စိတ်ပျက်နေပြီလား
လက်ရှိအခြေအနေတွေကို တကယ်ပဲစိတ်ပျက်နေပြီဆိုရင် ဖတ်ကြည့်ပါ
ဘဝမှာပျော်ရွှင်ဖို့၊ အောင်မြင်ဖို့ဆိုရင် ကိုယ်ချစ်တာကိုလုပ်ရမယ်တဲ့။
ဒီစကားက မှန်ပါတယ်။ ဒါပေမယ့် လူတိုင်းက ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါတဲ့အရာကို မလုပ်ကြရပါဘူး။
ဘဝပေး အခြေအနေအရမလုပ်ချင်ပေမယ့် လုပ်ခဲ့ရတာအရာတွေရှိကြတယ်။ မလုပ်ချင်တာကို လုပ်နေရတော့ မပျော်တော့ဘူးပေါ့။
ဒါပေမယ့် “ပျော်ရာမှာမနေ တော်ရာမှာနေရမယ်” ဆိုတဲ့စကားရှိတယ်မလား။
အခုလက်ရှိ သင်လုပ်နေရတဲ့အရာတွေအပေါ် စိတ်ပျက်နေပြီလား။
သင်လုပ်နေရတဲ့ အရာတွေဟာ သင့်ကို စိတ်ညစ်စေသလား။ အလုပ်တစ်ခု ဒါမှမဟုတ် အခြေအနေတစ်ခုဆိုတာ ပြောင်းလဲဖို့ ခက်ခဲတယ်လေ။
လက်ရှိလုပ်နေရတဲ့အလုပ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကနေ ထွက်ပြေးဖို့ ကြိုးစားနေပြီဆိုရင် သင့်ကို အကြံတစ်ခုလောက်ပေးပါရစေ။
ကျွန်တော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ “ပြောင်းပြန်နိယာမ”တဲ့။
ဒီနိယာမကို အသုံးပြုကြည့်လို့ အကျိုးရှိမှန်းသိလာရတယ်။
လက်ရှိအခြေအနေကနေထွက်ပြေးဖို့ မကြိုးစားတော့ပဲ ရင်ဆိုင်လိုက်တယ်။ ဘဝမှာနေရထိုင်ရတာ ပိုပြီးသက်သာလာတယ်။
စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ လျော့ပါးသွားသလို ခံစားရလာတယ်လေ။
ပြောင်းပြန်နိယာမဆိုတာ ဘာကိုပြောတာလဲ။
အထက်မှာပြောခဲ့တဲ့ “ကိုယ်ချစ်တာကို လုပ်ပါ” ဆိုတဲ့စကားကို ပြောင်းပြန်နိယာမနဲ့ နှိုင်းယှဉ်ပြမယ်။
“ကိုယ်ချစ်တာကို လုပ်ပါ”ဆိုတဲ့စကားကနေ “ကိုယ်လုပ်တာကို ချစ်ပါ”ဆိုတဲ့စကားကို ပြောင်းသွားလိမ့်မယ်။ ဒါဟာ ပြောင်းပြန်နိယာမပဲ။
လောကမှာ ကိုယ်လုပ်နေရတဲ့အရာကို ချစ်ရမယ်။ ဒါမှလည်း ဘဝမှာ နေရတာပိုအဆင်ပြေလိမ့်မယ်။
ကိုယ်လုပ်နေရတဲ့အလုပ်ကို ဂရုတစိုက်လုပ်ခြင်း၊ စိတ်ဝင်စားခြင်းတွေက သင့်ဘဝကို ပိုပြီးတိုးတက်စေလိမ့်မယ်။
ဥပမာတစ်ခုပြောပြမယ်။ ကိုယ်မလုပ်ချင်တာကို လုပ်နေရတဲ့လူတစ်ယောက်အကြောင်းပေါ့။ ကိုဇော်လို့ နာမည်
ပေးလိုက်မယ်။ ကိုဇော်က သီချင်းဆို ဝါသနာပါတဲ့ သူတစ်ယောက်။ သူ့မှာ မိန်းမနဲ့ ကလေးကို ရှာကျွေးနေရတယ်။
မိသားစု စားဝတ်နေရေးအတွက် အလုပ် တစ်ခုခုတော့ လုပ်ရတော့မယ်လေ။
သီချင်းဆိုဝါသနာပါပေမယ့် ဆင်းရဲတဲ့သူတစ်ယောက်ဖြစ်နေတာကတစ်ကြောင်း၊ မြေတောင်မြှောက်ပေးမယ့်သူ မရှိတာကြောင့် ဝါသနာကို စွန့်လွှတ်လိုက်ရတယ်။
အသံကလည်း ကောင်းတယ်။ တကယ်လည်း အရူးအမူးပဲ။
ဒါပေမယ့် မိသားစုအရေးက သူ့ဝါသနာထက် ပိုပြီးအရေးကြီးနေတော့ ဝါသနာကို စွန့်ပယ်ပြီး အရောင်းဝန်ထမ်းအလုပ်တစ်ခုကိုလုပ်လိုက်ရတယ်။
ကိုဇော်က ဒီအလုပ်ကိုလုံးဝ ဝါသနာမပါဘူး။ လုံးဝစိတ်မဝင်စားဘူး။ အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်မှန်းသိလို့ ဝင်လုပ်လိုက်ရတာ။
ဒါပေမယ့် ကိုဇော်က ပြောင်းပြန်နိယာမကို အသုံးချလိုက်တယ်။ ဝါသနာ မပါတဲ့ အလုပ်မှန်ပေမယ့် ဒီအလုပ်ဟာသူလုပ်ရမယ့် အလုပ်တစ်ခုဆိုတာ လက်ခံလိုက်တယ်။
ပြီးရင် အလုပ်အပေါ် စိတ်ဝင်စားကြည့်တယ်။ အလုပ်နဲ့ ပတ်သက်တဲ့ အရာတွေကို လေ့လာတယ်။
အရောင်းဝန်ထမ်းတစ်ယောက်အတွက် လိုအပ်တဲ့ လူမှုဆက်ဆံရေး၊ ကုန်ဈေးနှုန်းအကြောင်းတွေ၊ လုပ်ငန်းလည်ပတ်ပုံတွေကို လေ့လာတယ်။
ပြီးရင် လက်တွေ့အသုံးချကြည့်တယ်။
ကိုယ်လုပ်ရတဲ့အရာကို ချစ်ကြည့်လိုက်တဲ့အခါ သူ့ရဲ့တစ်နေ့တာဟာ ပိုပြီး ပျော်စရာကောင်းလာတယ်။
ဈေးဝယ်သူတွေနဲ့ ဆက်ဆံရတာကြောင့် လူတွေနဲ့ပိုပြီးရင်နှီးလာတယ်။ လူတွေရဲ့အကြောင်းတွေကို ပိုပြီး သိလာတယ်။
လူတွေရဲ့ စိတ်ထားတွေ၊ အကျင့်စရိုက်တွေ၊ သူတို့ရဲ့ အခြေအနေတွေကို လက်ခံလာနိုင်တယ်။ ဘဝအသိတွေပိုတိုးလာတယ်။
သင်ခန်းစာတွေလည်း အများကြီးရလိုက်တယ်။
တစ်ချိန်က ခက်ခဲတယ်လို့ ထင်ရတဲ့အလုပ်က တကယ်မခက်ပါလားဆိုတာကို ကိုဇော်တစ်ယောက် ကောင်းကောင်းကြီး သိသွားပါတယ်။
ဒါကြောင့် သင်ဟာ လက်ရှိအခြေအနေတွေကနေထွက်ပြေးချင်နေပြီဆိုရင် ထွက်မပြေးပဲ သတ္တိရှိစွာရင်ဆိုင်လိုက်ပါ။ အကောင်းဆုံးဖြတ်ကျော်လိုက်ပါ။
“ကိုယ်လုပ်နေရတဲ့ အလုပ်ကို တစ်ခါလောက် ချစ်ကြည့်လိုက်ပါ။ စိတ်ဝင်စားကြည့်လိုက်ပါ”
ဘဝမှာ မရင်ဆိုင်လို့မရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးဖို့ မကြိုးစားပဲနဲ့ ပြောင်းပြန်နိယာမကို အသုံးချပြီး ရင်ဆိုင်ကြည့်ပါ။
သင့်ဘဝဟာ ပျော်စရာကောင်းလာပါလိမ့်မယ်