
ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်
ဆုံးဖြတ်ချက်တိုင်းမှာ အနည်းနဲ့အများတော့ အမှားတွေ၊ လိုအပ်ချက်တွေဆိုတာ ရှိစမြဲပဲ။ မှန်မယ်ထင်လို့ ဆုံးဖြတ်လိုက်တဲ့အရာတွေက မှားနေနိုင်သလို မှားမယ်ထင်လို့ မဆုံးဖြတ်လိုက်ရတဲ့ အရာတွေကလည်း မှန်နေတဲ့အခါမျိုးတွေ ရှိတတ်တယ်။
တကယ်လို့ တစ်ခုခုကို လုပ်ဖို့အတွက် ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်ကို ထိုင်စောင့်နေမယ်ဆိုရင်တော့ ဘာမှမလုပ်တော့ဖို့ပဲ ပြောချင်တယ်။ ကျွန်တော်တို့တွေက သူများတွေလုပ်တာတွေကို လိုက်ကြည့်ပြီးတော့ “သူလုပ်လိုက်တာ မှန်တယ်၊ ငါလည်းဒီလိုပဲလိုက်လုပ်မယ်”ဆိုတဲ့ စိတ်တွေပဲ ရှိကြတာများတယ်။
ဘယ်သူကမှ သူများမလုပ်ဖူးတဲ့အရာကို အရဲစွန့်ပြီး မလုပ်ချင်ကြဘူး။ သူများက ဒါလုပ်တာ အောင်မြင်နေလို့ ငါလည်းဒီလိုလိုက်လုပ်မယ် ဆိုတဲ့ စိတ်တွေပဲ စိတ်ထဲမှာပြည့်နေတတ်ကြတယ်။ သူများနဲ့ ကွဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရင် ကိုယ်ကပဲ ရူးနေသလိုမျိုး ခံစားနေတတ်ကြတယ်။ ဒါဆို လူတွေက ဘာလို့ မှန်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနောက်ပဲ လိုက်ကြတာလဲ?
အဓိက အချက်ကတော့ ကျရှုံးမှာကို ကြောက်ကြလို့ပဲ။ ကိုယ့်ချလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် တစ်ခုခု လွဲချော်မှာကို ကြောက်တဲ့စိတ်၊ ကိုယ့်အမှားကိုယ် တာဝန်မယူရဲတဲ့စိတ်။ ဒီစိတ်တွေကြောင့်ပဲ ဆုံးဖြတ်ချက်ချဖို့ကို တွန့်ဆုတ်စေရတာ။ ဒီလို တွန့်ဆုတ်နေတာ ဘာလို့လဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိလို့လားဆိုတာလဲ ပြန်မေးဖို့လိုတယ်။
တကယ်တော့ ဆုံးဖြတ်ချက်တိုင်းက မှန်နေတာမဟုတ်ဘူး။ အဲ့ဒီ ဆုံးဖြတ်ချက်ကိုချတဲ့ သူတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အမှန်ဖြစ်အောင် ပြောင်းလဲနိုင်ကြလို့ပဲ။ ရှင်းအောင်ပြောရမယ်ဆိုရင် ဒီလူတွေက သူတို့ချလိုက်တဲ့ ဆုံးဖြတ်ချက်ကို ရအောင် အကောင်အထည်ဖော်တယ်၊ မှားတာရှိရင်ပြင်တယ်၊ လိုအပ်တာတွေ ပြင်ဆင်ပြီးတဲ့နောက်မှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ ဖြစ်လာတာပါ။
ဒါကြောင့်မို့ ဆုံးဖြတ်ချက်အသစ်တွေ ချခါနီးတိုင်း မှားသွားမလားဆိုပြီး အတွေးလွန်မနေနဲ့၊ လုပ်စရာရှိတာကိုလုပ်၊ ကိုယ့်ရဲ့ အတွေးအခေါ်တွေ လုပ်နိုင်စွမ်းတွေ အပေါ်မှာ ယုံကြည်၊ ဘယ်တော့မှ ကျရှုံးမှာကို မကြောက်နဲ့။ အောင်မြင်မှုဆိုတာ စွန့်လွှတ်အနစ်နာခံမူတွေ အောက်မှာ တိုးတက်အောင် ကြိုးစားရင်းကနေမှ ရလာတဲ့ အသီးအပွင့်ပဲ။