
ဖာသာရ် Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၃)ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၁၃၊ ၉၊ ၂၀၂၅
ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့
ယနေ့ အသက်ပေးနှုတ်ကပါဉ်တော် ဧဝံဂေလိ ကျမ်းစာမှာ ကောင်းသောအပင်နှင့်မကောင်းသော အပင် အကြောင်းကို ဖတ်ရှု ကြားနာရမှာ ပဲဖြစ်ပါတယ်။ အပင်တစ်ပင်ရဲ့ အသီးကို ကြည့်ခြင်းအားဖြင့် အဲဒီအပင်ဟာ ကောင်းလား မကောင်းဘူးလားဆိုတာကို သိနိုင်ပါတယ်။
ကျွန်ုပ်တို့ရဲ့ နှလုံးသားမှာလည်း ဒေါသ တွေ မာနတွေ တစ်ကိုယ်ကောင်းဆန်မှုတွေ နဲ့ပြည့်နေမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အပြုအမူတွေ ကျွန်ုပ်တို့ရဲ့စကားလုံးတွေဟာလည်း ၎င်းတို့နဲ့ပြည့်နေမှာပဲ ဖြစ်ပါတယ်။ အကယ်၍ ကျွန်ုပ်တို့ရဲ့ နှလုံးသား ဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေနဲ့ ပြည့်ဝနေမယ်ဆိုရင် မေတ္တာ တရားထားရှိမှု စိတ်ရှည် သည်းခံမှု သနားကြင်နာမှု တွေဟာ ကျွန်ုပ်တို့ဆီကနေ အလိုအလျောက် ထွက်ပေါ်နေမှာပဲဖြစ်ပါတယ်။ ဒီအရာတွေ အားဖြင့်ကျွန်ုပ်တို့ ဘယ်သူလဲဆိုတာကို ဖော်ပြနေပါတယ်။ ဒါကြောင့် အပေါ်ယံ သန့်ရှင်းဖြူစင်တာထက် ကျွန်ုပ်တို့ရဲ့အတွင်းစိတ်ဟာ ဘယ်အရာတွေနဲ့ပြည့်နေသလဲဆိုတာကို ဆန်းစစ်ထောက်ရှု စဥ်းစားဖို့ လိုပါတယ်။
ဆက်လက်ပြီး သခင်ခရစ်တော်ပြောထားတာက “ငါပြောသောအရာကို သင်တို့မကျင့်ပဲ အဘယ့်ကြောင့်ငါ့ကို သခင် သခင် ဟု ခေါ်ကြသနည်း” ဆိုပြီး ပြောထားပါတယ်။ သခင်ခရစ်တော်ကို ” သခင်” လို့ ခေါ်ရုံနဲ့ မလုံလောက်ပါဘူး။ ကျွန်ုပ်တို့ရဲ့ဘဝတွေကို ခိုင်ခန့်သော Foundation ပေါ်မှာ တည်ဆောက်ထားသော အိမ်ကဲ့သို့ ခရစ်တော်ပေါ်မှာ အခြေပြု တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
ဘဝမှာ လေပြင်းမုန်တိုင်းနဲ့တူတဲ့ စိန်ခေါ်မှုတွေ ၊ နှောက်ယှက်ခြင်းတွေ ၊ ဒုက္ခအခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ ကျွန်ုပ်တို့ရဲ့ဘဝတွေကို ဘုရားရဲ့နှုတ်ကပါတ်တော်မှာ ၊စက္ကရမင်တူးတွေမှာ ဆုတောင်းမေတ္တာတွေမှာ အမြစ်တွယ်ထားမယ်ဆိုရင် ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ယနေ့မှာ ကျွန်ုပ်တို့တစ်ဦးချင်းပြန်လည် ဆန်းစစ်ရာမှာ “ငါဘယ်လို အသီးအမျိုးအစားကို သီးနေသလဲ” ” ငါ့ရဲ့ဘဝကို ဘယ်လို အုတ်မြစ်ပေါ်မှာ တည်ဆောက်ထားသလဲ” ပဲဖြစ်ပါတယ်။
ကျွန်ုပ်တို့အားလုံး မိမိတို့ ဘဝ အသီးသီးကို အရာအားလုံး ကောင်းမြတ်ခြင်းရဲ့ မူလရင်းနဲ့ အသက်ရှင်သန်သော ကျောက်ဆောင်ဖြစ်တဲ့ ခရစ်တော်ပေါ်မှာ တည်ဆောက်နိုင်ပါစေ လို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သောတရှင်များအားလုံးပေါ် ဘုရားသခင်ရဲ့ ကောင်းချီးမဂ်လာ ကျေးဇူးအဖြာဖြာသက်ရောက်ပါစေ။

