မရိုးသားတဲ့ ကုလားအုပ်ပိုင်ရှင်
တစ်ခါတုန်းက ကုန်သည်တစ်ဦးမှာ သန်မာလှပတဲ့ မြင်းတစ်ကောင်ရှိတယ်။ အဲဒီမြင်းဟာ တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်အောင်သွားလာနိုင်တာမို့ ပိုင်ရှင်ကုန်သည်က အလွန်မြတ်နိုးတယ်လို့ ဆိုတယ်။
အဲဒီအဖိုးတန်မြင်းကို ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားတဲ့ ကုန်သည်တစ်ဦးက အလွန်သဘောကျနေတယ်။ တစ်နေ့မှာ ကုလားအုတ်ပိုင်ရှင်က မြင်းပိုင်ရှင်ကို ကုလားအုတ်နဲ့ မြင်း လဲလှယ်ရအောင်ဆိုပြီး စကားကမ်းလှမ်းပါတယ်။
မြင်းပိုင်ရှင်က ငြင်းဆန်တယ်။ ကုလားအုတ်ပိုင်ရှင်က သူ့မှာရှိသမျှ စည်းစိမ်နဲ့လဲမယ်လို့ တောင်းဆိုပြန်တယ်။ မြင်းပိုင်ရှင်က ဒီမြင်းဟာ ကျွန်တော့်ဘဝအတွက် အကောင်းဆုံးအဖော်မွန်၊ ကျွန်တော် အသက်ရှင်နေသရွေ့ ဒီမြင်းကို ဘယ်လိုအရာမျိုးတွေနဲ့မှ မလဲနိုင်ဘူးလို့ ငြင်းဆိုလိုက်တယ်။
ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်နေတာကြောင့် မြင်းကို ပိုင်ဆိုင်ရနိုင်ဖို့ အမျိုးမျိုး အကြံထုတ်နေတယ်။ တစ်နေ့မှာ ကုလားအုတ်ပိုင်ရှင်ဟာ အဝတ်အစားအစုတ်အပြတ်ကို ဝတ်ဆင်ပြီး မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာမှာ ဖျားနာချင်ယောင်ဆောင်ပြီး လဲလှောင်းနေခဲ့တယ်။
မြင်းပိုင်ရှင်က လဲနေတဲ့သူ့ကို တွေ့တဲ့အခါ မြင်းပေါ်က အလျင်အမြန်ဆင်းပြီး ဖျားနာနေသူကို မြင်းပေါ်ပွေ့တင်လိုက်တယ်။ ဟန်ဆောင်လဲနေတဲ့ ကုလားအုတ်ပိုင်ရှင်ဟာ မြင်းပေါ်ရောက်တာနဲ့ လူကောင်းပကတိလိုဖြစ်သွားပြီး မြင်းပိုင်ရှင်ကို မြင်းပေါ်ကတွန်းချလိုက်ပြီး
“ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုးထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျားလက်မခံခဲ့ဘူး။ အခု ကျွန်တော် မြင်းပေါ်ရောက်နေပြီ။ ဒီမြင်းကို ကျွန်တော်ပိုင်သွားပြီ”လို့ ပြောလိုက်တယ်။
မြင်းပိုင်ရှင်က –
“ကောင်းပြီလေ။ မြင်းကို ခင်ဗျားပိုင်သွားပါပြီ။ ဒါပေမယ့် ခင်ဗျား ထွက်မသွားခင် ကျွန်တော် စကားတစ်ခွန်းပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျားသေချာမှတ်ထားပါ။ မြင်းကို ကျွန်တော်ပိုင်ပြီလို့ တစ်ခွန်းမကဘူး ခင်ဗျားကြိုက်သလောက် ပြောလို့ရပါတယ်။ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျား ဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့။ ဒီစကားကို မှတ်ထားပေးပါ။”
အဲသလိုပြောတော့ ကုလားအုတ်ပိုင်ရှင်က နားမလည်စွာနဲ့ ပြန်မေးတယ်။ ဘာဖြစ်လို့လဲပေါ့… ။
မြင်းပိုင်ရှင်က –
“ဒီမြင်းကို ဘယ်လိုရလဲဆိုတဲ့အကြောင်း ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားနာလို့ လဲနေတဲ့ လူတွေ့ရင် ဘယ်သူက ကယ်ရဲတော့မှာလဲ။ အဲဒါကြောင့် ခင်ဗျား ဖျားဟန်ဆောင်ပြီး လိမ်လည်ရယူခဲ့ကြောင်း ဘယ်တော့မှ ဘယ်သူ့ကိုမှ မပြောပါနဲ့လို့ ပြောရတာပါ”လို့ ရှင်းပြတယ်။
မြင်းပိုင်ရှင်ရဲ့ ရှင်းပြတဲ့စကားကို ကြားလိုက်ရတဲ့ ကုလားအုတ်ကုန်သည်ဟာ တစ်ခဏ ဆွံ့အသွားတယ်။ အဲဒီနောက် ရှက်ရွံ့အားနာပြီး မြင်းပေါ်က ချက်ချင်းဆင်းပြီး မြင်းပိုင်ရှင်ကို တောင်းပန်ပါတယ်။
“ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့စိတ်က ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့တယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ…” တဲ့။
ရိုးသားမှုဆိုတာ လောဘရမ္မက်ကြောင့် ဘာကြောင့် ညာကြောင့် အချိန်မရွေး ပုံပျက်သွားနိုင်ပါတယ်။ ခဏဖြစ်ဖြစ် ပုံပျက်ခဲ့တာလည်း ကြုံဖူးပါလိမ့်မယ်။ မိမိမရိုးသားလိုက်တာကို မရိုးသားလိုက်မိမှန်း မှန်စွာသိပြီး အလျင်အမြန်ပြုပြင် ရိုးသားမယ်ဆိုရင် ပုံပျက်သွားတဲ့ရိုးသားမှုဟာ ပြန်လည်တည့်မတ်လာပါလိမ့်မယ်။