါ စေတနာလေးထည့်ပြီးလုပ်ကျွေးဖြစ်ပါတယ်။ဒီအခါမှာ စိတ်နှလုံးကြည်နူးမှုကိုခံစားရပါတယ်။
ဒါကြောင့်
‘အိမ်မှာလုပ်တဲ့ အလုပ်သေးသေးလေးကအစ၊ စီးပွားရေးလုပ်တဲ့အထိ… လုပ်နေတဲ့အလုပ်တိုင်းကို ကိုယ်သိပ်ချစ်ရတဲ့ သူတွေကို လုပ်ပေးနေရတယ်ဆိုတဲ့ စေတနာ စိတ်လေးနဲ့လုပ်မယ်ဆို… မအောင်မြင်တဲ့အလုပ်ဆိုတာ မရှိပါဘူး…’ တဲ့။
ဒီတော့… ‘လောဘမရှိနဲ့’ မပြောဘူး… ‘လောဘရှိလို့ရပါတယ်… သို့ပေမယ့် စေတနာကို ဦးဆောင်ပြီးလုပ်ပါ…’
“ဒီအခါ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝပေါ့…။”

