

တစ်ယောက်တည်းလဲ နေတတ်ပါ
အထီးကျန်တာ ၊ တစ်ယောက်တည်း ဖြစ်နေတာတွေကို ဘယ်သူမှ မလိုချင်ကြပေမယ့် တစ်ခါတလေ အခြေအနေအရ တစ်ယောက်တည်း ရှိနေတဲ့အချိန်တွေ ဖြစ်လာတတ်ပါတယ် ။ အိမ်နဲ့ခွဲနေရတာ ၊ သူငယ်ချင်းတွေ နဲ့ အဆင်မပြေတာ ၊ ချစ်သူနဲ့ အဆင်မပြေတာတွေ ဖြစ်လာတဲ့အခါ အရမ်းကြီး မခံစားရအောင် ဘယ်လိုလုပ်သင့်လဲဆိုတာတွေကို မျှဝေပေးချင်ပါတယ် ။
ဘယ်သူ့ကိုမှ အရမ်းမချစ်နဲ့
မိသားစု ၊ သူငယ်ချင်း ၊ ချစ်သူ ၊ အိမ်က ခွေးလေးတွေ ၊ ကြောင်လေးတွေကို အရမ်းကြီး သံယောဇဉ်မထားမိပါစေနဲ့ ။ ခွဲခွာရတဲ့ အချိန်မျိုးကျရင် ကိုယ်တစ်ယောက်တည်း အရမ်းခံစားရတယ်လို့ ထင်နိုင်ပါတယ် ။ ကိုယ်ကပဲ အကုန်လုံးကို သတိရမိနေတာမို့လို့ပါ။
ဘယ်သူ့ကိုမှ အားမကိုးနဲ့
ကိစ္စသေးသေးလေးဖြစ်ဖြစ် ၊ အကြီးကြီးဖြစ်ဖြစ် ကိုယ့်ဘာသာ ဖြေရှင်းနိုင်အောင် လေ့ကျင့်ထားပါ ။ တစ်စုံတစ်ယောက်ကို အားကိုးနေရင် ဘာဖြစ်လာဖြစ်လာ အဲဒီလူကိုပဲ သတိရမိနေပြီး ကိုယ့်ဘာသာ မဖြေရှင်းတတ်တော့လို့ပါ။
စာဖတ်တဲ့ အကျင့်ရှိပါ
တစ်ယောက်တည်းရှိတဲ့အချိန် စာဖတ်တာ ဘယ်လောက်ကောင်းတဲ့ အရသာလဲဆိုတာ စာကြမ်းပိုးလေးတွေ သိပါတယ် ။ ကိုယ်တစ်ယောက်တည်း ဖြစ်နေချိန်မှာ စာအုပ်က အကောင်းဆုံးအဖော်ပါပဲနော် ။
အလုပ်လုပ်ပါ
တစ်ယောက်တည်းနေရတဲ့အခါ ထိုင်စဉ်းစားနေမယ့်အစား တစ်နေ့ တစ်နေ့ကို အလုပ်လုပ်ရင်း ကုန်ဆုံးပါ။ အိမ်သန့်ရှင်းရေးလုပ်တာတို့ ၊ အဝတ်လျော်တာတို့ လုပ်လို့ရပါတယ် ။
အလွမ်းသီချင်းတွေ ၊ ရုပ်ရှင်တွေ ရှောင်ပါ
တစ်ယောက်တည်းရှိလို့ ဆွေးမယ် ငေးမယ် မလုပ်ပါနဲ့နော် ။ စိတ်ခံစားချက်က အရမ်းပြင်းထန်တတ်လို့ စိတ်ဓာတ်ကျတဲ့အချိန်တွေပါ ထပ်ရ လာနိုင်လို့ပါ ။ တစ်ချိန်လုံး မှိုင်နေရင် ကျန်းမာရေးလည်း မကောင်းဘူးလေ နော် ။
အသစ်အဆန်းတွေ လုပ်ပါ
ဟင်းအသစ်တွေ ချက်ကြည့်တာ ၊ နေရာအသစ်တွေ သွားတာ စတဲ့ ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့အရာတွေ လုပ်ကြည့်ပါ ။ ဒါမှမဟုတ် သီချင်း အကျယ်ကြီးဖွင့်ပြီး ကလိုက်တာမျိုးပေါ့ ။
ကိုယ် အောင်မြင်ဖို့လို့ တွေးပါ
အိမ်နဲ့ခွဲနေရသူတွေအဖို့ အိမ်အရမ်းလွမ်းနေမယ့်အစား စာသေချာလုပ်ပြီး ကျောင်းမြန်မြန်ပြီးအောင် ကြိုးစားသင့်ပါတယ် ။ ကိုယ်တစ်ယောက်တည်း ခွဲရတာမဟုတ်ဘူးလို့လည်း တွေးထားသင့်ပါတယ်နော် ။
တစ်ယောက်တည်းမဟုတ်ပါ
ဒါကတော့ အရေးအကြီးဆုံးပါ ။ အမှန်တကယ်တော့ ငါတစ်ယောက်တည်းပဲဆိုတာ စိတ်အထင်ပါ ။ အိမ်နဲ့ခွဲရရင် သူငယ်ချင်းအသစ်ရှာပါ ။ ပေါင်းပါ ။ သူငယ်ချင်းတွေနဲ့ အဆင်မပြေရင် ညှိပါ မရရင် အသစ်ပေါင်းပါ ။ ချစ်သူနဲ့ အဆင်မပြေရင်လည်း သူငယ်ချင်းတွေ ရှိပါသေးတယ် ။ ဘယ်တော့မှ ကိုယ်တစ်ယောက်တည်းမဟုတ်လို့ ပတ်ဝန်းကျင်ကို အမြဲပြန်ကြည့်ပါနော် ။

