ကျွမ်းကျင်မှုနယ်ပယ်
ဒီတိုင်းပြည်ကို ဘယ်လိုစီမံကွပ်ကဲရမယ်ဆိုတာ သိတဲ့ လူအားလုံးက တက္ကစီမောင်း၊ ဆံပင်ညှပ်နဲ့ အလုပ်ရှုပ်နေကြတာ တော်တော် ဆိုးသဗျာ့။
အမေရိကန်လူရွှင်တော်ကြီး ဂျော့ဂျ် ဘန်းစ် (၁၈၉၆ – ၁၉၉၆) ပြောခဲ့တဲ့ သရော်စကားတစ်ခွန်းပါ။
ဘန်းစ်က စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။
အသက် ၁၀၀ အရွယ်ရောက်မှ လူ့လောကကို စွန့်ခွာသွားခဲ့တဲ့ ဘန်းစ်ဟာ
သူ ကျင်လည်ခဲ့ရတဲ့ အနုပညာလောက (စာပေ၊ ရုပ်ရှင်၊ ဂီတ) ထဲ ထိတွေ့ပတ်သက်ခဲ့တဲ့ ‘ ပါလေရာလေအိုး ‘ တွေကို မြင်ပြင်းကတ်စိတ်နဲ့ သရော်ခဲ့ပုံရတယ်။
ဒီဘက်ခေတ် ဆိုရှယ်မီဒီယာလောကကို မမီလိုက်လို့ အငှားယာဥ်မောင်းတွေနဲ့ ဆံပင်ညှပ်ဆရာတွေကိုသာ ယေဘုယျပြု သုံးနှုန်းခဲ့တာဖြစ်မယ်လို့ ကျွန်တော် တွေးမိတယ်။
ခု ဆိုရှယ်မီဒီယာခေတ်ကျ ‘ ဝေဖန်တိကပြုလွန်းသူ ‘ တွေ ပိုမိုပေါများလာပြီ။
မန့်လိုက်မဟေ့၊ ဆဲလိုက်မဟေ့၊ အကြံပေးလိုက်မဟေ့နဲ့
” မောင်လေးရေ မောင်လေး၊ တမာရွက်ပြုတ် စားပေးရတယ် ” ဆိုတဲ့ ‘ တွေးမြီးတို ‘ လူသားတွေ နည်းမှမနည်းလှပဲ။ (ပါလေရာ ဆေးမြီးတိုဆရာတွေလိုပဲ၊
တွေးမြီးတိုဆရာတွေဟာလည်း နီးစပ်ရာ တွေ့ရာကို တွဲစပ်တတ်ကြတယ်။
လက်တွေ့ အသုံးဝင်တဲ့အခါလည်း ရှိသပေါ့။ ဒီစာထဲ ပါလေရာ ဆေးမြီးတိုဆရာတွေဆိုတာဟာ ဆေးမြီးတိုတွေကို အမှန်အကန် အသုံးချတတ်တဲ့ ဆေးပညာရှင်တွေကို မဆိုလိုပါ။)
ကားငှားစီးရင် သွားလိုတဲ့နေရာရောက်တဲ့အထိ နိုင်ငံရေးတရားနာရတာ ရှိတယ်။
ဘာသာရေးအစွန်းရောက်တွေရဲ့ ဘာသာရေးတရား နာရတာတွေ ရှိတယ်။ အဲဒီလိုပဲ၊ ဆံပင်ညှပ်ဆရာတွေရဲ့တရားစုံကိုလည်း နာခဲ့ရတာတွေ ရှိတယ်။
အားနာရင် အားနာသလောက် လှိမ့်ခံရတယ်။ သူတို့တင်လားဆိုတော့ ဘယ်ဟုတ်မလဲ။
ဆိုက်ကားဆရာ၊ အရက်သမား၊ ဖဲသမား၊ စျေးသည်၊ ဆရာဝန် စသဖြင့် နယ်ပယ်တစ်ခု ဒါမှမဟုတ်
တစ်ခုထက် ပိုတဲ့နယ်ပယ်မှာ အသက်မွေးဝမ်းကျောင်းပြုနေသူတွေ ဟောတဲ့ နိုင်ငံရေးတရားတွေ မနည်းလှဘူး။
သူတို့က ပိုက်ဆံမယူဘဲ အခမဲ့ ဟောကြတာ များတယ်။
(နိုင်ငံ ဘယ်နှခုကို ဦးဆောင်ဦးရွက်ပြုခဲ့ဖူးသလဲ၊ ဘယ်နေရာက ဘာတွေ စွမ်းဆောင်ပေးခဲ့ဖူးသလဲလို့တော့ သွားမမေးမိစေနဲ့။)
ထိုနည်းတူစွာ ဘာသာရေးတရားဟောသူတွေလည်း အခမဲ့ပဲ ဟောကြတာ။ (နိဗ္ဗာန်ကို ဘယ်နှကြိမ်ထိ အသွားအပြန် လုပ်ခဲ့ဖူးသလဲလို့ သွားမမေးမိစေနဲ့။)
ဒီလိုပြောလို့ စကားထောက်လာနိုင်တာ ရှိမယ်။ နိုင်ငံရေးသမားမှ နိုင်ငံရေးစကား ပြောရမလား၊ ဘာသာရေးသမားမှ ဘာသာရေးစကား ပြောရလေမလားပေါ့။
ဘယ်ဟုတ်မလဲ၊ ဘယ်သူမဆို ပြောလို့ရတဲ့၊ ဆွေးနွေးလို့ ရတဲ့ ကိစ္စတွေပဲ။
ဘယ်သူ ပြောပြော၊ ပြောခွင့် ရှိတာပဲ။
ဘန်းစ်ရဲ့စကားကလည်း နိုင်ငံရေးအကြောင်း ဝေဖန်လေကန်နေပြီး ကိုယ်ဝေဖန်လေကန်နေတဲ့ အရေးကိစ္စမှာ အရာရောက်အောင် ဝင်မလုပ်ကြသူတွေကိုသာ သရော်တာ။
ကားသမားနဲ့ ဆံပင်ညှပ်ဆရာမှမဟုတ်၊ မိတ်ဆွေရော ကျွန်တော်ပါ ပါနိုင်တယ်။ သန့်ခနဲဆို ဝင်ပြောလိုက်မဟေ့၊ အကြံပေးလိုက်မဟေ့ဆိုတဲ့လူတွေကို သူ ဆိုလိုတာ။
ကိုယ် ကျွမ်းကျင်နှံ့စပ်တဲ့နယ်ပယ်မဟုတ်လည်း ဝင်အာတတ်သူတွေကို ဆိုလိုတာ။
ကျွန်တော်တို့ရဲ့နေ့စဥ် လူနေမှုဘဝဟာ နိုင်ငံရေးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်မြဲပတ်သက်နေပေမယ့်
နိုင်ငံရေးအကြောင်းကို ဆွေးနွေးဖို့ကျ အတိုင်းအဆတစ်ခုအထိ နိုင်ငံရေးလေ့လာဖူးသူဖြစ်ဖို့ လိုတယ်။
ကိုယ့်သိမြင်မှုကို ပြောဆိုတဲ့အခါမှာလည်း ဘယ်အထိပဲ ပြောသင့်တယ်ဆိုတဲ့ အတိုင်းအဆကို သိဖို့ လိုတယ်။
လူမှုအဖွဲ့အစည်းမှာ ကိုယ်က ဘယ်နယ်ပယ်ကနေ ပါဝင်နေတယ်ဆိုတာ သတိချပ်ဖို့လည်း လိုတာပဲ။
နေရာတကာ ပါလေရာလုပ်ပြီး ဝင်ရောက်ပြောဆိုနေတာမျိုးက မသင့်တော်ဘူး။
ဘယ်အရေးအရာမှာ ဝင်ပြောပြီး ဘယ်အရေးအရာမှာ နှုတ်ဆိတ်နေသင့်တယ်ဆိုတာကို ကျွန်တော်တို့ သိထားရမယ်။
စကားပြောတာဟာ အတတ်ပညာတစ်ခုဖြစ်သလို ဆိတ်ဆိတ်နေတာဟာလည်း အတတ်ပညာတစ်ခုပဲ။
ကိုယ် မကျွမ်းကျင်တဲ့ အရေးအရာမှာ ဝင်မပြောဘဲ နှုတ်ဆိတ်ပေးတာဟာ ဆူညံသံကို လျှော့ချပေးရာရောက်ပါတယ်။
ကျွမ်းကျင်သူတွေ ပြောဆိုနေတာကို တခြားလူတွေ ပိုမိုနာကြားနိုင်အောင် ကူညီပေးတာလည်း မည်ပါတယ်။