ဘဝနဲ့ စိန်ခေါ်မှု

တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ အလွန်ကို စူးစမ်းလိုစိတ် ထက်သန်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အဲဒီကောင်လေးဟာ အဖိုးနဲ့အတူကစားရတာကို နှစ်သက်ပြီး တစ်နေ့မှာတော့ အဖိုးကို အရမ်းသိချင်နေတဲ့မေးခွန်းတစ်ခုကို မေးခဲ့ပါတယ်။

“အဖိုးရေ ကျွန်တော်ကြီးလာရင် အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်။ အောင်မြင်ဖို့နည်းလမ်းတချို့ကို ပြောပြနိုင်မလား?”လို့ကောင်လေးကစိတ်အားထက်သန်စွာ ပြောလိုက်တယ်။

အဖိုးက ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ စကားမပြောဘဲ ကောင်လေးရဲ့လက်ကိုကိုင်ပြီး အနီးက အပင်မျိုးပွားခြံတစ်ခုဆီကို ခေါ်သွားတယ်။ အဲဒီမှာ သစ်ပင်ပေါက် လေးနှစ်ပင်ဝယ်ပြီး အိမ်ပြန်ရောက်တဲ့အခါ အဖိုးက တစ်ပင်ကို အိမ်တွင်းက အိုးထဲစိုက်ပြီး နောက်တစ်ပင်ကိုတော့ ခြံထဲမှာ စိုက်လိုက်တယ်။

“ဒီသစ်ပင်နှစ်ပင်ထဲက ဘယ်အပင်က အနာဂတ်မှာ ပိုကောင်းကောင်း ကြီးထွားမယ်ထင်လဲ” လို့ အဖိုးက မေးလိုက်တယ်။

ကောင်လေးက ခဏလောက်စဉ်းစားပြီး “အိမ်ထဲမှာစိုက်ထားတဲ့အပင်က ပိုကောင်းကောင်းကြီးထွားလိမ့်မယ်။ အပြင်က အပင်က နေပူဒဏ်၊ မုန်တိုင်း၊ မိုးနဲ့ တိရစ္ဆာန်တွေရဲ့အန္တရာယ်တွေကို ရင်ဆိုင်ရမှာလေ” လို့ ပြန်ဖြေလိုက်တယ်။

အဖိုးက နားလည်သဘောပေါက်ပြီး ပြုံးပြလိုက်ကာ “အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်” လို့ ပြောလိုက်တယ်။

လေးနှစ်ကြာပြီးနောက် ကောင်လေးက အဖိုးဆီပြန်လာခဲ့တယ်။ ဒီတစ်ခါတော့ သူဟာ အဖြေအတွက် အရမ်းကိုစိတ်အားထက်သန်နေတယ်။

“အဖိုးရေ အရင်တုန်းက ကျွန်တော်ဘဝမှာဘယ်လိုအောင်မြင်အောင်လုပ်ရမလဲလို့မေးခဲ့တယ်၊ ဒါပေမယ့် အဖိုးကဘာမှမပြောခဲ့ဘူး။ ဒီတစ်ခါတော့ အဖိုးပြောရမယ် နော်”ကောင်လေးက ပြောလိုက်တယ်။

အဖိုးက ပြုံးပြလိုက်ပြီး “အဖိုး မင်းကိုအဖြေပေးမှာပါ ဒါပေမယ့် အရင်ဆုံး လွန်ခဲ့တဲ့နှစ်တွေက တို့မြေးအဘိုးစိုက်ခဲ့တဲ့သစ်ပင်တွေကို အရင်သွားကြည့်ရအောင်” လို့ဆိုတယ်။

သူတို့ဟာ အိမ်ထဲမှာ စိုက်ခဲ့တဲ့သစ်ပင်ပေါက်လေးရှိရာကိုသွားကြည့်တဲ့အခါ ကောင်လေးက အဲဒီအပင်ဟာ သေးငယ်ပြီး အားနည်းနေတာကိုတွေ့ရတယ်။ ထပ်ပြီး အပြင်မှာစိုက်ထားတဲ့ နောက်တစ်ပင်ကို သွားကြည့်တဲ့အခါမှာတော့ အဲဒီအပင်ဟာ အကိုင်းအခက်တွေကျယ်ပြန့်စွာဖြာထွက်နေတဲ့ ကြီးမားခိုင်မာတဲ့သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားနေပြီး ဖြတ်သွားဖြတ်လာတွေကို အရိပ်အာဝါသပေးနေတာကိုတွေ့ရတယ်။

“ဘယ်အပင်က ပိုကြီးထွားသလဲ? ဘယ်အပင်က ပိုအောင် မြင်သလဲ?” လို့ အဖိုးက မေးလိုက်တယ်။

“အပြင်မှာစိုက်တဲ့အပင်ပါ” လို့ ကောင်လေးအံ့အားသင့်စွာ ဖြေလိုက်တယ်။

“ဒါပေမယ့် ဒါဘယ်လိုဖြစ်နိုင်တာလဲ? အဲဒီအပင်ဟာ အန္တရာယ်တွေအများကြီးရင်ဆိုင်ခဲ့ရမယ်၊ ဒါပေမယ့် ဒီလောက်ကြီး ကြီးထွားနိုင်တယ်”လို့ကောင်လေးက တွေဝေစွာ မေးခွန်းထုတ်လိုက်တယ်။

အဖိုးက ပြုံးပြပြီး ရှင်းပြတယ် “ဟုတ်တာပေါ့အပြင်က အပင်ဟာ စိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်ခဲ့ရတယ်၊ ဒါပေမယ့် ဒီလိုပြဿနာတွေကိုရင်ဆိုင်ခဲ့ရတာက သူ့ကိုပိုပြီးကြီးထွားစေတာပဲ။ အပြင်က အပင်ဟာ သူ့ရဲ့အမြစ်တွေကို လိုသလောက်ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ထွက်နိုင်တဲ့ အခွင့်အရေးရှိတယ်။ မုန်တိုင်းတို့၊ မိုးသည်းထန်တာတို့လိုပြဿနာတွေက သူ့ရဲ့အမြစ်တွေကို ပိုခိုင်မာစေတာကြောင့် အခုဆိုရင် မုန်တိုင်းအနည်းငယ်လောက်ကတောင် သူ့ကို
မထိခိုက်နိုင်တော့ဘူး။”

ပြီးတော့ အိမ်တွင်းက အပင်ကိုကြည့်ပြီး “အိမ်တွင်းက အပင်ကတော့ သေးငယ်ပြီး အားနည်းနေတုန်းပဲ၊ ဘာလို့လဲဆိုတော့ သူဟာ မုန်တိုင်းတွေ၊ မိုးတွေ၊ နေပူဒဏ်တွေကို ဘယ်တော့မှ မခံစားခဲ့ရလို့ပေါ့” လို့ ပြောလိုက်တယ်။

ပြီးတော့ မြေးလေးကိုလှည့်ပြီး “ချစ်သားရေ ဒီအချက်ကိုအမြဲမှတ်ထားပါ။ ဘဝမှာ မကြိုးစားဘဲ၊ အခက်အခဲတွေကို မရင်ဆိုင်ဘူးဆိုရင် အောင်မြင်မှုကိုမရနိုင်ဘူး။ အဆင်ပြေတာကိုပဲရွေးပြီး စိန်ခေါ်မှုတွေကိုရှောင်နေမယ်ဆိုရင် မင်းရဲ့အစွမ်းအစတွေအပြည့်အဝဖွံ့ဖြိုးလာမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းဟာ ကြိုးစားပြီး အခက်အခဲတွေကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေမယ်ဆိုရင် ဘယ်ရည်မှန်းချက်မဆို မဖြစ်နိုင်တာမရှိဘူး” လို့ ပြောလိုက်တယ်။

ဆက်ပြီး “ပြဿနာတွေကို အဟန့်အတားတွေလို့ ဘယ်တော့မှမတွေးနဲ့။ ဒါတွေကို အောင်မြင်မှုဆီသွားတဲ့ ခြေလှမ်းတွေလို့ပဲ တွေးပါ” လို့ ဆိုလိုက်တယ်။

ကောင်လေးက နက်ရှိုင်းစွာအသက်ရှူပြီး အပြင်က ခိုင်မာတဲ့သစ်ပင်ကြီးကိုကြည့်နေတယ်။ အဖိုးရဲ့စကားတွေက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေတယ်။

ဘဝမှာ ကျွန်မတို့ကို အားနည်းစေတယ်လို့ မကြာခဏမြင်မိတဲ့ အခက်အခဲတွေဟာ တကယ်တော့ ကျွန်မတို့ကို ပိုအားကောင်းစေပြီး ပိုအောင်မြင်စေတဲ့အရာတွေပါ။ အပြင်က သစ်ပင်ဟာ သဘာဝဘေးဒဏ်တွေကိုရင်ဆိုင်ခဲ့ရပေမယ့် ခိုင်မာတဲ့သစ်ပင်ကြီးဖြစ်လာသလိုပဲ၊ ကျွန်မတို့လည်း ကြီးထွားဖို့ စိန်ခေါ်မှုတွေကို လက်ခံရမယ်။

ကျွန်မတို့က အခက်အခဲတွေ စိန်ခေါ်မှုတွေကို ပိုရင်ဆိုင်ရလေလေ၊ အောင်မြင်မှုဆီသွားတဲ့လမ်းက ပိုနီးလာလေပါပဲ။တကယ်တော့ စိန်ခေါ်မှုတွေကိုကျော်လွှားဖို့ကလည်း ထင်သလောက်တော့ လွယ်ကူနေတာမဟုတ်ပါဘူး။ ကျွန်မတို့ ရှုံးနိမ့်တယ်လို့ခံစားရတဲ့အချိန်တွေ၊ စိတ်ဓာတ်ကျတဲ့အချိန်တွေဆိုတာ အနည်းနဲ့အများရှိမှာပါ။ဒါပေမယ့် ဒါတွေက ယာယီအခက်အခဲတွေပါပဲ။ ဒါတွေကနေသင်ယူပြီး ရှေ့ဆက်သွားမယ်ဆိုရင် နောက်ဆုံးမှာ ဘယ်အဟန့်အတားကိုမဆို ကျော်လွှားနိုင်မှာပါ။

ဒါကြောင့် နောက်တစ်ခါ ဘဝမှာ စိန်ခေါ်မှုတစ်ခု (ဒါမှမဟုတ်) အခက်အခဲတစ်ခုကို ရင်ဆိုင်ရတဲ့အခါ ဘယ်တော့မှလက်မလျှော့ပါနဲ့။ သင်ယူဖို့နဲ့ ကြီးထွားဖို့ အခွင့်အလမ်းကို အသုံးချပါ။ အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက မနက်ဖြန်မှာ ကျွန်မတို့ကို ပိုအားကောင်းစေပြီး ပိုအောင် မြင်စေနိုင်တယ်ဆိုတာ အမြဲမှတ်ထားပါ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *