နှစ်သစ်မင်္ဂလာ
လွန်ခဲ့တဲ့ ၃၆၅ ရက်တာ ကာလက ဉာဏတို့တွေရဲ့ခရီးလမ်းဟာ အမျိုးမျိုးသော အတွေ့အကြုံတွေနဲ့ ပြည့်နှက်နေပါတယ်။ အောင်မြင်မှုတွေရှိသလို ကျရှုံးမှုတွေလည်း ရှိခဲ့မှာပါ။ ရယ်မောပျော်ရွှင်ရတဲ့ အချိန်တွေရှိသလို မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့မှာပါ။ ဒါတွေအားလုံးဟာ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ဖြစ်ခဲ့ပါတယ်။
နှစ်ဟောင်းကုန်ဆုံးချိန်မှာ ပြန်လည်သုံးသပ်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။
ဘယ်သူ့ကို ခွင့်လွှတ်ပေးဖို့ ကျန်နေသလဲ။
ဘယ်သူ့ကို ကျေးဇူးတင်စကား ပြောဖို့ မေ့နေခဲ့သလဲ။
ဘယ်သူ့ကို တောင်းပန်စကား ပြောဖို့ ရှိနေသလဲ။
ဘယ်လိုအရာတွေက ကိုယ့်အတွက် အဟန့်အတားဖြစ်နေသလဲ။
နှစ်ဟောင်းက ဘာတွေ လုပ်ဖြစ်ခဲ့သလဲ။
ဘာတွေ ရရှိခဲ့သလဲ..။ ဘယ်အရာတွေက အောင်မြင်ခဲ့ပြီး.. ဘယ်အရာတွေက ရှုံးနိမ့်ခဲ့သလဲ စသည်ဖြင့် အကုန်ပြန်လည်သုံးသပ်ကြည့်ရင်း တွက်ချက်ရတဲ့အချိန်ပါ။
နှစ်သစ်ကူးဆိုတာ စာရင်းရှင်းတမ်းတစ်ခုလို ဖြစ်ပါတယ်။ နှစ်ဟောင်းရှင်းတမ်းအနေနဲ့ လုပ်သင့်တာတွေကိုလုပ်ဆောင်ခဲ့ပြီး နှစ်သစ်ထဲကို ရှင်းလင်းတဲ့စိတ်နဲ့ ချဥ်းနင်းဝင်ရောက်သင့်ပါတယ်။
နှလုံးသားထဲက အနာတရတွေကို ဆေးကြောပစ်လိုက်ပါ။ စိတ်ထဲက အမုန်းတရားတွေ၊ နာကြည်းမှုတွေကို ဖယ်ရှားပစ်လိုက်ပါ။ လွတ်လွတ်လပ်လပ် အသက်ရှူနိုင်ဖို့အတွက် အတိတ်က ဝန်ထုပ်ဝန်ပိုးတွေကို ချထားခဲ့လိုက်ပါ။
နှစ်သစ်မှာ ဆောင်ရန်၊ ရှောင်ရန်တွေကို ချရေးကြတာ ထုံးစံလို ဖြစ်နေပါပြီ။ ဒါပေမယ့် New Year Resolution တွေဟာ January Resolution လောက်ပဲ ဖြစ်နေတတ်ပါတယ်။ တစ်နှစ်လုံး ဆက်လက်ထိန်းသိမ်းနိုင်ဖို့က ခက်ခဲပါတယ်။ ဒါကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေထက် သေးငယ်ပေမယ့် ရရှိနိုင်မယ့် ပန်းတိုင်လေးတွေကနေ စသင့်ပါတယ်။
နေ့စဉ်နဲ့အမျှ ကျေးဇူးတရားကို သိတတ်လာဖို့၊ ပိုပြီး ကိုယ်ချင်းစာတတ်လာဖို့၊ ပိုပိုပြီး နားထောင်တတ်လာဖို့၊ ပိုပိုပြီး ခွင့်လွှတ်တတ်လာဖို့၊ ပိုပိုပြီး ညင်သာသိမ်မွေ့လာဖို့၊ ပိုပိုပြီး သည်းခံခွင့်လွှတ်တတ်လာဖို့၊ ပိုပိုပြီး ချစ်နိုင်ကြဖို့ စတဲ့ သိမ်မွေ့တဲ့ ပြောင်းလဲမှုလေးတွေက အရေးကြီးပါတယ်။
ကိုယ်နဲ့ သိတဲ့သူတွေအပြင်၊ ကိုယ်နဲ့မသိတဲ့သူတွေကိုပါ ကောင်းကျိုးပြုတတ်လာဖို့၊ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေထက် ကိုယ်ဖြစ်နေတဲ့ လူသားတစ်ယောက်ရဲ့ အရည်အသွေးတွေကို ပိုဂရုစိုက်တတ်လာဖို့၊ နှစ်သစ်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေထက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဦးစားပေးတတ်လာဖို့ လိုအပ်ပါတယ်။
အပြောင်းအလဲတွေကြားမှာ တစ်ချို့အရာတွေက အတိတ်နဲ့အတူ ချန်ထားခဲ့သင့်ပါတယ်။ ခဲယဉ်းတဲ့ ဆက်ဆံရေးတွေ၊ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ၊ စိတ်ဓာတ်ကျစေတဲ့ အတွေးတွေ၊ ဝမ်းနည်းခဲ့ရခြင်းတွေ၊ ပျော်ရွှင်မှုကို တားဆီးနေတဲ့ အရာအားလုံး… ။
နှစ်သစ်ဆိုတာ အချိန်အပိုင်းအခြား သတ်မှတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။ တကယ်က ဉာဏတို့တွေဟာ သာမန်နေ့တိုင်းမှာတောင် ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်ပါတယ်။ နေ့ရက်တိုင်းမှာ အသစ်တစ်ဖန် ပြန်လည်စတင်နိုင်ပါတယ်။ အရေးကြီးတာက စိတ်ပိုင်းဖြတ်မှု၊ တစိုက်မတ်မတ် လုပ်ဆောင်မှု ရှိဖို့ပဲ ဖြစ်ပါတယ်။
စာဖတ်သူတွေအားလုံးပဲ နှစ်သစ်မှာ ပိုပြီးပျော်ရွှင်ကြပါစေ..၊ အိပ်မက်တွေ အကောင်အထည်ပေါ်ကြပါစေ..၊ အောင်မြင်မှုတွေ ရရှိကြပါစေ..၊ ကြိုးစားမှုတွေ အရာထင်ကြပါစေ..၊ ဆုတောင်းမျှော်လင့်တဲ့အရာတွေ ဖြစ်မြောက်ကြပါစေ..၊ နှစ်သစ်ထဲမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။