
ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၀)ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၁၉၊ ၈၊ ၂၀၂၅
Daily Reflection Matthew 19:23-30 19.8.2025
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာတေးဦး ဧဝံဂေလိ ကျမ်း မှာ သခင်ခရစ်တော်က ချမ်းသာတဲ့လူတွေဟာကောင်းကင်နိုင်ငံဝင်ရဖို့ခက်ခဲတယ်ဆိုတဲ့အကြောင်းကို ကြားနာရတယ်။ ဒီနေရာမှာချမ်းသာတယ်ဆိုတာထက် လောကပစ္စည်းဥစ္စာကိုသူ၊ ကောင်းကင်သုခချမ်းသာထက်၊ လောကအရာမှာပဲတွယ်ကပ်နေတဲ့သူတွေကို သတိပေးခြင်းဖြစ်တယ်။
ဒီကျမ်းပိုဒ်ရဲ့ရှေ့ကအဖြစ်အပျက်ကလေးက လူငယ်တဦးကသခင်ခရစ်တော်ဆီကိုလာပြီး ဆရာသခင်ကောင်းကင်နိုင်ငံရဖို့ဘာလုပ်ရမလဲ။ ပညတ်ချက်တွေလည်းကျွန်တော်ငယ်ငယ်လေးကတည်းကထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးပြီ။ သခင် ခရစ်တော်က ကောင်းကင်နိုင်ငံရလိုလျှင် သင့်မှာရှိသမျှကိုရောင်း၍ဆင်းရဲသားတို့အား ဝေမျှ လော၊ ပြီးမှငါနောက်သို့လိုက်လို့ လို့သခင်ခရစ်တော်ပြောလိုက်တဲ့အချိန်မှာလောကပစ္စည်းဥစ္စာမှာတပ်မက်သောလူငယ်လေးဟာ မျက်နှာညှိုးငယ်စွာနဲ့သခင်ခရစ်တော်ထံက ထွက်ခွာသွားခဲ့တယ်။ လောကပစ္စည်းဥစ္စာဆိုတာ၊ အချိန်အတိုင်းသာတစ်ခုထိပဲ လူတစ်ယောက်အတွက်တန်ဖိုးရှိတာပါ။ အမြဲတမ်းတန်ဖိုးရှိမနေဘူး၊ အမြဲတမ်းလည်းလုံခြုံမှုမပေးဘူး။ အမြဲတမ်းလည်းပျော်ရွှင်မှုမပေးဘူး။ အမြဲတမ်းလည်းစိတ်ချမ်းသာမပေးပါဘူး။ မကျန်းမာတော့ရင်၊ အသက်ကြီးရင့်လာလျှင်၊ အားအင်ချိနဲ့လာလျှင်၊ ရောဂါဝေဒနာခံစားလာရလျှင်၊ လောကပိုင်ဆိုင်ရာတို့သည် မျှော်မှန်းထားသလောက်အသုံးမဝင်ကျတော့ပါ။ ထာဝရပျော်ရွှင်ခြင်းရဖို့၊ ထာဝရအသက်ရဖို့၊ ပထမဦးစွာသခင်ခရစ်တော်ကိုယုံရမယ်။ ယုံပြီးရင်သူနေစေချင်တဲ့ဘဝအတိုင်း ရှင်သန်နေထိုင်ရမယ်။ လောကတပ်မက်စရာအားရအားလုံးထက်၊ ထာဝရပျော်ရွှင်မယ့်အရာ၊ ပြီးပြည့်စုံပဲအရာ၊ ဘုရားနဲ့ပေါင်းစပ်ရတဲ့အရာကို ဒီရာကိုသခင်ခရစ်တော်ရဲ့နောက်လိုက်တစ်ဦးအနေနဲ့ သူ့ကိုယုံကြည်စိတ်နဲ့ရှာဖွေရမယ်။ မိမိဘဝကိုပေးဆပ်အနစ်နာခံ၍၊ ဘုရားရှင်အတွက်၊ အမှန်တရားအတွက်၊ တရားမျှတမှုအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ စည်းလုံးညီညွတ်ရေးအတွက်၊ တန်းတူအခွင့်အရေးအတွက်၊ ကမ္ဘာလောကစိမ်းလန်းဆိုပြေးရေးအတွက်၊ အများကောင်းကျိုးအတွက် ၊အနစ်နာခံပေးဆပ်သူတို့သည်၊ အဆတရာသောအရာများကိုရကြပြီးလျှင်၊ထာဝရအသက်ကိုလည်းပိုင်ဆိုင်ကြရမယ်။ လောကမှာမေတ္တာပေးဆပ်သူဟာ၊ အေးချမ်းတယ်။ ခွင့်လွှတ်ခြင်းပေးဆပ်သူဟာ လွတ်လပ်တယ်နှိမ့်ချစွာနေထိုင်သူဟာ လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံပြီးစည်းလုံးစေတယ်ကိုယ်ချင်းစာတရားထားသူဟာ တစ်ပါးသူကိုအေးချမ်းစေတယ်။ ဒီလောကရဲ့အေးချမ်းမှုတွေခံစားရပြီး၊ ခရစ်တော်ရဲ့မေတ္တာတရားကိုဝေမျှတဲ့အတွက် ခရစ်တော်ကြောင့် သူပေးမယ့်ကောင်းကင်နိုင်ငံတော်ကို၊ ထာဝရအသက်ကိုရမယ်။ ဓမ္မမိတ်ဆွေ လောကမှာဘယ်အရာကသင့်အတွက်အရေးကြီးဆုံးလည်း။ အေးချမ်းမှုလား၊ ပူလောင်မှုလားအေးချမ်းတဲ့အရာကိုရှာဖွေသိမ်းပိုက်မလား။ ပူလောင်တဲ့အရာတွေကိုဖက်တွယ်ထားမလား။ ထာဝရအသက်ကိုယူမလား၊ လောကခဏတာသာယာမှုကိုပဲကျေနပ်နှစ်သိမ့်မလား။ ဓမ္မမိတ်ဆွေကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

