အချိန်တန်တော့လည်း ပြီးသွားတာပါပဲ ။
ခံစားချက်တွေလည်း အနယ်ထိုင်သွားတယ် ၊ ဒဏ်ရာတွေလည် အနာကျက်သွားရပါတယ် ။ ဘယ်အရာဖြစ်ဖြစ် သူ့သက်တမ်းရှိသလောက်ပါပဲ ။ ကောင်းတဲ့အမှတ်တရတွေရော … ဆိုးရွားတဲ့အတွေ့ကြုံတွေရော အားလုံးဟာ အချိန်တစ်ခုရောက်ရင်တော့လည်း မှေးမှိန်ကွယ်ပျောက်သွားတယ် ။
ဒါကြောင့် နေစဉ်နဲ့အမျှ ကောင်းတာတွေနဲ့ကြုံတဲ့အခါ စိတ်ဖြောင့်ဖြောင့်နဲ့သာ ပျော်ရွှင်ခံစားပြီး ၊ ဆိုးရွားတဲ့အရာတွေနဲ့တွေ့ရရင်လည်း ကိုယ့်ကိုကိုယ်ပျောက်ဆုံးမခံပါပဲ သန်မာဖို့ ၊ အာတင်းရင်ဆိုင်ဖို့အတွက် သတိပေးရမယ် ။
အချိန်တွေဟာ ခပ်မြန်မြန်ကုန်ဆုံးတယ် ။ ဆယ်တန်အောင်တဲ့နေ့က ပျော်ခဲ့တဲ့အပျော်တွေကို မှတ်မိသေးတယ် ၊ ကျွန်တော့်ရဲ့ ပထမဆုံး စာမူလေးကို မဂ္ဂဇင်းတစ်ခုမှာ အရွေးခံရတဲ့အချိန်ကိုလည်း သတိရမိသေးတယ် ၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်တဲ့ခရီးတွေ သွားဖူးတာတွေကိုလည်း ကောင်းကောင်းမှတ်မိနေသေးတယ် ။ အရာအားလုံးဟာ မနေ့တစ်နေ့ကမှ ဖြစ်သွားသလို အချိန်ဟာ ခဏလေးပဲ ။ တလောကမှ မအိပ်မနေစာကြိုးစားနေရတဲ့ ကျောင်းသားလေးကိုယ်ဟာ အခုတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ပါတဲ့ ၊ ကိုယ့်ကိုကိုယ် အရမ်းလှတယ်ထင်ပြီး အရောင်စုံအောင် ဆံပင်ဆေးဆိုးခဲ့တဲ့ ဆယ်ကျော်သက်ဘဝက ရူးနှမ်းနှမ်းနေ့တွေကလည်း မနေ့ကလိုပဲ ။ လူ့သက်တမ်းက ခပ်မြန်မြန်ကုန်တာပဲမို့ အခိုက်တန့်ကောင်းတွေကို တန်ဖိုးထားရမယ် ။
အသဲကွဲလို့ ငိုခဲ့တဲ့ ဆယ်ကျော်သက်အရွယ်ကလည်း မနေ့ကလိုပဲ ၊ အမေဆုံးခဲ့တဲ့နေ့ကိုလည်း သတိရမိသေးတယ် ၊ Dream job တစ်ခုရဲ့ အင်တာဗျူးမအောင်လို့ စိတ်ဓာတ်ကျခဲ့တာကိုလည်း မှတ်မိသေးတယ် ။ ဒါပေမဲ့လည်း ခုချိန်မှာတော့ အရာရာအသားကျနေပြီ .. အဆင်ပြေနေခဲ့ပြီ ။ သေလောက်အောင်နာကျင်ရတဲ့ အခိုက်တန့်တွေကလည်း တဖြည်းဖြည်း သက်သာလာပြီး ၊ အေးချမ်းတဲ့နေ့တွေဆီရောက်လာခဲ့တယ် ။ လွဲချော်မှုတွေကြောင့် ပိုကောင်းတဲ့အရာတွေဆီရောက်လာစေခဲ့သလို ၊ တွေးမိတိုင်း နောင်တရစရာတွေလည်း ရှိခဲ့တယ် ။ ဒါပေမဲ့လည်း အခု အဆင်ပြေနေပါတယ် ။
တလောက အရည်ပျော်ကျမတတ် ပူလွန်းတဲ့ ရာသီဥတုကလည်း ခုရက်ပိုင်းမှာတော့ သူမဟုတ်သလိုပဲ မိုးဆက်တိုက်ရွာနေတာ မတိတ်တော့ဘူး ။ အဝတ်တွေတောင်မခြောက်တော့လို့ ပူလှချည်ရဲ့လို့ ညဉ်းခဲ့တဲ့ နေမင်းကြီးကို ပြန်လိုချင်ရပြန်ရောလေ ။ ရာသီဥတွေပြောင်းလဲသလို လူတွေလည်း သူ့အချိန်နဲ့သူ ပြောင်းလဲရတယ် ။ ရာသီဥတုကဖောက်ပြန်သလို လူတွေလည်း ဖောက်ပြန်တတ်တာကို သတိကပ်ရမယ် ။ ဘယ်သူရှိမှဖြစ်မယ်ဆိုတာ မရှိခဲ့ဘူး … အချိန်တန်တော့ တစ်ယောက်တည်းလည်း အဆင်ပြေလာတယ် ။ လွမ်းလို့သေသွားတဲ့သူလည်း မရှိပါဘူး ။ အချိန်ပေးလိုက်ရင် အရာရာပျောက်ကင်းသွားမှာပါ ။ အနာမကျက်သေးတဲ့အချိန်မှာ သန်သန်မာမာကုစားဖို့ ၊ ကိုယ့်ကိုကိုယ်အရှုံးမပေးလိုက်ဖို့ပဲ လိုပါတယ် ။
သည်းသည်းလှုပ်ချစ်ပါတယ်ဆိုတဲ့လူကလည်း ပြောင်းလဲနိုင်တာပဲ ၊ ကိုယ်သံယောဇဉ်ရှိတဲ့သူတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ကိုယ့်ကိုခွဲသွားကြမှာပါ ၊ ကိုယ့်ရဲ့ ကံကောင်းခြင်းတွေကလည်း တစ်ချိန်မှာတော့ အကျပိုင်းကို ရောက်လာနိုင်တာပဲ ။ ဘယ်အခြေနေမှာဖြစ်ဖြစ် စိတ်ထားတတ်ဖို့ ၊ စွဲလမ်းတွယ်တာမှုကိုလျော့နိုင်ဖို့ ၊ အတ္တတွေကို သတိထားဖို့ လိုပါတယ် ။
လူတစ်ယောက်မရှိတော့လို့ ကျယ်သွားတဲ့ကွက်လပ်တွေဟာ အခြားသူတစ်ယောက်ကြောင့် ပြန်ပြည့်လာတယ် ။ ပျောက်ဆုံးသွားတဲ့ ပျော်စရာတွေကလည်း အသစ် အသစ်တွေနဲ့ တွေ့ဆုံကြရင်း ၊ စကားပြောရင်းက ရယ်မောလာနိုင်ခဲ့တယ် ။ လူတွေဟာ ဝင်လာလိုက် ၊ ထွက်သွားလိုက်လုပ်နေကြပဲ ။ ဘာကြောင့်ဖြစ်ဖြစ် ရပ်တန့်လို့မရပဲ ဆက်သွားနေရမှာကိုက ဘဝပဲမဟုတ်လား ။
ခွဲခွါခြင်းတွေရဲ့ အဆုံးမှာ တွေ့ဆုံခြင်းအသစ်တွေ ရှိပါတယ် ။ ငိုစရာတွေရဲ့နောက်မှာ ပျော်စရာတွေလာဦးမယ် ။ အမြဲတမ်း ကောင်းစားနေမှာမဟုတ်ပဲ အနိမ့်ပိုင်းရောက်တဲ့အချိန်တွေလည်း ရှိလာနိုင်တယ် ။ ခက်ခဲပင်ပန်းတဲ့နေ့တွေပြီးရင် သက်တောင့်သက်သာရှိတဲ့ရက်တွေ လာဦးမှာပဲ ။ ကောင်းတာတွေနဲ့တွေ့ရင် ဘာမှမတွေးပဲ အချိန်ကောင်းကို ပြည့်ပြည့်ဝဝ ခံစားလိုက်ပါ … အဆိုးတွေနဲ့ကြုံရရင်လည်း မပျက်စီးသွားစေဖို့ အသိ ၊ သတိနဲ့ထိန်းပြီး ကုစားပါ ။
အရာရာဟာ အချိန်ပဲလိုပါတယ် ။ အချိန်တန်တော့ပြီးသွားတာပဲလေ … ကိုယ့်တာဝန်က ကျော်ဖြတ်ဖို့ပဲလိုတာ ။ ဘယ်အရာဖြစ်ဖြစ် စိတ်ရှည်ပါ … သည်းခံပါ ။ သေချာပေါက် အချိန်ပေးလိုက်ရင် အဆင်ပြေသွားမှာပါ ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *