
ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၀)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ဩဝါဒ ၂၁၊ ၈၊ ၂၀၂၅
Daily Reflection Matthew 22:1-14 21.8.2025
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ရှင်မာတေးဦးရဲ့ ဧဝံဂေလိကျမ်းထဲမှာ ရှင်ဘုရင်က သူ့သားမင်္ဂလာဆောင်စားသောက်ပွဲကို လူတိုင်းကိုဖိတ်ခေါ်ခဲ့တဲ့အကြာင်းသို့သော်လည်းတချို့ကဖိတ်ခေါ်ခြင်းကိုငြင်းဆန်ခဲ့ကြတယ်။ တချို့ကသူတို့အလုပ်ရှုပ်နေတယ်၊ အလုပ်သွားရမယ် ၊ မလာနိုင်ဘူးဆိုပြီးအကြောင်းပြခဲ့ကြတယ်။ တချို့ကတော့ဆိုးဝါးစွာနဲ့ လာရောက်ဖိတ်ခေါ်သူတွေကိုပင်မထေီမဲ့မြင်ပြုမူဆက်ဆံခဲ့ကြတယ်။ နောက်ဆုံးမှာတော့ရှင်ဘုရင်က၊ လမ်းထဲကတွေ့သမျှလူတွေ ဆင်းရဲသားတွေ၊ အားအင်ချီးနဲ့သူတွေ၊ မေလျော့ခံဘဝတွေကို အားလုံးကိုစားသောက်ပွဲသို့လာကြဖို့ရန်ဖိတ်ခေါ်ခဲ့တယ်။ ဒီပုံဥပမာလေးက ကောင်းကင်နိုင်ငံတို့ဟာကြီးမားတဲ့စားသောက်ပွဲနဲ့တူတယ်။ တည်ခင်းစားသောက်ပွဲမှာဘုရားရှင်ကိုယ်တိုင်ကာလူအားလုံးကိုဖိတ်ခေါ်ခဲ့တယ်။ ချမ်းသာတဲ့လူရောအာဏာရှိတဲ့လူရောဆင်းရဲသားရော ဒုက္ခခံနေရတဲ့သူရော နေစရာနေရာမရှိတဲ့သူတွေရော အမေ့လျောခံဘဝတွေရော အားလုံးကိုဖိတ်ခေါ်ခဲ့တယ်။ ဘုရားရှင်ကသူ့ကိုယုံကြည်ဖို့ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အဆင့်အတန်းမခွဲခြားဘဲ အားလုံးကိုတန်းတူဖိတ်ခေါ်ခဲ့တယ်။ သို့သော်လည်း ဘုရားရှင်ဖိတ်ကြားတဲ့နေရာမှာ ထိုက်ထိုက်တန်တန်ပြင်ဆင်သွားဖို့လိုတယ်။ ပြင်ဆင်ရမဲ့အရာက ကောင်းမွန်တန်ဖိုးကြီးတဲ့ အဝတ်အစားတွေမဟုတ်ဘူး။ တကယ်ပြင်ဆင်သွားရမယ့်အရာက ဘုရားရှင်အပေါ်မှာပြည့်ဝယုံကြည်ခြင်း၊ အပြည့်အဝချစ်ခြင်းနဲ့ ဖြူစင်သန့်ရှင်းခြင်းတွေကိုသာ ရိုးသားစွာပြင်ဆင်သွားရမယ်။ သန့်ရှင်းတဲ့နေရာမှာ မသန့်ရှင်းတဲ့အရာအတွက်နေရာမရှိဘူး။ ဒါကြောင့်သန့်သန့်ရှင်းရှင်း နှလုံးသားကိုပြင်ဆင်သွားရမယ်။ ဘုရားနဲ့ပေါင်းစပ်ဖို့လာတဲ့လူဟာ ဘုရားနဲ့ထိုက်တန်တဲ့ပြင်ဆင်မှုမျိုးကိုပြင်ဆင်ခဲ့ရမယ်။ ဓမ္မမိတ်ဆွေ သင်ရော ဘုရားရှင်ရဲ့ဖိတ်ခေါ်ခြင်းကို ကြားသိရဲ့လား။ ဘုရားရှင်ဖိတ်ကြားစားသောက်ပွဲကိုသွားဖို့အတွက် သင့်မှာရှိတဲ့ ဘုရားပေးထားတဲ့ ပါရမီတွေကို ဘယ်လောက်ဆီးဘူးပြင်ဆင်အလှဆင်ထားပြီလည်း။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

