မိတ္ထီလာစီရင်စု စိန့်အန်ထော်နီ ဘုရားကျောင်းပွဲကျင်းပခြင်း။

မန္တလေးကက်သလစ်သာသနာ၊ မိတ္ထီလာစီရင်စုရှိ စိန့်အန်ထော်နီဘုရားကျောင်းပွဲကို (၁၄.၆.၂၀၂၅) နေ့နံနက် ၈းဝဝနာရီ အချိန်၌ ဘုန်းတော်ကြီး ဩဂတ်စတင်း တင်မောင်ထွန်းမှ မစ္ဆားတရားတော် ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

ပွဲတော်သို့ မိတ္ထီလာစီရင်စုအတွင်းရှိ ရွာများနှင့် မြို့ပေါ်ရှိ ဘာသာဝင်များ၊ သီလရှင်များ၊ နှင့် ဘုန်းတော်ကြီး အပါး(၂၀) တို့ပါဝင်ဆုတောင်းခဲ့ကြပြီး မစ္ဆားတရားအပြီး အရင်က မိတ္ထီလာမှာ တာဝန်ကျ ခဲ့သည့် Fr. John Mg San ၏ရဟန်းဝါတော်နှစ် (၅ဝ) ပြည့် ဂျူဘီလီ အထိမ်းအမှတ်ဂုဏ်ပြုခြင်း အစီအစဉ်ကို လည်းကျင်းပခဲ့ပါသည်။

မစ္ဆားတရားတွင်း Fr. Alphonse Aung Ko Latt မှ ဩဝါဒမိန့်ကြားရာတွင်

“စိန့်အန်ထော်နီက သူ့မှာအလုပ်တွေဘယ်လောက်များများ ဘုရားကိုအမြဲအချိန်ပေးတယ်။ကျွန်ုပ်တို့တွေ ရဲ့ဘဝတွေကို ပြန်ကြည့်တဲ့အခါ အလုပ်အားမှ ကျွန်ုပ်တို့က ဘုရားကိုအချိန်ပေးချင်တယ်။ ဘုရားကျောင်းလည်း အားမှတက်၊ ဆုလည်းလိုမှတောင်းတယ် အခက်အခဲကြုံလာမှ ဘုရားကိုသတိရကြတယ်။ အားမှဘုရားတရားလုပ်မယ် ဆိုတဲ့စိတ်တွေ ကျွန်ုပ်တို့တော်တော်များများမှာ ရှိနေကြ ပါတယ်။

စဉ်စားရမှာက ဘုရားနဲ့ပတ်သက်လာရင် ငါဘာကိုဦးစားပေးလဲ ဆိုပြီးမိမိကိုယ်ကိုယ် စဉ်းစားရမယ်။ ဘုရားနဲ့လောကီရေးရာနဲ့ပတ်သက်လာရင် စိန့်အန်ထော်နီက ဘုရားကိုဦးစားပေးတဲ့အခါမှာ ကျန်တာတွေက ဘုရားရဲ့ကျေးဇူးကြောင့် အလိုလိုပြည့်စုံသွားတယ်။ ဒါကြောင့် စိန့်အန်ထော်နီရဲ့ဘဝကိုကြည့်ခြင်းအားဖြင့် ဘုရားကို ဦးစားပေးတတ်တဲ့သူဖြစ်ဖို့ရန်အတွက် အရေးကြီးတယ်။ ကိုယ်ဖြစ်ချင်တိုင်းဖြစ်ခွင့်မရပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း အကောင်းဆုံးရှင်သန်နိုင်အောင်ကြီးစားရမယ်။ တစ်ခါတလေ ကျွန်ုပ်တို့က ကိုယ့်အလိုတွေ၊ကိုယ်ဖြစ်ချင်တာတွေပဲတောင်းတယ် ဒါမဲ့ဘုရားသခင်ရဲ့စကားသံကို နားထောင်ဖို့လည်းလိုအပ်ပါတယ်။

အခုကျွန်ုပ်တို့ပတ်ဝန်းကျင် အခြေအနေကိုကြည့်ရင် ကျွန်ုပ်တို့ကိုယ်တိုင်လည်းအနာဂါတ်တွေ ပျောက်နေကြတယ်။ ကျွန်ုပ်တို့ရဲ့မိသားစုတွေထဲမှာ နွေးထွေးမှုတွေ၊ ပျော်ရွှင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ ပျောက်ဆုံးနေကြတယ်။ ကျွန်ုပ်တို့ရဲ့ အသိုင်းအဝိုင်း ကျွန်ုပ်တို့ရဲ့ကလေးတွေမှာ အနာဂါတ်တွေ၊ မျော်လင့်ချက်တွေပျောက်ဆုံးနေတယ်။ အဲဒီပျောက်ဆုံးနေတဲ့ အရာတွေပြန်ရရှိဖို့ရန် စိန့်အန်ထော်နီမှာ ဆုတောင်းပြီးခွန်အားယူကြရအောင် ပျောက်ဆုံးနေတဲ့အရာတွေထဲမှာ အဓိက က ဘုရားတရားပျောက်ဆုံးနေကြတယ်။

ဘုရားပျောက်ရင် မေတ္တာပျောက်တယ်၊ မေတ္တာပျောက်တော့ငြိမ်းချမ်းရေးတွေ ပျောက်ဆုံးလာတယ် ဒါကြောင့် ဒီနေ့စိန့်အန်ထော်နီပွဲနေ့မှာ ကျွန်ုပ်တို့ရဲ့ပျောက်ဆုံးနေတဲ့အရာတွေပြန်လည် ရရှိနိုင်ရန် အတွက် သဒါကြည်ညိုခြင်းနှင့် စိန့်အန်ထော်နီ ထံဆုတောင်းကြစို့။ စိန့်အန်ထော်နီရဲ့ ဘဝကနေ ကျွန်ုပ်တို့ သင်ယူစရာတွေအများကြီးရှိတယ် ကိုယ်က ရဖို့တွက်နဲ့ပဲလာတာမဟုတ်ပဲ စိန့်အန်ထော်နီလို ဘဝမှာသူများကိုပြောင်းလဲအောင် ငါဘယ်လောက်လုပ်ပေးနိုင်မလဲ စိန့်အန်ထော်နီ ဘဝအသက်သာလို ငါဘယ်လိုရှင်သန်မလဲစသည်ဖြင့် အတုယူရှင်သန်ဖို့ရန်အတွက် ကြိုးစားကြရမည်” ဟု ပြောကြားခဲ့ပါသည်။

News- Paul

Photo- Bro Robert

Website: rvamyanmar.org

#rvamyanmar#LocalNews#St.Anthony #ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 2839

Leave a Reply

Your email address will not be published. Required fields are marked *