ပုပ်ဖရန်စစ်၏ ကျန်းမာရေးအခြေအနေ ဗာတီကန်ထုတ်ပြန်။
ဗာတီကန်သတင်းဌာန၏ထုတ်ပြန်အသိပေးချက်အရ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏အဆုပ်နှစ်ဖက်လုံးမှာယောင်နေ၍ ဆက်လက်ပြီးဆေးရုံ၌သာသီတင်းသုံးကာအနီးကပ်စောင့်ရှောက်မှုကိုခံယူရဦးမည်ဖြစ်သည်ဟုဆိုသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ယခုကဲ့သို့ဆေးရုံ၌ရောက်ရှိပြီး ဆေး၀ါးကုသမှုကိုအနီးကပ်ခံယူနေသော်လည်း ပြီးခဲ့သည့်သောကြာနှင့်စနေနေ့က ဂါဇာဒေသမှ သန့်ရှင်းသောအိမ်ထောင်စုသာသနာအုပ်စုရှိဘာသာတူများအား ၄င်းတို့၏ကျောင်းထိုင် အာဂျင်တီးနားနိုင်ငံသား သာသနာပြုဖာသာရ် Gabriel Romanelli နှင့်သူ၏လက်ထောက်အီဂျစ်နိုင်ငံသားဖာသာရ် Yusuf Asad တို့မှတဆင့်ဖုန်းလိုင်းမှတဆင့်စကားပြော၍အားပေးခဲ့သည်။
ရဟန်းမင်းကြီးသည် ဂါဇာဒေသ၌စစ်ဖြစ်ပွားလျှက်ရှိသော (၁၅) လကြာကာ လအတွင်း အဆိုပါကျောင်းထိုင်များနှင့်မကြာခဏဖုန်းခေါ်ဆို၍စကားပြောဆိုအားပေးသကဲ့သို့ မြေပြင်အ ခြေအနေကိုလည်းမေးမြန်းလေ့ရှိသည်။ ၄င်းတို့အားရဟန်းမင်းကြီးဖုန်းခေါ်လာစဉ်ကမီးပြတ်နေခဲ့ကြောင်း၊ သို့သော်လည်း မရမကဗွီဒီယိုဖုန်းခေါ်ဆိုမှုဖြင့်အခြေအနေကိုမေးမြန်းခဲ့ကြောင်း၊ ဘာသာတူများနှင့်စကား ပြောဆိုပြီးနောက် ကောင်းချီးပေးပြီး၊ အားပေးခဲ့ကြောင်း၊ သူနှင့်စကားပြောဆိုရာ၌ သူသည်လွန်စွာမောဟိုက် နေသည့်အသံကိုကြားရကြောင်း၊ ရဟန်းမင်းကြီးသည် ဘာသာတူများ၏စကားများကိုဂရုတစိုက်နားထောင်ခဲ့ကြောင်း၊ ထို့နောက်ရဟန်းမင်းကြီးကိုယ်တိုင်ကလည်းကျန်းမာရေးဂရုစိုက်နေရကြောင်းကို မိန့်ကြားခဲ့ကြောင်း၊ သို့သော် သူ၏အသံကိုဘာသာတူများကြားနိုင်သေးကြောင်းဖြင့် ဖာသာရ် Romanelli ကဗာတီကန်သတင်းဌာနအားပြောကြားခဲ့သည်။
တနင်္ဂနွေနေ့ညကလည်း ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏လက်ကိုင်ဖုန်းသို့စာတိုရေးပို့ပြီး ဘာသာတူများ၏ ဆုတောင်းပေးမှုများအတွက်ကျေးဇူးတင်ကြောင်း၊ ထို့အတူရဟန်းမင်းကြီးလည်းပြန်လည်ဆုတောင်းပေးမည်ဖြစ်ကြောင်းရေးသားပေးပို့လာသည်ဟု ဖာသာရ် Gabriel ကပြောပြခဲ့သည်။ ဖာသာရ် Romanelli မှလည်းရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန်ဆုတောင်းပေး၍ ယေဇူးသခင်စိန့်ပီတာမှတဆင့်ပေးအပ်ခဲ့သောအမှုတော်ကိုဆက်လက်ထမ်းဆောင်နိုင်ပါစေဟု ဆုတောင်းပေးခဲ့ကြောင်း ကို ပြောကြားခဲ့သည်။
အာဗီအေဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်