ပုပ်ရဟန်းမင်းကြီးအသစ်သည် ငြိမ်းချမ်းရေးရဲ့ မီးရှူးတန်ဆောင်ဖြစ်ပါစေကြောင်း ကာဒီနယ်ချားလ်ဘို မှဆုတောင်းပေး။

ပုပ်ရဟန်းမင်းကြီးအသစ်သည် ငြိမ်းချမ်းရေးရဲ့ မီးရှူးတန်ဆောင်ဖြစ်ပါစေကြောင်း ကာဒီနယ်ချားလ်ဘို မှဆုတောင်းပေး။
အနာဂတ်အတွက် မျှော်ရည်တမ်းတချက်
ပုပ်ရဟန်းမင်းသစ်ဟာ ငြိမ်းချမ်းရေးရဲ့ မီးရှူးတန်ဆောင်ဖြစ်ပါစေ။
ခရစ်တော်ယေဇူး၌ ချစ်ခင်လေးစားရပါသော မိတ်ဆွေအပေါင်းတို့၊
ကျွန်ုပ်တို့သည် သမိုင်းအလှည့်အပြောင်းများစွာကို မြင်တွေ့နေကြရပါတယ်။ ဂါဇာကမ်းမြောင်ဒေသက ထိခိုက်ပျက်စီးမှုတွေ၊ ယူကရိန်းက စစ်ဒဏ်သင့်မြို့တွေ၊ မြန်မာနိုင်ငံက တိုးတိုးတိတ်တိတ် ငိုကြွေးသံတွေ၊ အာဖရိက က မိုးခေါင်ရေရှားဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေးကို ဆာလောင်တမ်းတနေတဲ့ကမ္ဘာကြီးကို မြင်တွေ့ကြားသိနေကြရပါတယ်။ ကျွန်ုပ်တို့တွေဝေနေလို့မရပါဘူး။ ပျံလွန်တော်မူပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကို အမှန်တကယ်လေးစားဂုဏ်ပြုချင်တယ်ဆိုရင် ငြိမ်းချမ်းရေးအတွက်တစိုက် မတ်မတ် လုပ်ဆောင်ရပါလိမ့်မယ်။
ဒဏ်ရာတွေနဲ့ ညည်းတွားနေတဲ့သားသမီးတွေအတွက် ဆောက်တည်ရာမရဖြစ်နေတဲ့ ဖခင်လိုမျိုး ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အင်အားချည့်နဲ့တဲ့ကြားက ပြင်းပြတဲ့စိတ်နဲ့ တောင်ဆူဒန်က ပဋိပက္ခဖြစ်နေ တဲ့ နှစ်ဖက်ခေါင်းဆောင်တွေရှေ့မှာ ဒူးထောက်ပြီး ငြိမ်းချမ်းရေးတောင်းဆိုခဲ့တာကို ကျွန်ုပ်တို့ပြန်လည် အမှတ်ရနိုင်ပါတယ်။ အဲဒီလုပ်ရပ်သည် စကားလုံးတွေထက် ပိုအားကောင်းတဲ့တရားပြခန်းအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ အုပ်စိုးခြယ်လှယ်ခြင်းကနေ ထွက်ပေါ်လာတာမဟုတ်ဘဲ နှိမ့်ချခြင်းကနေ ထွက်ပေါ်လာတယ်ဆိုတာကို ကမ္ဘာသိအောင်ပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့တောင်းဆိုချက်သည် နိုင်ငံရေးတောင်းဆိုချက်မဟုတ်ဘဲ ခရစ်တော်ရဲ့နှလုံးသားကနေ တောင်းဆိုချက်ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်မီးတွေဟာ ပိုပြီးတော့တောင် တောက်လောင်လာနေပါတယ်။ ယနေ့အချိန်မှာ ကြီးမားပြင်းထန်တဲ့ စစ်ပွဲကြီးတွေ (၆)နေရာလောက်မှာ ဖြစ်ပွားနေသလို ဒေသ(၂၀)လောက်မှာလည်း ပဋိပက္ခတွေ ဖြစ်ပွားပြီး လူထောင်ပေါင်းများစွာသေကြေရသလို သန်းပေါင်းများစွာသည်လည်း အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရပါတယ်။ ဒါဟာ နိုင်ငံအတော်များများမှာ ကြုံနေရတဲ့ ဝမ်းနည်းကြေကွယ်ဖွယ်အဖြစ်ဆိုးပါ။ အမုန်းတရားကြီးစိုးလာပြီဆိုရင် ဘယ်သူ့ကိုမှ မလွတ်မပေးပါဘူး။ ယခုအချိန်မှာ နျူးကလီးယားထိပ်ဖူး (၁၃၀၀၀)ကျော်သည် လူသားမျိုးနွယ်ကို ပစ်ခတ်ဖျက်ဆီးဖို့ အသင့်အနေအထားမှာ ရှိနေကြပါတယ်။ အမုန်းမီးလျှံနဲ့ မိုက်မဲတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တင် နျူးကယီးယားလူမျိုးတုံး သတ်ဖြတ်ပွဲကြီးဖြစ်လာစေနိုင်သလို မြို့တွေကိုလည်း ပြာပုံဘဝရောက်အောင်၊ မြစ်ချောင်းတွေကို အဆိပ်သင့်အောင်၊ ကောင်းကင်တစ်ခုလုံး မှောင်အတိကျသွားအောင် လုပ်ဆောင်နိုင်ပါတယ်။
တစ်ဖက်မှာလည်း ကမ္ဘာကြီးပိုမိုပူနွေးလာတဲ့ဖြစ်စဉ်ကြောင့် ကျွန်ုပ်တို့အားလုံးရဲ့နားခိုရာအိမ်ဖြစ်တဲ့ ကမ္ဘာမြေဟာ ပိုမိုပျက်စီးလာနေပါပြီ။ သီးနှံတွေမဖြစ်ထွန်းတာ၊ မြစ်ချောင်းအင်းအိုင်တွေခန်းခြောက်လာတာ၊ ရေခဲတောင်တွေ အရည်ပျော်ကျလာတာတွေ ဆက်တိုက်ဖြစ်ပွားလာပြီး ကမ္ဘာကြီးသည်လည်း ထိခိုက်နာကျင်နေပါပြီ။ သိပ္ပံပညာရှင်တွေရဲ့ဟောကိန်းအရ အနာဂတ်စစ်ပွဲတွေဟာ ရေနံကြောင့် ဖြစ်ရတဲ့ စစ်ပွဲတွေမဟုတ်တော့ဘဲ အသက်ရဲ့အရင်းအမြစ်ဖြစ်တဲ့ ရေကိုရရှိရေးအတွက် တိုက်ခိုက်ရတဲ့စစ်ပွဲတွေ ဖြစ်လာတော့မှာပါ။
ဒီအတွက် မားမားမတ်မတ် ရပ်တည်တောင်းဆိုတဲ့အသံကို ကျွန်ုပ်တို့လိုအပ်နေပါပြီ။ လူသားမျိုးနွယ်ရဲ့ သဘာဝနဲ့ ၎င်းတို့ရဲ့ဆက်လက်ရှင်သန်ရေးကို ခြိမ်းခြောက်နေကြတဲ့ ခက်ထန်မာကျောတဲ့နှလုံးသားတွေကို တရားချပေးနိုင်မယ့်အသံကို ကျွန်ုပ်တို့လိုအပ်နေပါတယ်။ ဒီအသံဟာ လူသားတွေကို အလုံးစုံ ပျက်သုဉ်းခြင်းချောက်ကမ်းပါးနဲ့ဝေးရာဆီ ပြန်ခေါ်ဆောင်ပေးနိုင်မယ့်အသံမျိုးဖြစ်ရပါမယ်။
ပုပ်ရဟန်းမင်းကြီးအသစ်သည် ကက်သလစ်ခရစ်ယာန်တွေရဲ့ယုံကြည်ခြင်းကို ပိုမိုရင့်ကျက်ခိုင်မာလာအောင်ပြု စုပျိုးထောင်ပေးမှာဖြစ်သလို အသင်းတော်ကိုလည်း ယေဇူးဘုရားနဲ့ ပိုမိုပေါင်းစပ်နိုင်အောင်၊ ကမ္ဘာပေါ် မှာ သုံးပါးတစ်ဆူဘုရားရှင်ရဲ့ မေတ္တာတော်ပွားများလာအောင် ဦးဆောင်ပါလိမ့်မယ်။ ယနေ့အချိန်မှာ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာတရားရုံးတွေနဲ့ လူသားချင်းစာနာပံ့ပိုးရေးသဘောတူညီချက်တွေကို ပြန်လည်ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်ကြရပါမယ်။ ဒါသည် ခရစ်တော်ဘုရားရှင် လောကကို ဆင်းကြွလာခြင်းရဲ့ အနှစ်သာရလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်ပိုင်းအရ တိုက်တွန်းနိုင်မယ့်ဩဇာနဲ့ ပြည့်ဝတဲ့အသံမရှိရင် ဒါတွေဟာ ထိရောက်မှုမရှိနိုင်ပါ ဘူး။
လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘာသာတရားပေါင်းစုံက အတူလက်တွဲလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ သတ်ဖြတ်ခြင်းထက်၊ ကယ်တင်ခြင်းကို ဦးစားပေးလုပ်ဆောင်ကြရမှာဖြစ်သလို စိတ်ပျက်အားငယ်သူတွေကိုလည်း မျှော်လင့်ချက်တွေယူဆောင်ပေးကြရပါမယ်။ လက်ရှိကမ္ဘာကြီးသည် မျှော်လင့် ချက်သစ်ဆောင်ကြဉ်းပေးမယ့်သူကို လိုအပ်နေပါပြီ။
ပုပ်ရဟန်းမင်းသစ်ဟာ မျှော်လင့်ခြင်းအသစ်တွေကို ဆောင်ကြဉ်းပေးသူဖြစ်ရပါမယ်။
ပုပ်ရဟန်းမင်းသစ်ဟာ ငြိမ်းချမ်းရေးရဲ့မီးရှူးတန်ဆောင်ဖြစ်ပါစေ။