သစ်ပင်လိုနေပါ
သစ်ပင်တပင်မှာ ငှက်ကလေးတွေ လာနားမယ်။ သူတို့တွေ အပင်ရဲ့ အသီး၊ အရွက်၊ အပွင့်တွေကို ဆွတ်ယူ စားသောက် ကြမယ်၊ ပျော်ရွှင်စွာ တေးသီချင်း သီကျူးကြမယ်။ ပြီးတော့ သူတို့တွေ ပြန်ထွက်သွားမယ်။ နောက်ထပ်ငှက်လေးတွေ ထပ်ရောက်လာမယ်။ ပြီးတော့ ရှေ့ကငှက်ကလေးတွေလိုပဲ ပြန်ထွက်သွားကြမယ်။ သစ်ပင်ကြီးကတော့ ဒီနေရာမှာပဲ တည်ငြိမ်စွာ ရှင်သန်ရင်း ကျန်ခဲ့မယ်။
ကျနော် လုပ်ငန်းခွင်မှာ လူတွေအများကြီးနဲ့ အလုပ်လုပ် လာတဲ့အခါ “သစ်ပင်လိုနေပါ” ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို လေးလေးနက်နက် နားလည်သဘောပေါက်လာတယ်။ အဲဒီအတိုင်းလည်း ခံယူ ကျင့်သုံးတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ အင်္ဂလိပ် ကဗျာထဲက “man may come and man may go but I go on forever” “လူတွေရောက်လာမယ် ပြီးတော့ ပြန်ထွက်သွားမယ်၊ ဒါပေမဲ့ ငါကတော့ ထာဝရ စီးဆင်းမြဲပါ” ဆိုတဲ့ စမ်းချောင်းလေးတစ်ခုရဲ့ ကဗျာလေးလိုပေါ့။
နယ်ပယ်တခု ဒါမှမဟုတ် လုပ်ငန်းတခုမှာ ရေရှည်အောင်မြင်မှုကို တည်ဆောက်ချင်တယ်ဆိုရင် သစ်ပင်လိုနေထိုင်ပါ။ ဘယ်သူတွေ ဝင်လာလာ၊ ဘယ်သူတွေ ထွက်သွားသွား လိုက်ပါ စီးမျော ခံစားမနေပါနဲ့။ ကိုယ်လုပ်ရမယ့်အလုပ်ကိုသာ အာရုံစိုက်ပါ။
*သစ်ပင်ကြီးလို ခိုင်မြဲတဲ့ အမြစ်တွေနဲ့ မြဲမြဲမြံမြံ ဆုပ်ကိုင်ပြီး စမ်းချောင်းလေးလို ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို စဥ်ဆက်မပြတ် ဆက်လက်လျှောက်လှမ်းနေပါ