ဖာသာရ် . Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၉)ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၁၃၊ ၈၊ ၂၀၂၅

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတာရှင် ဓမ္မမိတ်ဆွေသူတော်စင် အပေါင်းတို့
ယနေ့ ဧ၀ံဂေလိ ကျမ်းစာမှာ မေတ္တာတရား ရှေ့ထားပြုပြင်ခြင်း ပြန်လည်ကျေအေးသင့်မြတ်ခြင်းနှင့် မိမိတို့ရဲ့ အသိုက်းအ၀န်းတွင် ခရစ်တော်ရဲ့ တည်ရှိမှု အကြောင်းကို တွေ့ရှိရပါတယ်။ ပထမဦးဆုံးအနေနဲ့ ကိုယ့်ကို ထိခိုက်စော်ကားသူကို သီးသန့် တွေ့ဆုံပြီး ကြုံတွေ့နေရတဲ့ ပဋိပက္ခကို ဖြေရှင်းဖို့လိုပါတယ်။ ဒါက ကိုယ့်ကို ထိခိုက်စော်ကားသူကို မေတ္တာတရားပြသခြင်းနဲ့ လေးစားခြင်းကို ဖော်ပြပါတယ်။ အဓိကကတော့ ထိခိုက်သွားတဲ့ပေါင်းသင်းဆက်ဆံရေးကို ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါတယ်။ အကယ်၍ နားမထောင်ဘူးဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ စွပ်စွဲမှုတွေကို ရှောင်ရန်နှင့် မျှတမှုရှိစေရန် တစ်ယောက်(ဒါမှမဟုတ်) နှစ်ယောက် သက်သေတို့နဲ့ ဆွေးနွေးဖြေရှင်းရမှာ ဖြစ်ပါတယ်။ အကယ်၍ လက်မခံသေးဘူးဆိုရင် အသင်းတော်ကို အကြောင်းကြားရမှာဖြစ်ပါတယ်။ အသင်းတော်ကနေ တာ၀န်ယူဖြေရှင်းရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းတော်ဆိုတာ ပါ၀င်သူတစ်ဦးချင်းစီရဲ့ကောင်းကျိုးကို ရှေးရှုတဲ့အတွက်ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်း မဖြေရှင်းနိုင်တဲ့အခါ အများက ၀ိုင်း၀င်းဖြေရှင်း စဥ်းစားပေးရမှာ ဖြစ်ပါတယ်။ အဖြေမှန်ရှာပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အဖြေမှန်ကို လက်မခံရင်တော့ မိမိထိုက်နဲ့ မိမိကံပဲဖြစ်ပါတယ်။ မိမိရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ ချစ်လှစွာသော သောတရှင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ လူတိုင်း ဘဝမှာ အနည်းနှင့်အများ စကားများ ရန်ဖြစ် စိတ်အခန့်မသင့် ပြောကြဆိုကြတာတွေရှိတတ်ပါတယ်။ဒီအခါမှာ ဆက်ဆံရေးတွေ ထိခိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် မခေါမပြောချင်တာတွေ မတွေ့ချင်တာတွေ ရှိကြပါတယ်။ ဒီအခါမှာ ငါ့သူ့ကို ဘယ်လို အရှက်ခွဲလိုက်မယ် သူ့အကြောင်းတွေ ဘယ်လို လျှောက်ပြောလိုက်မယ် ဆိုတာထက် သူ့နဲ့ငါ့ကြား ထိခိုက်သွားတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်တည်ဆောက်မလဲ ဆိုတာ ကို စဥ်းစားရမှာဖြစ်ပါတယ်။ ကိုယ့်ကိုတိုင်က တစ်ပါးသူကို မေတ္တာ တရား ရှေ့ထားပြီး လေးစားမှုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး ချဥ်းကပ်ပြောဆို ဆွေးနွေးညှိ နှိုင်းရမှာ ဖြစ်ပါတယ်။ အကယ်၍ လက်မခံရင်လည်း သမာသမတ်ရှိပြီး မျှမျှတတ စဥ်းစားတွေးခေါ နိုင်တဲ့ ပုဂ္ဂိုလ် တွေကို အသိသက်သေ လုပ်ပြီး ပြန်လည် ကျေအေး သင့်မြတ်အောင် ပြောဆိုရမှာ ဖြစ်ပါတယ်။ နောက်ဆုံး လက်မခံဘူးဆိုရင်တောင် မိမိတို့ ပါ၀င်နေတဲ့ အဖွဲ့အစည်း အသင်းအဖွဲ့ တွေက ကူညီပြီး အကောင်းဆုံး လက်ခံဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ယောက် ရိုင်းပင်းကူညီဖို့ ၊ လက်တွဲ ဖေးမဖို့ တာ၀န်ရှိကြပါတယ်။ တစ်ဦးနဲ့ တစ်ဦးကြား မေတ္တာထားရှိခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ကူညီဖေးမခြင်းဟာ အဲဒီ အဖွဲ့အစည်းမှာ ဘုရားရှိနေခြင်းကို ဖော်ပြပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အဖွဲ့အစည်းဟာ ဘုရားပျောက်နေသလား၊ ဘုရားရောက်နေသလား ကိုပြန်လည်ဆန်းစစ်ရင်း တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီသော တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို တစ်ယောက်လေးစားတန်ဖိုးထားသော အသင်းအဖွဲ့ အဖွဲ့အစည်း ဖြစ်ပါစေ လို့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဘုရားသခင်ရဲ့ ကောင်းချီးမဂ်လာ ကျေးဇူးအဖြာဖြာ သင်တို့အပေါ၌ သက်ရောက်ပြီး ဘေးရန်အပေါင်းမှ ကင်း၀ေးပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *