လူငယ်အရွယ်မှာလုပ်ကိုလုပ်ထားသင့်တဲ့အရာများ
ပျော်ရွှင်ရတဲ့ကလေးဘဝ ၊ ရင်ခုန်ရတဲ့ ဆယ်ကျော်သက်အရွယ်တွေ ကျော်လွန်ပြီဆိုတာနဲ့ တကယ့်လက်တွေ့ကို စတင်ရင်ဆိုင်ကြရတော့မှာဖြစ်ပါတယ် ။
အသက်အရွယ်အပိုင်းအခြားအနေနဲ့ပြောရရင်တော့ အသက် ၂၀ ကျော်လာတဲ့အရွယ်ပေါ ။
ကလေးလည်းမဟုတ် ၊ လူကြီးလည်းမဟုတ်တဲ့ လူငယ်အရွယ်မှာ လုပ်ကို လုပ်ထားသင့်တဲ့အရာလေးတွေရှိပါတယ် ။
ဒီအရာလေးကိုသာ မလုပ်ထားမိဘူးဆိုရင် အသက်အရွယ်ကြီးလာလေလေ ကိုယ်လျှောက်ရမယ့် လမ်းက ခက်ခဲလေလေဖြစ်လာတော့မှာပေါ့ ။
ဒါဆိုရင် အသက် ၂၀ကျော်တာနဲ့ ဘာတွေလုပ်ထားသင့်တယ်ဆိုတာကို ကြည့်လိုက်ကြရအောင်
အသက် ၂၀ကျော်ပြီဆိုတာနဲ့ ကိုယ်ရှေ့ဆက်ပြီးလုပ်ချင်တဲ့ career လမ်းကြောင်းတစ်ခုကို စတင်ရွေးချယ်ဖို့ လိုလာပါပြီ ။
ကလေးဘဝတုန်းက ရှိခဲ့တဲ့ ဝါသနာနဲ့ပဲ အသက်မွေးဝမ်းကြောင်းလုပ်မလား ၊ career ကိုတော့ လမ်းကြောင်းအသစ်ဖောက်ချင်တာလား စတာမျိုးတွေကို စပြီး စဥ်းစားရတော့မှာပါ ။
Career ရယ်လို့ တိတိကျကျ မဆုံးဖြတ်နိုင်သေးရင်တောင် လုပ်ချင်တဲ့အလုပ်မျိုးတွေကို လိုက်ရှာပြီး လုပ်ကြည့်တာမျိုး စပြီး လုပ်သင့်တဲ့အချိန်ဖြစ်ပါတယ် ။
အရာရာကို professional ဆန်ဆန် စတင်လေ့လာသင့်ပါတယ် ။
ငယ်ငယ်တုန်းကလို ဝါသနာအရ လုပ်တာမျိုးတွေထက် ဒီအရာက ငါ့အတွက် အထောက်အကူဖြစ်နိုင်လား ၊
ငါ့အတွက် အမြတ်ရောကျန်နိုင်လားဆိုတာမျိုးတွေ တွေးပြီး pro တစ်ယောက်ဖြစ်တဲ့အထိ လေ့လာသင့်တဲ့အချိန်ပါ ။
အသက် ၂၀ကျော်မှာ ခြေလှမ်းတွေ စတင်ထားမှသာ ကိုယ် လူလတ်ပိုင်း လူကြီးပိုင်းရောက်လာတဲ့အခါ အာမခံချက်ရှိတဲ့ နေရာတစ်ခု ရရှိလာမှာဖြစ်ပါတယ် ။
၂၀ကျော်အသက်အရွယ်က အလုပ်အတွေ့အကြုံတွေ စတင်ရယူထားဖို့ အချိန်ကောင်းပါပဲ ။
အလုပ်ခေါ်စာတွေမှာ ပါနေကျ အလုပ်အတွေ့အကြုံရှိရမယ်ဆိုတဲ့ စာကြောင်းကြောင့် စိတ်ညစ်နေရတဲ့ လုပ်ငန်းခွင်ဝင်လူငယ်တွေ ဒုနဲ့ဒေးပါ ။
ဒါကြောင့် ကိုယ်က လုပ်ငန်းခွင်ထဲ အတည်တကျမဝင်ခင် ပညာသင်ယူဆဲကာလမှာကတည်းက နည်းနည်းလေး အပင်ပန်းခံပြီး အလုပ်အတွေ့အကြုံတွေကို ဖြည်းဖြည်းချင်းယူထားသင့်ပါတယ် ။
ဒီလိုဆို ကိုယ် အလုပ်အတည်တကျဝင်ရမယ့်အရွယ်ရောက်တဲ့အခါ အတွေ့အကြုံဆိုတာကြောင့် ခေါင်းမကိုက်ရတော့ဘူးပေါ့ ။ အသက် ၂၀ဆိုတာ လူငယ်ဘဝကို စတင်တဲ့အရွယ်ပါ ။
ဒီလိုအရွယ်မှာကတည်းက အကျင့်လုပ်ထားသင့်တဲ့ကိစ္စတစ်ခုကတော့ ငွေကြေးစုဆောင်းခြင်းပါပဲ ။ လူငယ်ဆိုတာ အပျော်အပါးမက်ပြီး သုံးချင် ဖြုန်းချင်ကြပါတယ် ။
ဒီအကျင့်က အရိုးစွဲသွားတဲ့အခါ အသက်ကြီးလာရင် ဒုက္ခရောက်တတ်ပါတယ် ။
လုပ်ငန်းတစ်ခု စပါမယ်ဆိုကာမှ ကိုယ့်လက်ထဲ ငွေမရှိလို့ မစရဘူးဆိုတာ မစုဆောင်းထားခဲ့ခြင်းရဲ့ အကျိုးဆက်ပါ ။
ဒါကြောင့် ကိုယ့်ရဲ့မုန့်ဖိုး ၊ လစာထဲက ပမာဏတစ်ခုကို သတ်သတ်မှတ်မှတိ စုထားတာမျိုး လုပ်သင့်နေပါပြီ ။
ဒီအရွယ်မှာ ကျန်းမာရေးကို စတင်ပြီး လိုက်စားရပါတော့မယ် ။
လူငယ်အများစုက ငယ်ရွယ်တယ် ၊ ကျန်းမာတယ်ဆိုရင် ကျန်းမာရေး လိုက်စားစရာမလိုဘူးလို့ အထင်မှားနေတတ်ကြပါတယ် ။
တကယ်က လူငယ်ဘဝဆိုတာ အရာအားလုံးရဲ့ တာထွက် စမှတ်ပါ ။ ရှေ့ဆက်ပြီး ခရီးအရှည်ကြီးလျှောက်ဖို့ ကျန်သေးတာမို့ ကျန်းမာနေမှဖြစ်ပါလိမ့်မယ် ။
လူငယ်ဘဝမှာ ကျန်းမာရေးကို ဂရုမစိုက်ဘဲ နေခဲ့မယ်ဆိုရင် အေးအေးဆေးဆေးအနားယူရမယ့် လူကြီးဘဝမှာ ရောဂါဝေဒနာတွေနဲ့ နပန်းလုံးနေရမှာပေါ့ ။
နောက်ပြီး လူငယ်ဘဝမှာ အဓိက ရင်ဆိုင်တိုက်ခိုက်ရတာကတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေပါ ။ ပတ်ဝန်းကျင်ရဲ့ဖိအားတွေ ၊ နှိုင်းယှဥ်ခံရမှုတွေ ၊
လူတစ်ဦးနဲ့တစ်ဦးရဲ့ မတူညီတဲ့နောက်ခံတွေကြောင့် လူငယ်တွေဟာ depression ဝင်လာတတ်ကြပါတယ် ။ လူမှုရေးအဆင်မပြေမှု ၊ အချစ်ရေးအဆင်မပြေမှု ၊
မိသားစုနဲ့အဆင်မပြေမှု စတာတွေကလည်း လူငယ်တွေရဲ့ စိတ်ကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေပါ ။
စိတ်ကျန်းမာရေးထိခိုက်လာရင် အောင်မြင်မှုလမ်းကြောင်း နှောင့်နှေးနိုင်တဲ့အတွက် အသက် ၂၀ကျော်လာပြီဆိုတာနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သင့်ပါပြီ ။
အသက် ၂၀အရွယ်မှာ ကောင်းတဲ့အကျင့်တွေကိုလည်း စတင် မွေးမြူဖို့ သင့်ပါတယ် ။
မနက်စောစောထပြီး လမ်းလျှောက်တာလို အကျင့်သေးသေးလေးတွေကနေစပြီး ဘဝအောင်မြင်တိုးတက်ရေးအတွက် အကျင့်ကောင်းတွေ ဖန်တီးရပါမယ် ။
အားလပ်ချိန်မှာ လေလွင့်မနေဘဲ စာဖတ်နေတာမျိုး ၊ တစ်ခုခုကို လေ့လာသင်ယူနေတာမျိုးတွေက အကျင့်ကောင်းတွေပါပဲ ။
လူငယ်ဘဝကို ရောက်လာပြီဆိုတာနဲ့ အချိန်ကို ရွှေလိုသဘောထားသင့်ပါတယ် ။
ကုန်ဆုံးနေတဲ့ အချိန်ရဲ့တန်ဖိုးကို သဘောပေါက်နားလည်ရမှာဖြစ်ပြီး အချိန်ကို အကျိုးရှိရှိအသုံးချတတ်ဖို့ လိုလာပါပြီ ။
အချိန်နှင့် ဒီရေသည် လူကိုမစောင့် ဆိုသလို လူငယ်ဘဝမှာ အချိန်ဖြုန်းမိခဲ့မယ်ဆိုရင် အသက်အရွယ်တစ်ခုမှာ အောင်မြင်ဖို့အခွင့်အလမ်း အတော့်ကို နည်းသွားမယ်ဆိုတာ မှတ်ထားသင့်ပါတယ်နော် ။
အပြောင်းအလဲလုပ်ဖို့ကို မကြောက်ပါနဲ့ ။ ကိုယ်က တစ်စုံတစ်ခုကို လေ့လာနေရင်းက မကြိုက်တော့လို့ ပြောင်းချင်လာတယ်ဆိုရင် ပြောင်းလဲဖို့ကို တွန့်ဆုတ်မနေပါနဲ့ ။
လူငယ်ဘဝမှာ အရေးအကြီးဆုံးက ရောက်လာတဲ့ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ပါပဲ ။
ကိုယ့်အတွက်မဟုတ်ဘူးလို့ ထင်ရတဲ့ အခွင့်အရေးကို လွှတ်ချပစ်ပြီး ကိုယ့်အတွက်ရောက်လာတဲ့ အခွင့်အရေးတွေကို အမိအရ ဆုပ်ကိုင်သင့်ပါတယ် ။
အပြောင်းအလဲတစ်ခုလုပ်ဖို့ကို ဘယ်တော့မှ မကြောက်ပါနဲ့ ။ နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ အကြွေးမယူတတ်ဖို့ ၊ အကြွေးယူမိရင်လည်း ပြန်ဆပ်တတ်ဖို့ပါ ။
လူတစ်ယောက်အနေနဲ့ဖြစ်လာရင် အကြွေးနဲ့မကင်းနိုင်ဘူးဆိုပေမဲ့ အကြွေးတစ်ပုံတပင်နဲ့ ပြန်မဆပ်နိုင်တာကတော့ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး ။
ငယ်ရွယ်စဥ်ကတည်းက ငွေကို စနစ်တကျစိစစ်သုံးစွဲပြီး သူများအကြွေးတင်မခံတတ်တဲ့စိတ်ရှိမှ နောင်အနာဂတ်မှာ ဂုဏ်သိက္ခာရှိတဲ့သူဖြစ်လာနိုင်မှာပါ ။
ဒါကြောင့် အသက် ၂၀ကျော်အရွယ်ကနေစပြီး ငွေရေးကြေးရေးအရှုပ်အရှင်းကင်းကင်းနေတတ်အောင် ကြိုးစားထားဖို့ လိုပါတယ် ။