ကာဒီနယ်ချားလ်ဘို စတင်တည်ထောင်ခဲ့သော စိန့်ပေါလ်အသင်းဂိုဏ်း၀င် သီလရှင်အသစ်သုံးပါး ပထမ ကတိသစ္စာခံယူ။

ကာဒီနယ်ချားလ်ဘို စတင်တည်ထောင်ခဲ့သော စိန့်ပေါလ်အသင်းဂိုဏ်း၀င် သီလရှင်အသစ်သုံးပါး ပထမ ကတိသစ္စာခံယူ။
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင် စိန့်မာတင်ဘုရားကျောင်း၌ စိန့်ပေါလ်အသင်း ဂိုဏ်း၀င် စ္စတာရ် အသစ်သုံးပါး Martina Nant May Oo Khin (Pathein Diocese)၊ Justa Nant A Zar Ni (Pathein Diocese)၊ Cecilia Seng San (Myitkyina Diocese) တို့ပထမကတိသစ္စာ ခံယူခြင်းအခမ်းအနားကို (၂၃၊၅၊၂၀၂၅)ရက်၊ သောကြာနေ့၌ ကျင်းပခဲ့ပါသည်။ ဤအခမ်းအနားကို အသင်းဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ကာဒီနယ်ချားလ်ဘို မှ ကိုယ်တိုင်လာ ရောက်ပြီးမစ္ဆား တရား တော်ကိုဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
မစ္ဆားတရားဩဝါဒ၌ ကာဒီနယ်ချားလ်ဘို မိန့်ကြားသည်မှာ
“သူတော်စင်များဘဝအသက်တာသည် အာဏာရှိသူများ၊ ပစ္စည်းဥစ္စာကြွယဝသူများ၊ မလိုမုန်းတီးသူ များ၊ ကဲ့ရဲ့ဝေဖန်သူများ စသည်ဖြင့် နည်းမျိုးစုံ အနိုင်ကျင့်တဲ့ချိန်မှာ နှိမ့်ချစွာနဲ့ ဘုရားရဲ့အလိုတော်ကို နာခံ ခြင်း သစ္စာပါရမီနဲ့ ကျင့်ကြံနေထိုင်ကြတယ်။ သာသနာပြုခရီးသွားသူတော်စင်၊ရဟန်းများသည် လောက ကို အလင်းပြရုံသာမကပဲနဲ့ မကောင်းမှု၊ အနိုင်ကျင့်မှု၊ အာဏာအလွဲသုံးစားမှုတွေကိုလည်း မိမိတို့က ရှုံ့ချ ကြတယ်။
သူတော်စင်အသက်တာဆိုတာ တစ်နည်းအားဖြင့် တရားတော်အတွက် အသေခံသူများဖြစ်ကြပါတယ်။ နှစ်ပေါင်းများစွာ အနှစ်နာခံကြရတယ်၊ ဒုက္ခခံကြရတယ်၊ ကြိုးစားကြရတယ်၊ရာသက်ပန်အတွက် သည်း ခံကြရတယ်။ သူတော်စင်များသည် အခက်အခဲနဲ့ကြုံနေရပေမဲ့လည်း ကျွန်ုပ်တို့ပတ်ဝန်းကျင်နေရာ ဒေသများမှာ အမြဲပျော်ရွှင်မှုကိုမပျောက်စေပဲ သာယာကြည်နူးမှု၊ ပျော်ရွှင်မှု ကိုသယ်ဆောင်ပေးနိုင် အောင် အမြဲကြိုးစားနေသူများဖြစ်တယ်။
ခရစ်တော်ဘုရားသည် သူ့ကားစင်ကို ထမ်းခိုင်းတာလည်းမဟုတ်ဘူး၊ သူထမ်းသလိုထမ်းခိုင်းတာလည်း မဟုတ်ဘူး၊သူသေခံရသလို သေခိုင်းတာလည်းမဟုတ်ဘူး၊ သူဒုက္ခခံသလို လိုက်လုပ်ခိုင်းတာလည်း မဟုတ်ဘူး။ မိမိတို့တစ်ဦးတစ်ယောက်စီတိုင်းရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေရှိကြတယ် ဒါလေးတွေကို ခရစ်တော်ဘုရားက ကျွန်ုပ်တို့ကို ပူဇော်ခိုင်းတာဖြစ်ပါတယ်။” လို့ပြေားကြားသည်။
မစ္ဆားတရားအပြီးတွင်ကာဒီနယ်ချားလ်ဘိုမှ စိန့်ပေါလ်အသင်းဂိုဏ်း ဖြစ်ပေါ်လာပုံနှင့် တည်ထောင်ဖြစ်ရခြင်း၏ ရည်ရွယ်ချက်ကို ခုလိုပြော ကြား ခဲ့သည်။
“စိန့်ပေါလ်သာသနာပြုအသင်းဂိုဏ်းဖြစ်လာပုံကတော့ ဆရာတော်ကြီးရဟန်းဘဝတည်းက ၁၉၈၂-၈၃ ကတည်းကဒီလားရှိုးမှာကျောင်းထိုင်ဖြစ်တဲ့အခါမှာ ခရစ္စတူးသက်သေခံများဆိုပြီးတော့လူငယ်တွေကိုဖွဲ့ တယ်။ နောက်ပိုင်းမှာ ဆရာတော်ကလည်း အနီးစခန်းပြောင်းသွားပြီးနောက်ပိုင်းမှာ ဒီလူငယ်အဖွဲ့ အနေနဲ့ကလည်း အရင်လိုမလှုပ်ရှားနိုင်တော့ဘူး။ ဒါပေမဲ့ ဒီခရစ္စတူးသက်သေခံများအဖွဲ့သည် မြို့တွေ ၊ရွာတွေ မှာသွားပြီး သာသနာပြုကြတယ် ခရစ်တော်အကြောင်းကို သက်သေခံကြတေယ်။
နောက်ပိုင်းမှာ ဒီအဖွဲ့အစည်းကို ပိုပြီးတည်မြဲဖို့ဆိုပြီးတော့ ဆရာတော်ဖြစ်လာတဲ့အခါ (၁၉၉၀) ခုနှစ်မှာ လူငယ်အမျိုးသမီးဆယ်ဦးနှင့် ယောက်ကျားလေးတစ်ဦးတို့ဖြင့် အခက်အခဲတွေကြားက ဒီစိန့်ပေါလ် အသင်းဂိုဏ်း ဆိုပြီးစတင်ဖြစ်ပေါ်လာခဲပါတယ်။ ထိုမှစိန့်ပေါလ်အသင်းဂိုဏ်းအကြောင်းကို တဖြည်း ဖြည်း လူသိများလာပြီးနောက် Novitiate တွေကိုစတင်လာနိုင်တယ်။ နောက်ချက်ချင်းပဲ ရောမကို အတည်ပြုချက်တောင်းတဲ့အခါမှာ ပုပ်ရဟန်းမင်း ကြီး John Paul II ကပဲ အသင်းဂိုဏ်းအဖြစ် အတည် ပြုပေးခဲ့ပါတယ်။
(၁၉၉၈) ခုနှစ်ကြတော့ ဆရာတော်က ပုသိမ်ကိုပြောင်းသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ စိန့်ပေါလ် ဘရာသာရ်၊ စစ္စသာရ်၊ တွေအတွက် လုံလောက်တဲ့ သင်တန်းတွေရရှိဖို့အတွက်ဆိုပြီး လားရှိုးကနေ ပုသိမ်၊ရန်ကုန်ဘက်သို့ ပြောင်းပြီးထားတယ်။ နောက်ဆရာတော်က ပုသိမ်ကနေ ရန်ကုန် ပြန်ပြောင်း တော့ စိန့်ပေါလ်အသင်းဂိုဏ်း စစ္စသာရ်တွေ ဘုန်းတော်ကြီးတွေရဲ့ Diocessan Right ကို ရန်ကုန်မှာ ပြန် ပြောင်းထားရှိတာဖြစ်ပါတယ်။ သူတို့က ဘယ်နေရာမဆို အဆင်ပြေတဲ့နေရ ဆိုပြီးမဟုတ်တော့ပဲနဲ့ အထူးသဖြင့် ဘာသာအကြောင်းလုံးဝမကြားဖူးတဲ့နေရာ၊ ခက်ခဲတဲ့နေရာတွေကို စွန့်စားခန်းလုပ်ဖို့ရန် အတွက်ဆိုပြီးတော့ စိန့်ပေါလ်အသင်းဂိုဏ်းကို တည်ထောင်ထားတာဖြစ်ပါတယ်။
ဒါကြောင့်မို့အခု ဆိုလို့ရှိရင် မော်လမြိုင်ဘက်က ဝေးလံတဲ့နေရာတွေ၊ မြစ်ကြီးနား ကဝေးလံခေါင်းပါး တဲ့နေရာနှင့်အခြားနေရာဒေသမှာလည်းပဲ သာသနာပြုသွားဖို့ရန်အတွက် အမြဲအဆင်သင့်ပြင်ဆင်ထား ကြရတယ်။ အထူးသဖြင့် ဒီအသင်းဂိုဏ်းအနေနဲ့ ကောင်းတဲ့သတင်းကိုပေးနိုင်ဖို့၊ အခက်အခဲဟူသမျှကို ကျော်လွှားနိုင်ပြီးတော့ ဘာကိုမှမကြောက်မရွံ့ပဲနဲ့ ခရစ်တော်အတွက် သက်သေခံနိုင်ဖို့ ညီအစ်ကို မောင် နှမတွေ ဆီမှာသွားပြီး အမြဲတမ်း ကောင်းတဲ့သတင်း ကောင်းတဲ့စကားပြောနိုင်ဖို့ရန်အတွက်၊ အမြဲတိုက် တွန်းထားပါတယ်။ ခေတ်ကာလပြောင်းလဲ တိုးတက်လာတာနဲ့အမျှ ကိုယ်တိုင်ကိုယ်ကျ မသွားနိုင်ပေမဲ့ လည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့်လည်း သတင်းကောင်းတွေဝေမျှပေးနိုင်ဖို့ရန် စိန့်ပေါလ်အသင်း ဂိုဏ်းတွေကို အထူးအားပေး ထားတာဖြစ်ပါတယ်။” ဟု ကာဒီနယ်ချားလ်ဘိုမှ ပြောကြားခဲ့ပါသည်။
ထိုနောက် ယနေ့မှာ မထမကတိသစ္စာခံယူထားတဲ့ စစ္စသာရ် Ciecilia Seng San ကလည်း သူအဓိက လုပ်ချင်တဲ့သာသနာပြုအကြောင်းကို ခုလိုပြောပြပါတယ်။
“ကျွန်မတို့စိန့်ပေါလ်အသင်းဂိုဏ်းရဲ့ တကယ့်လုပ်ဆောင်ရမဲ့ အချက်ကဘာလဲဆိုရင် ကျွန်မတို့က ဧဝံဂေလိ တရားတော်ကို ဟောကြားတဲ့ အသင်းဂိုဏ်းဖြစ်တဲ့အတွက် အဲဒီအရာတွေကို ကောင်းမွန်းစွာ လုပ်ဆောင်နိုင်ဖို့ အရင်ဦးဆုံး စဉ်းစားထားတယ်။ပြီးတော့ ကျွန်မရဲ့စိတ်က ကလေးတွေကို အရမ်းချစ်တဲ့ စိတ်ရှိတယ်ဆိုတော့ စစ္စသာရ်ဖြစ်သွားတဲ့နောက် ကလေးတွေရဲ့ပညာရေးတွေ၊ အထူးသဖြင့် မူကြိုနေ အရွယ်တွေပေါ့နော သူတို့ကိုကောင်းကောင်းပြုစုပျိုးထောင်ပေးချင်တယ်။ ပညာတွေသင်ပေးချင် တယ် သူတို့နားလည်နိုင်မဲ့ နည်းလမ်းတွေကိုရှာပြီး အခုကျွန်မတတ်ထားတဲ့ ဂီတာတီးတာတို့၊မျူးဇစ်တို့ စတာ တွေကို ဒီလိုကလေးတွေကို သင်ပေးချင်တဲ့စိတ်က အခုချိန်မှာ အရမ်းကိုပြင်းပြနေပါတယ်။
ဟု Sr. Cecilia Seng San ကပြောသည်။
ထိုအပြင် မထမကတိသစ္စာခံယူတဲ့ Sr.Justa Nant A Zar Ni မှလည်း သူ့ရဲ့ခေါ်တော်မူခြင်း စိန့်ပေါလ် အသင်းဂိုဏ်းဝင်ဖြစ်လာပုံ နှင့် စိန်ခေါ်မှု၊အခက်အခဲများအကြောင်းကို ခုလို ပြောပြခဲ့ပါသည်။
“ ငယ်ငယ်လေးတုန်းက ဒီစစ္စသာရ်တို့ သာသနာဘက်မှာဆိုရင် စိန့်ဖရန်စစ်ဇေးဗီးယားဂိုဏ်းနှင့် စိန့် ပေါလ်ဂိုဏ်း နှစ်ဂိုဏ်းပဲရှိခဲ့တယ်။ အရင်တုန်းကတစ်ခြားဂိုဏ်းတွေအများကြီးရှိတယ်ဆိုတာလည်း မသိခဲ့ဘူး နောက်ပိုင်းဒီမြို့ဘက်ရောက်လာမှာ ဒါတွေသိရပါတယ်။ စစ္စသာရ်က ဒီစိန့်ပေါလ် အသင်း ဂိုဏ်းကို ရွေးချယ်ပြီးဝင်ရောက် လာရခြင်း၏ အဓိက အကြောင်းရင်းကတော့ စိန့်ပေါလ်အသင်းဂိုဏ်း၏ သာသနာပြုပုံ၊ သူတို့ရဲ့အဓိကလုပ်ဆောင်ချက်တွေကို စစ္စသာရ်က ကြိုက်နှစ်သက်တဲ့အတွက်ကြောင့် ဒီစိန့်ပေါလ်သာသနာပြုသီလရှင်များအသင်းဂိုဏ်းကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။
အခက်အခဲတွေကဘာတွေလဲဆိုတော့ တခါတစ်လေ မိဘတွေက သူတို့ဘက်မှာလည်း အခက်အခဲ တွေရှိလာတော့ သူတို့ကစစ္စသာရ်ကို ဒီလူ့ဘောင်လောကထဲကို ပြန်လာဖို့ရန်အတွက် ခေါ်တာတွေရှိ တယ်။ ပြီးတော့ဒီကိုယ့်ရဲ့ ခေါ်တော်မူခြင်းလမ်းလျှောက်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဒီဝိညာဉ်ရေးရာပိုင်း မှာ အားနည်းတဲ့အချိန်၊ စစ္စသာရ်အကြီးအကဲတွေရဲ့ လမ်းညွန်မှုတွေ နာမခံခဲ့တဲ့အချိန်မှာ ဒီအခက်အခဲဆိုတဲ့ အရာတွေကို ခံစားလာရတယ်။ ဒါပေမဲ့ စိတ်မလျှောပဲ အဲဒီအခက်အခဲတွေကို ဘုရားရဲ့ကျေးဇူးတော် နှင့် ကျော်လွှားနိုင်ခဲ့ပြီး အခုချိန်မှာတော့ဘုရားကျေးဇူးတော်ကြောင့် စစ္စသာရ် သင်္ကန်းလေးနဲ့ ဒီလိုဘုရားရဲ့ ဝတ်ရုံတော်ကို ဆင်မြန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။” ဟု Sr. Justa Nant A Zar Ni ကပြောသည်။