သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံးခံရတဲ့ လူနင်းပြားများအကြောင်း
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့်အကြောင်းအရာလေးကတော့… တဖြည်းဖြည်း ပိုမိုဆိုးရွားလာတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့အတူ ဒုက္ခပေါင်းများစွာ ခံစားနေရတဲ့ ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးနဲ့ လူဆင်းရဲသားတွေရဲ့အကြောင်းပဲ ဖြစ်ပါတယ်။
ကမ္ဘာကြီးက အရင်ကနဲ့မတူပဲ တိုးတက်လာတာနဲ့အမျှ သဘာဝကပ်ဘေးတွေဟာလည်း တစ်နှစ်ထပ်တစ်နှစ် ပိုမိုဆိုးရွားလာနေတာကို ကျွန်ုပ်တို့အားလုံး ထပ်တူထပ်မျှ ခံစားနေကြရပါတယ်။ စစ်ပွဲတွေ၊ ရာသီဥတုဖောက်ပြန်မူတွေ၊ ပဋိပက္ခတွေဟာ ကမ္ဘာပေါ်မှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီး ထိုဒုက္ခတွေကို အများဆုံးခံစားကြရတာကတော့ ကျွန်ုပ်တို့လူသားတွေထဲကမှ နေစရာအိမ်တောင်မရှိတော့တဲ့ လူဆင်းရဲသားတွေပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံကိုကြည့်လိုက်ပါ။ စစ်ပွဲတွေအတွင်းမှာ၊ သဘာဝဘေးအန္တရာယ်တွေအတွင်းမှာ၊ ငလျင်ဘေးအန္တရာယ်တွေအတွင်းမှာ အဆိုးဆုံးအခြေနေကို ကြုံတွေ့ကြရတဲ့သူတွေကတော့ လူနင်းပြားများ ဖြစ်တဲ့ ဆင်းရဲသားများပဲ ဖြစ်ပါတယ်။ လူနင်းပြားများနဲ့အတူ အခြားသူများလည်း ထိုဒုက္ခတွေကို ခံစားကြရပါတယ်။ သို့သော် အခြေနေတွေ၊ အကျိုးသက်ရောက်မှုတွေကတော့ များစွာကွာခြားပါတယ်။
ဥပမာအားဖြင့်ပြောရရင် အပူဒဏ်လွန်ကဲတဲ့အခါ၊ အအေးဒဏ်လွန်ကဲတဲ့အခါ အနွေးထည်ကောင်းကောင်းရှိတဲ့သူနဲ့ မရှိတဲ့သူဟာ ကွာခြားမှာဖြစ်ပါတယ်။ ဒီလိုပဲ နေစရာအိမ်ကောင်းကောင်းရှိတဲ့သူနဲ့ မရှိတဲ့သူဟာ ကွာခြားမှာဖြစ်ပါတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူနဲ့ မတတ်နိုင်တဲ့သူဟာ ဘယ်လိုနည်းနဲ့မဆို တူညီနိုင်စရာအကြောင်း မရှိပါဘူး။
ကျွန်ုပ်တို့နိုင်ငံမှာ စစ်ဘေး၊ ငလျင်ဘေးတွေ ကြုံတွေ့ရတဲ့အခါ တတ်နိုင်တဲ့သူတွေကတော့ အခြေနေမပြတ် နေလို့ရပေမဲ့ အချို့သော ဆင်းရဲသား လူနင်းပြားတွေကတော့ ဘယ်လိုမှ နလံမထူနိုင်အောင် ဆိုးရွားစွာ ကြုံတွေ့ကြရတာပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာဓလေ့အရ ဝိုင်းဝန်းကူညီကြပေမဲ့ ပြီးပြည့်စုံအောင် စွမ်းဆောင်နိုင်ဖို့ရာ အလွန်ကို ခက်ခဲပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ထိုအခက်ခဲပြဿနာတွေ ကြုံတွေ့နေရတဲ့ လူတွေကို ကူညီတဲ့အခါ အနည်းငယ် အာရုံစိုက်ပြီး လုပ်ဆောင်ဖို့ရန် လိုအပ်ပါတယ်။ မိမိတို့ရဲ့ အလှူဒါနအတွက် ဓာတ်ပုံလေးတစ်ပုံရဖို့၊ ဘောက်ချာတစ်ခုရဖို့ထက် လက်တွေ့ကျကျ ပါဝင်ဖို့ဟာ ပိုပြီး အရေးကြီးတယ်ဆိုတဲ့အကြောင်းကို တိုက်တွန်းလိုက်ရပါတယ်။
မိတ်ဆွေများအားလုံး သဘာဝဘေးအန္တရာယ်ကြားမှာ လူနင်းပြားများဖြစ်တဲ့ ဆင်းရဲသားများရဲ့ဘဝကို ထိရောက်စွာ ကူညီနိုင်သော၊ လှူဒါန်ုးနိုင်သော စေတနာရှင်များ ဖြစ်ကြပါစေလို့ ကျွန်ုပ် ဇော်နိုင်ဦးကနေ ဆုတောင်းပေးလိုက်ပါတယ်။
တင်ဆက် – ဇော်နိုင်ဦး တည်းဖြတ် – စတီဗင်
#rvamyanmar #environment